သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီ ထိရောက်စွာကိုင်တွယ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို


ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့ အရေးကို နိုင်ငံတကာက တညီတညွတ်ထဲ တုန့်ပြန်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြန်ဆုံး ထိထိရောက်ရောက် ဖိအားပေး ကိုင်တွယ်ဖို့ တိုက်တွန်းတဲ့ ပန်ကြားလွှာကို Human Rights Watch လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ ကြီးအပါအဝင် NGO အဖွဲ့ပေါင်း ၈၁ ဖွဲ့တို့ပူးတွဲပြီး မနေ့က အင်္ဂါနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့မှာ လုံခြုံရေးကောင်စီကို ပေးပို့ခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှုးချုပ် Jeffery Fletman နဲ့ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆိုင်ရာ အတွင်ရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten တို့က အင်္ဂါနေ့မှာ တင်ပြပြီး အဖွဲ့ဝင် ၁၅ ဦးပါ ကုလလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြမယ့် အချိန်နဲ့ ကိုက်ပြီး လူ့အခွင့်ရေးအဖွဲ့ ၈၁ ဖွဲ့ ကနေ ကုလလုံခြုံရေးကောင်စီကို ပူးတွဲပန်ကြားလွှာ ပေးပို့ခဲ့တာ ဖြစ်ကြောင်း Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ ဒါရိုက်တာ John Sifton က ပြောပါတယ်။

“ မြန်မာနိုင်ငံက အခြေအနေတွေ အထူးသဖြင့် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေဟာ အတော်ကို ဆိုးဝါးနေတဲ့အတွက် ဒီကိစ္စကို The Hague က အပြည်ပြည်ဆိုင်ရာ ခုံရုံးကို တင်ဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အခြေအတင်ဆွေးနွေးကြဖို့ တိုက်တွန်း ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်က ပစ်မှု ကျူးလွန်မှုမှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ ရောင်းချမှုပိတ်ပင်ဖို့ ကိစ္စတွေကိုပါ ဆွေးနွေးကြဖို့ တင်ပြတာပါ။ဒီလိုလုပ်ဖို့ ပြောရင် တရုတ် အပြင် ရုရှားကလည်း ကန့်ကွက် လာနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီက အဲဒီက အခြေနေကို ဆွေးနွေးဖို့ လိုပါတယ်။ ဒါမှ မြန်မာနိုင်ငံက အခြေနေဟာ ဘယ်လောက် ဆိုးဝါးနေတယ် လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ၊ ရာဇဝတ်မှုတွေ ရှိနေတယ် ဆိုတာကို အားလုံးက သိလာမှာ ဖြစ်ပါတယ်။”

ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဓိက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အရာရှိတွေအပေါ် ပစ်မှတ် ထား ဒဏ်ခတ်ဖို့ HRW အပါအဝင် လူ့အခွင့်ရေးအဖွဲ့ ၈၁ ဖွဲ့က တောင်းဆိုခဲ့ကြတာပါ။ ဒါ့အပြင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို ဝေဖန်ပြစ်တင်နေရုံနဲ့ ချိုးဖောက်မှုတွေကို ပြီးဆုံးသွားမှာ မဟုတ်သလို၊ ကျူးလွန်သူတွေကို အပြစ်ပေးနိုင်အောင် လည်း မဆောင်ရွက်နိုင်တဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ အပြစ်ကျူးလွန်သူတွေကို နိုင်ငံတကာ ခုံရုံးတွေမှာ အရေးယူဖို့အပါအဝင် တရား မျှတမှုနဲ့ တာဝန်ခံမှုရှိအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေသွားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေးအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အတတ်နိုင်ဆုံး လုပ်ဆောင်ဖို့ကတိပေးခဲ့တာပါ။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ဒီအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအတွက် အကြံပေးအဖွဲ့ကို အမေရိကန်၊တောင်အာဖရိက၊ ထိုင်း၊ ဆွီဒင်နဲ့ အင်္ဂလန်က ထိပ်တန်း နိုင်ငံရေး သမားကြီးတွေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာအရေး ကြွမ်းကျင်သူတွေ ကိုထည့်သွင်းပြီး စတင်ဖွဲ့စည်းခဲ့ ပါတယ်။

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့နဲ့ ပြန်လာသူတွေ အဆင်ပြေစေဖို့အတွက်ပါ လုပ်ဆောင်ပေးနေတယ်လို့ ပြန်လည်နေရာချထားရေး အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် အဲဒီဒေသ က အခြေနေမှန်ကို အစိုးရက အသိမှတ်ပြု ပြောဆိုတာမျိုး မရှိသေးတဲ့ အတွက် ဒုက္ခသည်တွေက နေရပ်ပြန်ဖို့ ကြောက်နေကြတယ်လို့ လည်း မစ္စတာ Sifton က ပြောပါတယ်။

“ အခုအချိန်မှာ ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ အများစုက မြန်မာပြည်ကို မပြန်ကြသေးပါဘူး။ သူတို့ ပြန်ရင် မြန်မာစစ်တပ်နဲ့ ရခိုင် ဒေသခံတွေ ရန်ပြုမှာကို ကြောက်နေကြလို့ပါ။ အစိုးရဘက်က သူတို့ဘာကို ကြောက်နေတယ် ဆိုတာ သိအောင်လုပ်ဖို့ လိုပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီမှာ ထောင်နဲ့ ချီ အသတ်ခံရတာတွေ၊ ရာနဲ့ချီတဲ့ ရွာတွေ မီးအရှို့ခံရတာတွေ ရှိနေတာမို့ပါ။ အဲဒီက သူတို့ရဲ့ လုံခြုံရေး အခြေနေနဲ့ ပတ်သက်ပြီး အစိုးရက အသိမှတ်ပြု ပြောဆိုတာမျိုး မလုပ်မချင်း သူတို့ ပြန်ဖို့ရာ မဖြစ်နိုင်သေးပါဘူး။”

ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အတွပ် အစီအစဉ်ကို ရှေ့နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ အကြား ရရှိခဲ့တဲ့ သဘောတူညီချက် ထဲမှာ ချို့ယွင်းချက်တွေ အများအပြား ပါဝင်နေတယ် လို့လည်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဝေဖန်းပါတယ်။

ရခိုင်ဒေသမှာ လူပေါင်း ၆ သိန်းကျော် ထွက်ပြေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တညီတညွတ်ထဲ တုန့်ပြန်ကိုင်တွယ် နိုင်ရေးအတွက် အခြေအတင် ဆွေးနွေးကြဖို့ တိုက်တွန်းကြတဲ့ အဖွဲ့တွေထဲမှာ ALTSEAN - မြန်မာ၊ ဗြိတန်က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့၊ Save the children အဖွဲ့၊ Fortify Rights နဲ့ Refugees International အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များအဖွဲ့ တို့လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG