သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေး


လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဆွီဒင်သံအမတ်ကြီး Olof Skoog
လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဆွီဒင်သံအမတ်ကြီး Olof Skoog

မနေ့ တနင်္လာနေ့က မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရဘက်က ဆောင်ရွက်ဖို့ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးသဘောတူညီတဲ့ အချက်သုံးချက်ပါ ကြေညာချက်ကို လုံခြုံရေးကောင်စီဥက္ကဌက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ ပြင်းထန်တဲ့ ဖိအား ကြေညာချက်မျိုးအစား အခုလို မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီး လိုအပ်ချက်တွေကို ထောက်ပြခဲ့တဲ့အတွက် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း မြန်မာအသံအမတ်ကြီးကလည်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

အသံလွှင့်ချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ပြီးဆုံးခဲ့တဲ့ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးခဲ့တာတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နယူးရောက် ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ ရလဒ် အဖြစ် ကောင်စီအဖွဲဝင်တွေ သဘောတူညီတဲ့ အချက်သုံးချက်ပါ ကြေညာချက် ကို လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ ဆွီဒင်သံအမတ်ကြီး Olof Skoog ကအခုလို သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“မြန်မာအစိုးရနဲ့ UNDP တို့ကြား MOU နားလည်မှုစာချွန်လွှာမှာ သဘောတူထားတဲ့ အချက်တွေ အကောင်အထည်ဖော်ရေးနိုင်အတွက်ရော၊ ဘင်္ဂလားဒေရှ့် အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ MOU ပါအချက်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက်ပါ ပိုပြီးတိုးတက်အဆင်ပြေအောင် လုပ်ပေးဖို့လိုတယ်ဆိုတာကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက အလေးထားဆွေးနွေးခဲ့ကြတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပါတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေ လုပ်ဖို့လိုတယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ မြန်မာအစိုးရက ဘက်မလိုက်စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း သိရှိကြောင်း ပြောကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ နေရပ်စွန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ ရခိုင်ပြည်နယ်ထဲက သူတို့နေရပ်ဆီ လုံခြုံဘေးကင်းစွာနဲ့ သိက္ခာရှိရှိ ပြန်လာနိုင်မယ့် အခြေအနေရှိဖို့ လူမှုရေး စီးပွားရေးအခြေအနေတွေ တိုးတက်အောင် လုပ်ပေးဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကိုလည်း လုံခြုံရေးကောင်စီဝင်တွေက အလေးထားဆွေးနွေးခဲ့ကြပါတယ်။”

ဒါအပြင် ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener က ပထမဆုံးအကြိမ် အစီရင်ခံတင်ပြခဲ့သလို၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက် မဟာမင်းကြီး Volker Turkနဲ့ UNDP ကုလသမဂ္ဂ ဖွံဖြိုးရေး အေဂျင်စီ ကိုယ်စားလှယ် Claire Van der Vaeren တို့ အသီးသီးက အစီရင်ခံတင်ပြခဲ့ကြတယ်လို့ လုံခြုံရေးကောင်စီဥက္ကဌ ကပြောပါတယ်။ ဒါအပြင် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ်လည်းဖြစ်၊ OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နယူးရောက်ဌာနခွဲ အကြီးအကဲလည်းဖြစ်တဲ့ Andrew Gilmour လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးကောင်စီဥက္ကဌနဲ့ အတူရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Burgener ကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်အပေါ် လုံခြုံရေးကောင်စီကရော မြန်မာအစိုးရကပါ လက်ခံ ကြိုဆိုတဲ့အပေါ် အားရကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာ ရုံးထိုင်ခွင့်ရထားတဲ့အတွက် စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို ပြန်သွားမယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံကို ကျွန်မ စက်တင်ဘာလကျရင်ပြန်သွားပါမယ်။ ဒီတခေါက်ကျရင်တော့ ကချင်ပြည်နယ်လို တခြားပြည်နယ်တွေဆီကိုလည်း သွားချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ရခိုင်ပြည်နယ် တခုထဲမှာ ပြဿနာတွေရှိနေတာ မဟုတ်လို့ပါ။ ကျွန်မ သက်ဆိုင်သူတိုင်းနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားပါမယ်။ လုံခြုံရေးကောင်စီက ကျွန်မကို ထောက်ခံမှုပေးတဲ့အပေါ်မှာလည်း သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျွန်မအတွက် တကယ်ကို လိုအပ်ပါတယ်။ ဒီပြဿနာဟာ သိပ်ကို ရှုပ်ထွေးနက်နဲတဲ့ ပြဿနာဖြစ်တာကြောင့် အချိန်တိုတွင်း လွယ်လွယ်ဖြေရှင်းလို့ရတဲ့ ပြဿနာမဟုတ်ပါဘူး။ အချိန်လိုပါတယ်။ အခုတော့ ကျွန်မအခုလုပ်ကိုင်ခွင့်ရထားတဲ့အတွက် ဘယ်ကိစ္စမျိုးမဆို ဆွေးနွေးခွင့်ရှိပါတယ်။ ဒီအတွက်လည်း မြန်မာအစိုးရကို ကျေးဇူးတင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းလောက်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကိုလည်း အထူးကျေးဇူးတင်ပါတယ်။”

မြန်မာနိုင်ငံအပေါ် လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှု မလုပ်သင့်ဘူးလားဆိုတဲ့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌဖြစ်တဲ့ ဆွီဒင်သံအမတ်ကြီးOlof Skoog ကအခုလို ဖြေသွားပါတယ်။

“အခုနောက်ပိုင်း မြန်မာဖက်က အပြုသဘောဆောင်ရွက်မှုတွေ လုပ်လာတယ်ဆိုတာကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖက်က အသိအမှတ်ပြုကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ တချိန်ထဲမှာပဲ အဲဒီဆောင်ရွက်တွေက ပြည့်စုံ လုံလောက်မှုမရှိသေးဘဲ အများကြီး လိုနေပါသေးတယ်။ ဒီကိစ္စကိုပဲ အခုကျွန်တော်တို့ ဆွေးနွေးနေကြတာပါ။ ထိတွေ့ဆက်တဲ့အပိုင်းမှာရော ဖိအားပေးတဲ့အပိုင်းမှာပါ။ လုံခြုံရေးကောင်စီဝင်တွေအားလုံးကြား ညီညွတ်မှုရှိဆိုရင် ကျွန်တော်တို့တဖြည်းဖြည်းတိုးတက်မှုရှိလာမယ်ထင်ပါတယ်။ ဆွီဒင်နိုင်ငံဖက်က အမြင်အရပြောရမယ်ဆိုရင်တော့ တိုးတက်မှုတွေက သိပ်ကိုနှေးပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်တိုးတက်အောင် အားလုံးညီညွတ်ကြဖို့က အရေးကြီးတယ် ထင်ပါတယ်။”

လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲရလာဒ်ကို အရင်က ပြင်းထန်လိမ့်မယ်လို့ ကုလသမဂ္ဂအသိုင်းအဝိုင်းက မျှော်လင့်ထားတာပါ။ နေ့လည် ၃ နာရီက စတင်ခဲ့ပြီး ညနေ ၆ နာရီခွဲမှ ပြီးဆုံးခဲ့တဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက် သုံးချက်အပေါ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက အခုလိုပြောပါတယ်။

"ဒါမှန်ကန်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က မိမိလုပ်သင့်လုပ်ထိုက်တဲ့ ဟာကိုလုပ်နေတယ် လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ က စိုးရိမ်ပူပန်မှုတွေကိုလည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်မှု အစဉ်အလာနဲ့အညီ ကျနော်တို့က ဒါတွေနဲ့ ဆွေးနွေးပြီးတော့ ကိုယ့်ဘက်က လုပ်နိုင်တဲ့အတိုင်းအတာအတွင်းမှာ ကျနော်တို့က ပူးပေါင်းဆောင်ရွက်နေတာပါ။

မေး။ ။ နောက်တချက်ကတော့ သူတို့ အဲဒီလို ဆက်ပြီးတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုပြီးတော့ ထောက်ပြတာရော ၊ နောက်ပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖြစ်လာဖို့နဲ့ အရေးယူဖို့ အဲဒီအပိုင်းတွေကျတော့ အခုအခြေအနေဘယ်လိုရှိပါသလဲ။

မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ကော်မရှင်ဖွဲ့မယ့်ကိစ္စကတော့ မကြာခင်သိရမှာပါ။ ကျနော်အခုတော့ ပြောလို့မရသေးဘူး၊ မကြာခင်ရက်ပိုင်းမှာ ထုတ်ပြန်နိုင်မယ်လို့ယုံကြည်တယ်။ ကော်မရှင်ကိုလည်း အများလက်ခံနိုင်တဲ့ ပုံစံဖြစ်အောင် လက်ခံနိုင်တဲ့ သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းသွားဖို့အစီအစဉ်ရှိတယ်။ မကြာခင်ရက်ပိုင်းမှာ ဖွဲ့စည်းတာလည်း ထုတ်ပြန်ဖို့ရှိမယ်လို့ ကျနေ်ာအဲလိုတော့ ယုံကြည်ထားတယ်။ နောက်ပြီးကော်မရှင်ကလည်း ကျနော်တို့ အစကတည်းက ပြောထားတဲ့အတိုင်းပဲ ပြစ်မှုကျူးလွန်တယ်ဆိုရင် ကျနော်တို့က အရေးယူဖို့ ပြောထားပြီးသား။"

တနင်္လာနေ့က လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရက ဇွန်လ ၂၇ ရက်နေ့က တုန့်ပြန်ခဲ့တဲ့ စာအပေါ်မှာ ဆွေးနွေးခဲ့ကြတာဖြစ်သလို ကောင်စီအနေနဲ့ မြန်မာ့အရေး ဘယ်လိုရှေ့ဆက် ကိုင်တွယ်မလဲ ဆိုတာကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း ကုလသမဂ္ဂသတင်းမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG