သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပြဿနာသည် မူစလင်-ဗုဒ္ဓဘာသာ ပဋိပက္ခမဟုတ် (အပိုင်း-၁)


တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရိုဟင်ဂျာ ပြဿနာသည် မူစလင်-ဗုဒ္ဓဘာသာဝင်တို့အကြား ဖြစ်ပွါးတဲ့ ပဋိပက္ခမဟုတ်ဘူးလို့ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာ ရေးသားလာခဲ့သူ သတင်းစာဆရာကြီး Bertil Lintner က ပြောကြားလိုက်ပါတယ်။ Scroll.in Online Media နဲ့ မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Bertil Lintner က အခုလို ပြောကြားလိုက်တာပါ။ ဦးကျော်ဇံသာက အသေးစိတ်ပြန်ဆိုပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။

မေး ။ ။ Bertil Lintner .. မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ စောင့်ကြည့်သုံးသပ်လာသူတယောက်အနေနဲ့ အခု ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လို မြင်ပါသလဲ။

Bertil Lintner ။ ။ ဒီပြဿနာဟာ အသစ်မဟုတ်ပါဘူး။ အဓိကအားဖြင့် ပြဿနာနှစ်ရပ် ရှိပါတယ်။ ပထမတခုက မတရားခိုးဝင် ပြောင်းရွှေ့နေထိုင်မှု - Illegal Immigration ကိစ္စပါ။ ဒါဟာ တကယ်ပဲဖြစ်ဖြစ် ထင်မြင်ယူဆချက်ပဲဖြစ်ဖြစ် ပြဿနာတော့ ပြဿနာပါပဲ။ ဒုတိယတခုကတော့ အစ္စလာမ်စစ်သွေးကြွဝါဒပါ။ သြဂုတ်လ (၂၅) ရက်နေ့တုန်းက သူတို့ကိုယ်သူတို့ ARSA လို့ခေါ်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခဲ့ပါတယ်။ ဒါဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ထုနဲ့ထည်နဲ့ လက်တုံ့ပြန်လာအောင် ဆွပေးခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြသူပေါင်း (၆) သိန်းကျော် ရှိခဲ့ပါပြီ။ ဒီကိစ္စမှာ စာနာမှုဆိုင်ရာ ပြဿနာလို့ခေါ်တဲ့ လူမှုဒုက္ခတွေဟာ သိပ်အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒီလူတွေဟာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံခဲ့ကြရပါတယ်။ ဒါကြီးပဲတော့ မဟုတ်ပါဘူး။ ARSA ရဲ့ ပြောခွင့်ရတယောက်က ဒီလိုတုံ့ပြန်မှုမျိုး ဖြစ်လာအောင် ဆွပေးဖို့ ရည်ရွယ်ချက်နဲ့ သူတို့က စတိုက်ခဲ့တာလို့ အင်တာဗျူးတခုမှာ အတိအကျ ပြောထားပါတယ်။

ဆိုတော့ ဒီတိုက်ခိုက်မှုကနေ သူတို့ဘာများ ရပါသလဲ။ နံပတ်တစ်က နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကိုရတယ်။ နံပတ်နှစ်က အာရှအနောက်ပိုင်း အဓိကအားဖြင့် Saudi Arabia နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ဆီကနေ ငွေကြေးအထောက်အပံ့တွေ ပိုရလာတယ်။ နံပတ်သုံးကတော့ ခံပြင်းဒေါသထွက်နေတဲ့ လူငယ်လူသစ်တွေ အများကြီး ဝင်ရောက်လာနိုင်တယ်။ သူတို့ လိုချင်တာထက် ပိုရနိုင်ပါတယ်။ စစ်တပ်က ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လာမယ်လို့ သူတို့တွက်ချင်မှ တွက်ပါလိမ့်မယ်။ ဒါပေမဲ့ အခုပြောတဲ့ သုံးခုကိုလည်း သူတို့ ရရှိသွားတယ်လို့ ပြောချင်ပါတယ်။

တကယ်တမ်း ဒုက္ခရောက်နေတာက ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက သာမန်ဆင်းရဲသား မူစလင်လယ်သမားတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီပြဿနာကြီးမှာ ထိုးကျွေးခံရတဲ့ အရုပ်တွေလို့ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေက နှစ်ပေါင်းများစွာ အကွက်ကျကျ ဖိနှိပ်ချုပ်ချယ်ခံနေရတယ်ဆိုတာ ဖြစ်နိုင်တဲ့ အထောက်အထားတွေ အလုံအလောက် တွေ့နေရပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာဆိုတာကို လူမျိုးစုအသိုင်းအဝိုင်း တခုလို့တောင် အသိအမှတ်မပြုပါဘူး။ ဒါဟာ တိုင်းပြည်အတွင်းမှာ ကာလရှည်ကြာ နေလာတဲ့ လူ့အသိုက်အဝန်းတခုရဲ့ ရပိုင်ခွင့်ကို တမင်ထိခိုက်နစ်နာအောင် အားထုတ်ရာ မရောက်ဘူးလား။

Bertil Lintner ။ ။ ဟုတ်လဲဟုတ်ပါတယ်။ မဟုတ်လဲ မဟုတ်ဘူးလို့လဲ ပြောရမှာပါ။ အဲဒီဒေသမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ မူစလင်တွေ ရှိပါတယ်။ ဒါဟာ သေချာပါတယ်။ အဲဒီနေရာဟာ အိန္ဒိယတိုက်ငယ်ရဲ့အဆုံး အရှေ့တောင်အာရှရဲ့ အစဖြစ်ပါတယ်။ အဲဒီမှာ နတ်မြစ်ဟာ အခု ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရဲ့ နယ်ခြား ဖြစ်ပါတယ်။ ဒီမြစ်ရဲ့ တဘက်တချက်မှာ ဗုဒ္ဓဘာသာနဲ့ မူစလင်တွေ ရာစုနှစ်နဲ့ချီပြီး နေလာခဲ့တာပါ။ အခု ရခိုင်ပြည်နယ်ရဲ့ အနောက်မြောက်ထောင့်မှာ အကြာကြီးနေလာတဲ့ မူစလင်တွေလည်း ရှိပါတယ်။ ဒါ မေးခွန်းထုတ်စရာ မဟုတ်ပါဘူး။

ဗြိတိသျှခေတ်တုန်းက နတ်မြစ်တဘက်ကမ်းက မူစလင်အလုပ်သမား အများအပြားကို ဒီဘက်ကမ်းကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ကြပါဘူး။ စစ်တကောင်းသားလို့သာ ခေါ်တာပါ။ ၁၇၉၉ တုန်းက ဖရစ်စစ် ဘူရှာနာ ဟာမေလ်တန် က မှတ်တမ်းတခုမှာ ဒီစကားကို သုံးခဲ့ပါတယ်။ ဒါပေမဲ့ မှတ်တမ်းကလည်း အဲဒီတခုပဲ ရှိပါတယ်။ ဘူရှာနာ ကို အရှေ့အိန္ဒိယကုမ္ပဏီက စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ ရခိုင်ပြည်နယ်ကို မရောက်ခဲ့ပါဘူး။ အခု မန္တလေးနားမှာ တည်ရှိတဲ့ အင်းဝနဲ့ အမ္မရပူရကိုသာ ရောက်ခဲ့တာပါ။ အဲဒီမှာ သူက Arakan က လူတွေကို တွေ့ခဲ့ပါတယ်။ Arakan ဆိုတာ ဟိုတုန်းက ရခိုင်ကို ခေါ်တာပါ။ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ ခေါ်ကြတယ်။ အဲဒီနောက်ပိုင်းမှာ ဒီအသုံးအနှုန်းကို နှစ်ပေါင်း (၁၅၀) လောက်အတွင်းမှာ တခါမှ ညွှန်းဆိုပြောကြားတာ မရှိတော့ပါဘူး။ ဒီနာမည်ကို ဘယ်သူပဲသုံးသုံး မမှားပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အနောက်မြောက်ဒေသက စစ်တကောင်းဒေသီရစကား Chittagonian dialect ပြောသူတွေအတွက် သီခြားသတ်မှတ်ချက် ဖြစ်တယ်ဆိုတာကတော့ နောက်မှလုပ်လာတဲ့ အယူအဆ New Concept သာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ အားလုံးကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ မခံယူကြဘူးဆိုတာ ခင်များ မှတ်သားထားသင့်ပါတယ်။ အဲဒီနာမည်ကို မခံယူကြတဲ့ လူတွေဟာ ကာလကြာရှည် အဲဒီမှာ အထင်အရှား နေထိုင်လာကြသူတွေပါ။ အစွန်းရောက်အုပ်စုတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ဒီနာမည်ကို အသုံးချလာကြပါတယ်။ ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လူအများအပြား ခံယူလာကြတယ်ဆိုတာ မကြာသေးခင်ကသာ ဖြစ်တယ်ဆိုတာကို မြင်ရပါတယ်။

မေး ။ ။ ဟုတ်ကဲ့ .. အဲဒီမကြာသေးခင်ကဆိုတာ ဘယ်လောက်အကြာတုန်းကလဲ ပြောပြပါအုံး။

Bertil Lintner ။ ။ သူတို့ထဲက တချို့ဆိုရင် ဒီနာမည်ကို ခံယူလာတာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကပါ။ တကယ်တမ်း ဒီနာမည် လူသိများလာတာက ၁၉၉၀ ပြည့်လွန်နောက်ပိုင်းမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒါပေမဲ့ ၁၉၅၀ ပြည့်လွန်တုန်းက မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးခဲ့တယ် မဟုတ်ဘူးလား။

Bertil Lintner ။ ။ ဟုတ်ပါတယ်။ သူတို့ သုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒါကို လူတိုင်း ကြိုက်နှစ်သက်ခဲ့ကြတာ မဟုတ်ဘူးဆိုတာ ပြန်သတိရသင့်ပါတယ်။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ရခိုင်အနောက်မြောက်ထောင့်မှာ မူစလင် ပုန်ကန်မှုတရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတောင် အဲဒီသူပုန်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ မခေါ်ကြပါဘူး။ မူဂျာဟစ် တိုက်ပွဲဝင်ကြသူများလို့သာ ခေါ်ကြပါတယ်။ သူတို့က အရှေ့ပါကစ္စတန်ထဲ ပါချင်ကြတာပါ။ ဒီပုန်ကန်မှုဟာ မှေးမှိန်သွားတယ်လို့ပဲ ဆိုပါစို့။ အဲဒီနောက်ပိုင်းမှာ ၁၉၅၀ ပြည့်လွန်ကြတော့ အဲဒီထဲက တချို့က ရိုဟင်ဂျာဆိုပြီး လုပ်လာကြပါတယ်။ ဒီအခါမှာ ခွဲထွက်ရေးဆိုတာ ပါလာပြီလို့ ယူဆရပါတယ်။ ရိုဟင်ဂျာဘက်လိုက်ပြီး ရေးသားချက်တွေကိုကြည့်ရင် ၁၉၅၀ ပြည့်လွန်အစိုးရထဲမှာ ရိုဟင်ဂျာဝန်ကြီးတွေ အများအပြား ပါဝင်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ အဲဒါ တကယ်တော့ မမှန်ပါဘူး။ တကယ်တော့ အဲဒီဒေသက ဝန်ကြီးဆိုလို့ ဆူလတန် မာမွတ် တယောက်ပဲ ရှိခဲ့တာပါ။ သူဟာ မူစလင်ပါ။ ဒါပေမဲ့ သူဟာ သူ့ကိုယ်သူ ရိုဟင်ဂျာလို့ မခေါ်ပါဘူး။ ရခိုင်-မူစလင် Arakanese Muslim လို့ပဲ ခေါ်ခဲ့တာပါ။ အဲဒီတုန်းက ဝန်ကြီးဦးနုကလည်း မူစလင်တို့ရဲ့ ထောက်ခံမဲကို လိုအပ်နေတာပါ။ ဒါဟာ ဝန်ကြီးချုပ်အနေနဲ့ အဲဒီအသုံးအနှုန်း ရိုဟင်ဂျာကို အစောတလင် အသုံးပြုခဲ့တဲ့ အကြောင်းရင်းတခုပါပဲ။

မေး ။ ။ ၁၉၅၀ ပြည့်လွန်က အခြေအနေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ပါ။ အခု ရခိုင်မှာရှိနေတဲ့ မူစလင် အများစုဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတယ်။ နောက်ပြီး နှိပ်ကွပ်ခံနေကြတယ်။ ဒါကို ခင်များ ဘယ်လို ပြောမလဲ။

Bertil Lintner ။ ။ ပထမဦးဆုံးအနေနဲ့ ခင်များတို့ သိထားရမှာက မြန်မာပြည်မှာ မူစလင်တွေ အများကြီး ရှိတယ်ဆိုတာပါပဲ။ သူတို့အများစုက မြို့ပြတွေမှာ နေကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုင်ကြတယ်။ ဗမာနာမည်တွေ ရှိကြတယ်။ ဗမာလိုလည်း ပြောကြတယ်။ ပြီးတော့ သူတို့က မြန်မာနိုင်ငံသားတွေ၊ မြန်မာ့သမိုင်းတလျှောက် မူစလင်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အများကြီး ပါဝင်ခဲ့ကြတယ်။ မူစလင်ခေါင်းဆောင် ဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၁၉၄၀ ပြည့်လွန်နှစ်မှာ လုပ်ကြံခံသွားရပါတယ်။ တိုင်းပြည်ရဲ့ အာဇာနည်အဖြစ် သတ်မှတ်ခြင်းလည်း ခံရပါတယ်။ နောက် အရေးပါတဲ့ မူစလင်တဦးကတော့ ဦးရာရှစ် သူက အဲလ်ဟာဗတ်မှာ မွေးတာပါ။ ၁၉၃၀ ပြည့်လွန်မှာ အထူးလေးစားခံရတဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နောက် ဦးဖေခင် - သူက ပင်လုံသဘောတူညီချက်ရဲ့ ဗိသုကာတဦးလည်း ဖြစ်ပါတယ်။ အဲဒီအချိန် နယ်စွန်းနယ်ဖျားဒေသတွေလို့ခေါ်တဲ့ ရှမ်း၊ ချင်း၊ ကချင်ပြည်သူတွေအတွက် ဒေသတွင်း ကိုယ်ပိုင်ပြဌာန်းပေးခဲ့တဲ့ ၁၉၄၇ ပင်လုံစာချုပ် ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြစ်နေတာက မူစလင်တွေနဲ့ ဗုဒ္ဓဘာသာတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာ မဟုတ်ပါဘူး။

ရိုဟင်ဂျာတွေက တခြားဆီပါ။ သူတို့ဟာ ဗမာစကား မပြောကြဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ပြောတဲ့ ဘင်္ဂလီစကားရဲ့ စစ်တကောင်းဒေသစကား Chittagonian dialect ကိုသာ ပြောကြတာပါ။ ဒါကြောင့် မြန်မာပြည်သူ အများစုက သူတို့ကို တရားမဝင်သူတွေလို့ မြင်ကြပါတယ်။ မျှတမှုတော့ မရှိဘူးပေါ့။ ဒီလူတွေ အများစုက တကယ်ပဲ အဲဒီဒေသမှာ ကာလတာရှည် နေခဲ့ကြတယ်ကို။

မေး ။ ။ ARSA ခေါင်းဆောင်တွေနဲ့ အစွန်းရောက်အုပ်စုတွေ ဆက်စပ်မှုဟာ ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာမယ့်သဘောကို ပြသနေတယ်လို့ ခင်များ အစောပိုင်းက ရေးခဲ့ပါတယ်။ ပြောခဲ့ပါတယ်။ အဲဒီလို ဘာကြောင့် ပြောနိုင်ပါလဲ။

Bertil Lintner ။ ။ နာမည်ကိုယ်က သူတို့ဘာသာစကားနဲ့ Harakat al-Yaqin လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ The Faith Movement ကိုးကွယ်ယုံကြည်ခြင်း လှုပ်ရှားမှု ဖြစ်ပါတယ်။ လူမျိုးရေး၊ အမျိုးသားရေးအတွက်ဆိုရင် ကိုးကွယ်ယုံကြည်ခြင်း နာမည်ပေးစရာ မလိုပါဘူး။ ပြီးတော့ ဒီအဖွဲ့ရဲ့ခေါင်းဆောင် Ata Ullah ဆိုရင်လည်း ရခိုင်က မဟုတ်ပါဘူး။ ပါကစ္စတန်နိုင်ငံ ကရားချီးမှာ မွေးသူပါ။ နောက်ပြီးတော့ ဆော်ဒီ အာရေးဗီရားမှာ နေတာပါ။ မူစလင်တရားဟောဆရာလည်း ဖြစ်ပါတယ်။ ဒီအရေးအခင်းမှာ သူစိတ်ဝင်စားတာက ၂၀၁၂ ခုနှစ်လောက်က သူ့မိဘတွေက ရခိုင်က ဖြစ်နိုင်ပေမယ့် သူတော့ မဟုတ်ပါဘူး။

မေး ။ ။ ဒါဆိုရင် သူတို့မျိုးရိုးက ရခိုင်ဒေသကပေါ့။

Bertil Lintner ။ ။ မှန်ပါတယ်။ သူ့ရဲ့ တိပ်ခွေတချို့ကို ကျနော် နားထောင်ကြည့်ဖူးပါတယ်။ ရခိုင်ပြည်နယ်က ဘယ်နာမည်တခုကိုမှ သူက မှန်မှန်ကန်ကန် အသံမထွက်နိုင်ပါဘူး။ သူက ဘင်္ဂလီ စစ်တကောင်းသားစကားကို Urdu အသုံးအနှုန်းတွေနဲ့ ရောနှောပြောခဲ့တာပါ။ အဲဒီအဖွဲ့ထဲက သူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေကလည်း ကရားချီးက ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်က ဖြစ်ကြပါတယ်။

မေး ။ ။ ဆိုတော့ အဲဒါကလွဲပြီးတော့ ARSA အဖွဲ့ဟာ မြန်မာနိုင်ငံထဲက တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုများ ကွာခြားမှု ရှိပါသလဲ။

Bertil Lintner ။ ။ တခြားတိုင်းရင်းသား သူပုန်အဖွဲ့တွေက အနည်းအများဆိုသလို သမားရိုးကျ စစ်တပ်ပုံစံနဲ့ လှုပ်ရှားကြပါတယ်။ ယူနီဖောင်းတွေရှိတယ်။ ရာထူးအဆင့်တွေ သတ်မှတ်ထားကြတယ်။ တပ်ခွဲ၊ တပ်ရင်း၊ တပ်မ စတာတွေ ဖွဲ့စည်းထားကြတယ်။ မောင်းပြန်သေနတ်၊ စက်သေနတ်တွေလည်း ကိုင်ကြပါတယ်။ ARSA ရဲ့ နည်းလမ်းတွေက ဒါနဲ့ သိပ်ကွဲလွဲပါတယ်။ ၂၀၁၆ အောက်တိုဘာမှာ တိုက်ခိုက်တာနဲ့ အခု သြဂုတ်လမှာ တိုက်ခဲ့တာတွေက တခြားတိုင်းရင်းသား သူပုန်တွေနဲ့ ပုံစံချင်း သိပ်ကွဲပါတယ်။ သူတို့က ရွာသားတွေကို ရာနဲ့ချီ စည်းရုံးပြီးတော့ ပစ်မှတ်တွေကို ဝိုင်းတယ်။ အမှန်တကယ်ရှိတဲ့ အင်အားထက်ပိုပြီးတော့ များတယ်ဆိုတာ ပြတဲ့သဘောပါ။ သူတို့မှာ လက်နက်သိပ်မရှိဘူး။ ဓါးတွေ၊ လံှတွေ အများစုက။ သူတို့နည်းကတော့ နီပေါလ် နဲ့ အိန္ဒိယ အလယ်ပိုင်းက မော်ဝါဒီ အုပ်စုတွေနဲ့ ဆင်တူပါတယ်။ မြန်မာပြည်ထဲက တခြားတိုင်းရင်းသားအုပ်စုတွေထက် မတူပါဘူး။

XS
SM
MD
LG