သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် အထူးအကြံပေးပုဂ္ဂိုလ်သစ် မြန်မာကို ဇွန်လသွားဖို့ စီစဉ်


Christine Schraner Burgener (ဓါတ်ပုံ- ICT Switzerland)
Christine Schraner Burgener (ဓါတ်ပုံ- ICT Switzerland)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အသစ် Christine Schraner Burgener ဟာ ဇွန်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ကုလသမဂ္ဂ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က တနင်္လာနေ့က သတင်းထုတ်ပြန် ပါတယ်။ မစ္စ Burgener ဟာ မြန်မာနိုင်ငံကို သွားဖို့ပြင်ဆင်နေကြောင်း ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Masud Bin Momen ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

Masud က ဘင်္ဂလားဒေ့ရှ်ကို လာရောက်ဖို့ပါ မစ္စ Burgener ကို ဖိတ်ကြားခဲ့တာဖြစ်ပြီး မစ္စ Burgener က ဘင်္ဂလာဒေ့ရှ်က ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အသံကို တိုက်ရိုက်နားထောင်ချင်ကြောင်းပြောတယ်လို့ လည်း ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က မစ္စ Burgener ကို ဧပြီလ ၂၆ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်သစ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ အထူးသံတမန်တဦး ခန့်ထားဖို့အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် အိန္ဒိယ ဝါရင့်သံတမန် Vijay Nambiar ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ရာထူးသက်တမ်း ကုန်ဆုံး သွားပြီးတဲ့နောက် မြန်မာနိုင်ငံဆိုင်ရာ သီးခြား အထူးသံတမန် ဒါမှမဟုတ် အထူး အကြံပေးပုဂ္ဂိုလ်တဦးဦး မရှိခဲ့တာ နှစ်နှစ်နီးပါး ကြာပြီးတဲ့နောက်မှာမှ အခု မစ္စ Burgener ကို အထူးသံတမန်အဖြစ် ခန့်ထားခဲ့တာဖြစ်ပါတယ်။

မစ္စ Burgener ဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့မတိုင်မီက မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်တွေအဖြစ် Alvaro de Soto, Razali Ismail, Ibrahim Gambari နဲ့ နောက်ဆုံး Vijay Nambia တို့ တာဝန်ထမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မစ္စ Burgener ဟာ သံတမန်လုပ်ငန်းမှာ ၂၅ နှစ်ကျော် အတွေ့အကြုံရှိထားသူဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံခြားရေးဌာနမှာ အဆင့်မြင့် အစိုးရတာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့သလို ၂၀၀၉ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇလန်သံအမတ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံမှာ အကြမ်းဖက်အခြေအနေတွေ ဖြစ်တဲ့အချိန် နှစ်ဘက်ကြား စေ့စပ်ညှိနှိုင်းမှုတွေကို ဦးစီး လုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG