သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေး ဘေးကင်းလုံခြုံဖို့လိုအပ်


ဘင်္ဂလားဒေရှ့်ဘက်မှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဌာနေပြန်ရေးမှာ ဘေးကင်းလုံခြုံမှု ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဒုက္ခသည်တွေ ဆန္ဒအလျောက် ဖြစ်ဖို့က အရေးအကြီးဆုံး ဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောဆိုလိုက်ပါတယ်။ ၆ သိန်းခွဲကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အားလုံးကို ၂ နှစ် အတွင်း ဌာနေပြန်ရေး အပြီးသတ် ဆောင်ရွက်မယ့် အကြောင်း ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုထားတာပါ။

ဒီဒုက္ခသည်တွေ ဌာနေပြန်ရေးကိုတော့ အခု ဇန်နဝါရီ လကုန်ပိုင်းလောက်မှာ စတင်မယ်လို့လည်း မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ဘက်က ပြောဆိုထားတာပါ။ဒုက္ခသည်တွေ အနေနဲ့ ဘေးကင်းလုံခြုံမှု ရှိတယ်လို့ မခံစားရဘဲနဲ့တော့ သူတို့အိမ်တွေ၊ သူတို့ အသိုင်းအဝိုင်းကို ပြန်သွားတာမျိုးကို မလိုလားဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုခဲ့တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့ကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မစ္စ Nauert ကတော့ ဒုက္ခသည်တွေ ဌာနေပြန်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ရသလောက်တော့ ဌာနေပြန်နိုင်ရေး အနေအထား မတွေ့ရဘူးလို့ ပြောပါတယ်။ သူမတွေ့ခဲ့ရသူ အများအပြားက အလွန်အမင်း အားနည်းချိနဲ့နေကြသလို အလွန်အမင်း ကြောက်ရွံ့နေကြတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ရခိုင် ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က မြန်မာ စစ်တပ် အကြီးအကဲတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ထားသလို၊ ရိုက်တာ သတင်းထောက် နှစ်ဦး ဖမ်းခံထားရတဲ့ ကိစ္စ အပေါ်မှာလည်း အမေရိကန် ပြည်ထောင်စုဘက်က ဆက်ပြီး စောင့်ကြည့်နေတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG