သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ ရေဘေးသင့်


စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))
စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး လေးမြို့ မြစ်ရေတက်လာမှုကြောင့် မြောက်ဦးမြို့နယ်က စင်းဘောကိုင်း ဒုက္ခသည်စခန်းနဲ့ မြတန်ဆောင်း စစ်ရှောင်စခန်းတွေမှာ ရေနစ်မြှုပ်ပြီး စခန်း နေရာပြောင်းရွှေ့နေရတယ်လို့ အကူညီပေးရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ အထူးသဖြင့် ယာယီတဲဆောက်လုပ်ဖို့နဲ့ စားနပ်ရိက္ခာပိုင်းမှာ အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မိုး အဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လေးမြို့မြစ်အနီးမှာရှိတဲ့ စင်းဘောကိုင်း စစ်ရှောင်စခန်းဟာ ရေနစ်မြှုပ်မှုကြောင့် နေရာပြောင်းရွှေ့နေရတယ်လို့ မြောက်ဦးအရေးပေါ် ကူညီရေးအဖွဲ့က ကိုဇော်ထွန်းက ပြောပါတယ်။

"စင်းဘောကိုင်းမှာက အိမ်ထောင်စု ၄၁၅ စုက စင်းဘောကိုင်းရဲ့ ရွာအနောက်ဘက်မှာ ရှိတဲ့ အဲဒီဗေါဓိကုန်းဘုရားပေါ့ဗျာ။ အဲဒီကုန်းပေါ်ပြောင်းပြီးတော့ အဆောက်အဦးတွေ စဆောက်နေကြပြီးပေါ့။ ရေကကျတော့ သူက လေးမြို့မြစ်ကမ်းမှာ ရေကြီးနေကြပါတယ် အဲဒီနေရာက။"

ပြီးခဲ့တဲ့မတ်လက မြန်မာစစ်တပ်နဲ့ ရခိုင့်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအတွင်း လေးမြို့မြစ်အနားက မော်ရွာ၊ သစ်၊ ဘုရားကြီး၊ ချိတ်ချောင်းစတဲ့ ကျေးရွာက ရွာသား ၁၅၀၀ ကျော်ကနေ စင်းဘောကိုင်းရွာဘက်ကို စစ်ဘေးတိမ်း ရှောင်လာတဲ့သူတွေ ဖြစ်ကြပါတယ်။

လက်ရှိနေရာပြောင်းရွှေ့နေရတဲ့ စစ်ရှောင်တွေအတွက် ယာယီတဲ အိမ်ဆောက်လုပ်ရာမှာ လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ ကိုဇော်ထွန်းက ပြောပါတယ်။

“စခန်းက သူတို့ပထမဆောက်ပေးတဲ့ နေရာမှာ ဝါးတွေဆိုတော့ တချို့နေရာမှာ ပြန်သုံးလို့ရတဲ့ဟာတွေ ရှိတယ်။ ပြန်သုံးလို့မရတဲ့ဟာတွေ ရှိတယ်ပေါ့လေ။ အဆောက်အဦးပဲ အဓိကရှပ်တာပဲ အဓိကအရေးပေါ် လိုအပ်မယ်။ စားရေးသောက်ရေးလည်း အဓိက လိုအပ်မယ်ပေါ့။”

ဒီလို စစ်ဘေးသာမက ရေဘေးဒုက္ခကိုပါ ထပ်ဆင့်ကြုံနေရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရအာဏာပိုင်တွေဆီက ကူညီမှုတွေ မရရှိသေးဘူးလို့ စခန်းတာဝန်ရှိသူတွေကဆိုပါတယ်။

စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))
စင်းဘော်ကိုင်းစခန်း (သတင်းဓာတ်ပုံ - Khine Murn Chun (Mrauk U))

စင်းဘောကိုင်း စစ်ရှောင်စခန်း ရေဘေးဒဏ်ခံနေရတာနဲ့ ပတ်သက်လို့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် သာစိန်က အခုလိုပြောပါတယ်။

“အခြေအနေကတော့ ပထမသောင်ပြင်မှာ လုပ်ထားတဲ့ဟာလေ။ အခု မိုးတွင်းရောက်လာပြီး ရေလည်း တက်လာပြီးဆိုတော့ မိုးကလည်း အသည်းအထန် ရွာနေတယ်ဆိုတော့။ ရွာတွေကနေပြီးတော့ အကုန်လုံးရွှေ့ကြတယ်။ အိမ်ထောင်စု ၅၀၀ ကျော်လောက်အကုန်လုံး။ သူတို ရေဘေးဒုက္ခသည်မှမဟုတ်တာ။ ပြောင်းရွှေ့တယ်ဆိုတာက ကြိုတင်ကာကွယ်တဲ့ အနေနဲ့လုပ်တာ”

ဒေသခံ အာဏာပိုင်တွေအနေနဲ့ ဒီစစ်ရှောင်စခန်း ရေကြီးပြောင်းရွှေ့ရမှုဟာ ရေဘေးဒုက္ခသည်အနေနဲ့ သတ်မှတ်တာ မရှိဘူးလို့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

အလားတူ မြောက်ဦးမြို့နယ် မြတန်ဆောင်းစစ်ရှောင်စခန်းမှာလည်း ယာယီတဲအိမ်တွေရေလွှမ်းမိုးမှုရှိနေတယ်လို့ စစ်ရှောင်စခန်းကော်မီတီဝင် ဦးအေးကျော်ကပြောပါတယ်။

“ကျောင်းအပြင်ဝမှာ အိမ်ဆောက်ထားတာ ယာယီစစ်ရှောင်တွေရှိတယ် ခင်ဗျ။ ဆောက်ထားတဲ့အိမ်က ၆၅ လုံး လောက်ရှိတယ်။ ရေမြှုပ်နေပြီအဲတာ။ ကျောင်းပေါ်မှာ ၄-၅ စုတော့ရောက်နေပြီ။”

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်း မိုးအဆက်အပြတ်ရွာသွန်းနေလို့ မင်းပြားမြို့ပေါ် ရပ်ကွက်အချို့နဲ့ကျေးရွာ တစ်ချို့တွေမှာ ရေကြီးမှုတွေ ဖြစ်ပွါးနေတယ်လို့ မင်းပြားမြို့ ကျန်းရိပ်ကရုဏာဖေါင်ဒေးရှင်း တာဝန်ခံ ဦးသိန်းထွန်း ကပြောပါတယ်။

“မင်းပြားမြို့ပေါ်မှာကျတော့ မြေနိမ့်ပိုင်းတွေမှာကျတော့ ၃ ပေ။ မြေမြင့်ပိုင်းမှာကျတော့ ရေ ၂ ပေရောက်တဲ့ဟာတွေ ရှိတယ်လေ။ ကျနော်တို့ ပြည်တော်သာရယ် မင်းဘာကြီးရယ် ရေ ၂ ပေ ၃ ပေလောက်ပေါ့။ မြို့ပေါ်ရပ်ကွက်လေ။ နယ်တွေမှာဆိုရင်လည်း ဖေါင်သာချောင်းတို့ ပန်းမြောင်ကြီးချောင်းတို့မှာ ရေမြှုပ်တဲ့ ရွာတွေလည်းရှိတယ်။ ရွာ ၁၀ ကျော် လောက်တော့ ရေနစ်တယ်။ ရေဘေးဒုက္ခသည်တွေက နည်းနည်းမြင့်တဲ့ အိမ်တွေရော ဘုန်းကြီးကျောင်းတွေရော အဲဒီလိုမျိုးတွေ ရွှေ့ပြောင်းတာတွေ ရှိတယ်။”

မင်းပြားမြို့ပေါ် ရပ်ကွက်ဖြစ်တဲ့ မင်းဘာကြီး၊ ပြည်တော်သာ၊ ဦးစိုးတင့်နှင့် ဥက္ကာပျံ ရပ်ကွက်တို့မှာ ရေလွှမ်းနေသလို ကျေးရွာ ၁၀ ရွာလောက်မှာ ရေကြီးနေပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေလို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ကိုလည်း မိုးလေဝါသနဲ့ ဇလဗေဒဦးစီးဌာနကနေ ဇူလိုင်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ ရေကြီးမှုတွေ ဖြစ်ပွားနေပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအား အသင့်အတင့်ရှိနေပြီး ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တလျှောက်အတွက် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။ မိုးရွာစဉ် ရေပြင်၊ မြေပြင်လေက တနာရီ ၁၀ မိုင် ကနေ ၂၀ မိုင်အထိ တိုက်ခတ်နိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG