သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ရေဘေးသင့်


စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))
စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန် ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ကြုံနေရပြီး အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေကနေ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ရေဘေးဒဏ်ကြောင့် အတိဒုက္ခ ရောက်နေကြရပါတယ်။ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက စစ်ရှောင်ဒုက္ခသည်တွေအတွက် အရေးပေါ် ကူညီကယ်ဆယ်မှုတွေ ရှိပေမဲ့ လုံလောက်မှု မရှိဘူးလို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ စစ်ဘေးသင့် ပြည်သူတွေမှာ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ ရေဘေးပါ ထပ်သင့်နေရချိန် ကြုံနေရတဲ့အခက်အခဲတွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း မိုးသည်းထန်စွာ ရွာသွားပြီးတော့ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထိ ကျော်လွန်မြင့်တက်လာနေသလို နေအိမ်တွေပါ မျောပါသွားတဲ့အထိ မြစ်ကမ်းပါးပြိုကျမှုတွေ လူနေအိမ်တွေထဲအထိ ရေလွှမ်းမိုးမှုတွေ ဖြစ်နေပါတယ်။ အထူးသဖြင့်ကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအဝင် နေရာတချို့မှာ မိုးများ ရေကြီးနေပြီး မြစ်ရေလျှံနေလို့ ဒုက္ခသည်တွေနဲ့ ဒေသခံတွေ ရေဘေးသင့်နေကြရတယ်လို့ မြစ်ကြီးနားမြို့ခံ ကချင်လူငယ် မဆိုင်းနုပန်က ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

"ရာသီဥတုဖောက်ပြန်တဲ့ဟာက အရင် ၂၀၀၄ တုန်းက တခေါက်ဖြစ်ဖူးတယ်။ အဲနောက်ပိုင်းတော့ မဖြစ်တော့ဘူးပေါ့။ ဒါပေမဲ့ အခု ၂၀၁၉ ခုနှစ်မှာ ပြန်ဖြစ်လာတယ်ပေါ့။ ဒီ ကချင်ပြည်နယ်မှာကလည်း ဒီရေဘေးဒုက္ခသည်တွေကလည်း သိပ်မသိဘူးပေါ့နော်။ ဒီ ရေနဲ့ ပတ်သက်တဲ့ security ဘယ်လိုမျိုး ရှိရမယ်ဆိုတဲ့ အသိပညာ awareness တွေ မရှိကြတော့ အခု ကျမတို့ ဒီမှာ ကြက်ပေါင်ခြံမှာ ရောက်နေတယ်။ သူတို့ဆိုရင် ရေကို အိမ်ပတ်ပတ်လည်ရေ အကုန်လွှမ်းထားတယ် ရေက အကုန်လုံးပြည့်နေတယ်ပေါ့နော်။ ဒါပေမဲ့ ဘယ်နေရာမှာ ထွက်ပြေးရမှာလဲ သူတို့ဆီမှာ ဘာမှ ပြင်ဆင်ထားတာမရှိဘူး။ အကုန်လုံး ပစ္စည်းတွေဆိုရင်လည်း အိမ်ပေါ်မှာက ချထားတယ် ။ အဲမှာပဲ နေကြတယ်။ ဘယ်မှ မသွားကြဘူး.. အဲလိုမျိုးဆိုတော့ အစိုးရဘက်ကနေ သူတို့ကို အထောက်အကူ ကူညီပေးထားတာလည်း ဘာမှမရှိတော့ တချို့ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာ နေတယ်၊ တချို့ကတော့ ဘုရားကျောင်းမှာ သွားနေတယ်။ တချို့ကျတော့ အိမ်မှာ တိရစ္ဆာန်တွေရှိတော့ အဲ့တိရစ္ဆာန်ကြည့်ရင်းနဲ့ အိမ်မှာပဲ စောင့်နေတယ်ဆိုတဲ့ဟာတော့ တွေ့တယ်ပေါ့နော်။ အဓိကက ရေရယ်၊ ဒီဘက် အစားအသောက်တွေလည်း အစိုးရဘက်ကနေ စီစဉ်ပေးနိုင်ရင် ပိုကောင်းမယ်ပေါ့နော်။"

ကချင်ဒုက္ခသည်စခန်းတချို့မှာလည်း ရေဘေးသင့်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်နေပြီး လတ်တလော ဒေသခံတွေနဲ့ ကချင်လူငယ်တွေဘက်က ရေဘေးသင့်ပြည်သူတွေ လိုအပ်နေတဲ့ သောက်သုံးရေနဲ့ လိုအပ်ချက်တွေကို လိုက်လံကူညီပေးနေပေမဲ့ ရေဘေးပညာပေးနဲ့ အခြေခံ စားသုံးပစ္စည်းလိုအပ်တာတွေကတော့ များစွာရှိနေတုန်းပဲလို့လည်း ကချင်လူငယ် မဆိုင်းနုပန်က ပြောပြပါတယ်။

"ဒီဘက် မြေနှိမ့်ပိုင်းဖြစ်တဲ့ပေါ့နော်... ဇီးလွန်တို့၊ ကြက်ပေါင်ခြံတို့ အဓိက ပိုပြီးတော့ ရေကြီးတာက ဒီဘက်က ပိုပြီးတော့လည်းဖြစ်တယ်... မိုးကောင်း ပြီးတော့ ဒီဘက် မိုဖောင်း၊ ဝိုင်းမော်။ ဒီဘက် ရေပြဿနာလည်း တော်တော်တော့ ရှိတယ်။ ရေတွင်းက အကုန်လုံး ရေလွှမ်းပြီး ဖုံး ပြည့်သွားတော့ သောက်မယ့်ရေ အဆင်မပြေတဲ့ ပြဿနာတွေ ရှိတယ်။ အခု camp မှာလည်း ကျမတို့ ဒီမနက်... အခု ဇီးလွန်camp ဆိုရင် စစ်ရှောင် camp ဟုတ်တယ်။ ဒါပေမဲ့ စစ်ရှောင်မှာလည်း ရေကြီးလာတော့ အခု ဘုရားကျောင်းကို ပြန်ပြီးမှ ရွှေ့ရတယ်။ ဆိုလိုတာက စစ်လည်းရှောင်ရတယ်၊ ရေဘေးလည်း ရှောင်ရတယ်ပေါ့နော်။ နှစ်ခါခံရတယ်ပေါ့။ ကျမတို့က သူတို့ကို ဘယ်လို အခက်အခဲကြုံတွေ့နေရလဲ မေးတော့ သူတို့က ရေပြဿနာတွေ ကြုံတွေ့နေရတယ်ပေါ့နော်။ လူကလည်း အရမ်းများတယ်။ ၈၀၀ ကျော်တောင်မှ နေတာပေ့ါနော်။ ပြီးတော့ လူတွေက ပေါင်းစုံနေကြတာဆိုတော့ ဒါကျန်းမာရေး ပြဿနာတွေ တော်တော်လေး ကြီးနေတယ်လို့ ကျမတို့ကို ဒီလို ပြောပြတယ်ပေါ့နော်။"

ရေလှူနေတဲ့ ကချင်လူငယ်များ (သတင်းဓာတ်ပုံ - ဆိုင်းနုပန်)
ရေလှူနေတဲ့ ကချင်လူငယ်များ (သတင်းဓာတ်ပုံ - ဆိုင်းနုပန်)

စစ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေဖြစ်နေလို့ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်ဒေသတွေက ဒုက္ခသည်စခန်းတွေ ရေဘေးသင့်နေကြပြီး မင်းပြားနဲ့ မြောက်ဦးကတော့ အခြေအနေ တော်တော်လေး ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရတယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းက အခြေအနေကိုပြောပြပါတယ်။

"ဒီ သုံးမြို့နယ်ဖြစ်တဲ့ နေရာမှာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဘက်မှာပါ။ အခြေအနေက အဆိုးဆုံးကတော့ မင်းပြားနဲ့ မြောက်ဦးပေါ့လေ။ ဒီရေကြီးနေတယ်လို့ သိရတဲ့ အဲ့စခန်းတွေမှာ ရှိနေတဲ့ လူဦးရေတွေကို စာရင်းကောက်လိုက်တဲ့အခါကျတော့ အကုန်လုံးက ၁၅,၀၀၀ ဝန်းကျင်တောင်မှ ရှိနေပါတယ် အမ။ အခု နောက်ဆုံးအခြေအနေကတော့ ဒီရေ-ကလည်း မြင့်တက်နေတာပေါ့လေ။ ဒီကြားထဲ မိုးကလည်း ဆက်တိုက်ဆိုသလို ရွာတယ်ပေါ့။ လောလောဆယ်ကတော့ ဒီကားလမ်းမတွေတောင်မှပဲ ဒီရေမြှုပ်တဲ့ အခြေအနေ ရှိတယ်။ ဆိုတော့ ဒီလမ်းပန်းဆက်သွယ်ရေးကလည်း မရတော့ဘူးပေါ့နော်။ နောက် ရေလမ်းဆိုလို့ရှိရင်လည်းပဲ လောလောဆယ်မှာ မြစ်ရေတွေ၊ ချောင်းရေတွေ အကုန်လုံးက ရေတိုးနေတဲ့ အတွက်ကြောင့်မို့လို့ သွားလာရ အဆင်မပြေတော့ဘူး။ ဆိုတဲ့အခါကျတော့ ဒီစစ်ဘေးရှောင် စခန်းတွေကို ကူညီထောက်ပံ့မှုတွေက လောလောဆယ်မှာ မလုပ်နိုင်ကြတဲ့ အခြေအနေမှာတော့ ဖြစ်နေတာပေါ့။"

စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))
စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))

မိုးက အဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ပြီး ရခိုင် လေးမြို့မြစ် ရေတိုးနေလို့ ရေဘေးလွတ်ရာနေရာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးနေရပြီး ဒုက္ခသည်ပေါင်း ၁၅,၀၀၀ ကျော် ဒုက္ခ ရောက်နေကြရတယ်လို့လည်း သူကပြောပါတယ်။ လတ်တလော စစ်နည်းနည်းငြိမ်သွားချိန် စစ်ဘေးသင့်ပြည်သူတွေ လိုအပ်နေတဲ့ အကူညီတွေကို အဟန့်အတားမရှိဘဲ ပေးပို့နိုင်ရေး တာဝန်ရှိသူတွေဘက်က အရေးပေါ် စီစဉ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။

"ကျနော်တို့ ပြောချင်တာကတော့ ဒီအစိုးရဘက်က တကယ့်လက်ရှိမှာ တကယ့်ကို ဖြစ်နေတဲ့ ဒုက္ခရောက်နေတဲ့သူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေတွေကို သူတို့ သေသေချာချာ စစ်ဆေးလေ့လာပြီးတော့မှ လိုအပ်တဲ့ ကူညီဆောင်ရွက်မှုတွေကို မြန်မြန်ဆန်ဆန်ပေးဖို့သင့်ပါတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့မှုတွေ ပေးဖို့အတွက်ကို ခွင့်ပြုချက်တွေ ပေးသင့်ပြီးပေါ့။ ဘာလို့လဲဆိုတော့ အခုနေ ဒီရက်ပိုင်းအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် တိုက်ပွဲဖြစ်တဲ့ အနေအထားတွေ သိပ်မတွေ့ရတော့ဘူးပေါ့။ ကူညီထောက်ပံ့မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ခွင့်ပြုချက်ပေးသင့်ပြီ၊ ခွင့်ပြုပေးသင့်တယ်။"

ရေဘေးပါထပ်သင့်နေရတဲ့ ကချင်နဲ့ ရခိုင်က စစ်ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်နေထိုင်နိုင်ဖို့ ယာယီအဆောက်အဦး ဆောက်လုပ်နိုင်ဖို့ မိုးကာ၊ တာလပတ်၊ အဝတ်အထည် သောက်သုံးရေ နဲ့ ဆန် စားနပ်ရိက္ခာ၊ မသန့်ရှင်းတဲ့ ရေကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ့် အခြေခံဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

လတ်တလော ရာသီဥတုအခြေအနေကတော့- ဘင်္ဂလားပင်လယ်အော်မှာ မုန်သုန်လေ အားကောင်းနေပြီး မြန်မာနိုင်ငံတဝှမ်း ကချင်ပြည်နယ် ရခိုင်ပြည်နယ် ဧရာဝတီတိုင်း ရန်ကုန်တိုင်းနဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးနိုင်ပြီး၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း မိုးထစ်ချုန်း ရွာနိုင်သလို မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတွေ လေပြင်းတိုက်ခတ်ပြီး ပင်လယ်ပြင် လှိုင်းအသင့်အတင့် ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒက မိုးလေဝသအခြေအနေကို အချိန်နဲ့ တပြေးညီ သတိပေးကြေညာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG