သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးအကြံပေး မြန်မာနိုင်ငံကို ဇွန်လလယ် သွားမည်


 မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့ ဧပြီလက အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဇွန်လလယ်မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Faren Haq က တနင်္လာနေ့က VOA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မစ္စ Burgener ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် မေလ ၂၂ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ လက်ရှိအလှည့်ကျ ဥက္ကဌ Miroslav Lajčák နဲ့လည်း မေလ ၂၃ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ Lajcak က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ အပြည့်အဝထောက်ခံကြောင်းနဲ့ အောင်မြင်မှုရစေဖို့ မျှော်လင့်တဲ့အကြောင်း သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ဖေါ်ပြခဲ့ပါတယ်။

မစ္စတာ Guterres အနေနဲ့ အခုလို အကြံပေး ပုဂ္ဂိုလ်အသစ် ခန့်အပ်ရာမှာ မြန်မာ အစိုးရအပြင် ဒေသတွင်းအစိုးရတွေနဲ့လည်း တိုင်ပင် ဆွေးနွေးခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujarric ကပြောကြားခဲ့ပါတယ်။ မစ္စ Burgener ဟာ သူ့ခရီးစဉ်မတိုင်ခင် ပြီးခဲ့တဲ့လက ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပြီး Cox’s Bazar ရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့တယ်လို့ သံရုံး ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မစ္စ Burgener ဟာ အခုလာမယ့် မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရိုဟင်ဂျာဒုက္ခသည် အရေးအပြင် ကချင်ဒုက္ခသည်တွေ အရေးကိုပါ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ သူဟာ မြန်မာနိုင်ငံ ဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ ပဉ္စမမြောက် အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်ပြီး သူူ့မတိုင်ခင်က အိန္ဒိယ နိုင်ငံသား Vijay Nambia တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဧပြီလ အတွင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ သွားရောက်ခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် အရေးကို အလေးပေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ ဘင်္ဂလာဒေ့ရှ်မှာ ရောက်နေတဲ့ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ UNDP ၊ UNHCR တို့နဲ့ လက်တွဲ ဆောင်ရွက်ဖို့ ကနဦး သဘောတူညီချက်တွေ ရရှိထား တယ်လို့လည်း မြန်မာအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မစ္စ Burgener ဟာ ဂျာမဏီဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်ခင်က ၂၀၀၉ ကနေ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံ ဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG