သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ရခိုင်လူငယ်အဖွဲ့ ထုတ်ပြန်


 မြောက်ဦး ပစ်ခတ်မှု (သတင်းဓါတ်ပုံ ကိုဇော်ထွန်း )
မြောက်ဦး ပစ်ခတ်မှု (သတင်းဓါတ်ပုံ ကိုဇော်ထွန်း )

ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ၂၀၁၉ ခုနှစ် မေလအထိ ၆ လတာအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု ၁၉၅ မှု တွေ့ရှိရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC က ထုတ်ပြန်ပါတယ်။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာတပ်မတော်အပါအဝင် ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်ကြတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ တချိန်တည်းမှာတော့ ရခိုင် ကျောက်တော်မြို့နယ် အတွင်းက မြန်မာစစ်တပ်နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ စစ်ဘေးရှောင်နေရပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ မေလအထိ ၆ လအတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ဆက်စပ်ရာ မြို့ ၁၄မြို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပြီး၊ အတော်များများကိုတော့ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုတင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီဇင်ဘာ ၂၀၁၈ ကနေ ကျနော်တို့ မေ ၂၀၁၉ အထိဆို လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းတွေ့ရှိချက်အရ ၁၉၅ မှု ကျနော်တို့ တွေ့ရှိရပါတယ်။ အဲဒီမှာ တပ်မတော်က ချိုးဖေါက်တာ တော်တော်များများကို ကျနော်တို့ တွေ့ရပါတယ်။ ချိုးဖေါက်မှု အမျိုးအစား ကိုး မျိုး တွေ့တာပေါ့နော်။ အဓိကတွေ့ရတာက ဒီ မတရားဖမ်းဆီး ထိန်းချုပ်ထားမှုရယ်၊ ပစ္စည်းဥစ္စာ ဖျက်စီးမှုရယ်၊ အတင်းအဓမ္မနေရပ် စွန့်ခွါခြင်း။ ညှင်းပန်းနှိပ်စက်မှုနဲ့ လူမဆန်စွာ ကျူးလွန်မှု အဲတာ ၄၄ မှု ကျနော်တို့ တွေ့တယ်။ ပြီးရင်သတ်ဖြတ်မှုက ၃၇ မှု ကျနော်တို့ တွေ့တယ်။ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်မှု ပြီးရင် အစအန ပျောက်ဆုံးမှုဆိုတဲ့ဟာက ရှစ် မှု ကျနော်တို့ တွေ့တယ်။ တပ်မတော်က တိုက်ပွဲမှာ အရပ်သားတွေကို ရှင်းလင်းပြီးတော့ သေသွားတဲ့ဟာက စုစုပေါင်း ၅၀ ကျော် တွေ့ရတယ်ခင်ဗျ ဒီမေလအထိပေါ့နော်။”

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ၊ မင်းပြား၊ မြေပုံ၊ အမ်းမြို့နယ်၊ ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ပြည်မြို့နယ်၊ ပုသိမ်မြို့နယ်တို့အပြင် ရန်ကုန် တိုင်းဒေသကြီးအစရှိတဲ့ မြို့နယ် သုံး မြို့နယ် တို့မှာ လူ့အခွင့်အရေးချိုးဖေါက်ခံရမှု ၁၉၅ မှု လေ့လာတွေ့ရှိရတယ်လို့ ကိုတင်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ဖြစ်စဉ်တွေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ရှိနေပြီး အရပ်သားပြည်သူ ထိခိုက်ခြင်း ၂၉ မှု ရှိခဲ့ပြီး လူဦးရေအားဖြင့် ၅၀ ခန့် သေဆုံးမှု ဖြစ်ပေါ်စေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာ့တပ်မတော်၊ အစိုးရ ၊ ရခိုင့်တပ်တော်၊ အရ ကန် ရိုဟင်ဂျာ အဖွဲ့ ARSA တို့ ပါဝင်ကျူးလွန်ခဲ့တာကို လေ့လာ ဆန်းစစ် တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကနေ့ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသ တောင်ပေါက်ရွာအနားမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲ မဖြစ်ခင်မနေ့က တောင်ပေါက်ရွာထဲကို မြန်မာစစ်တပ် ဝင်ရောက်လာပြီး ရွာသားတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို ပစ်ခတ်သံကြားအပြီး ကန်စောက်ကျေးရွာဘက်ကို စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကန်စောင့် ဆရာတော်ကနေ အခုလို မိန့်ပါတယ်။

“အသံတွေတော့ ကြားနေရတယ်။ အဲဒီပါတ်ဝန်းကျင်က ကြားနေရတယ် အသံကလေ။ ရွာသားတွေက ဦးဇင်းစခန်းထဲမှာလည်း ရှိနေတယ်။ ရွာထဲမှာလည်း ကျန်နေတယ်။ မနေ့ကတော့ အဲဒီတောင်ပေါက်ရွာက လူတွေကို စစ်တပ်ကနေပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ စုထားတယ်။ ကျန်တဲ့ လူတွေလေ။ ရွာမှာကလူတွေနည်းနည်း ကျန်တယ်။ ဒီမှာ ဦးဇင်းဆီမှာ အများကြီး ရှိနေတယ်။”

ကျောက်တော်မြို့နယ် တောင်ပေါက်ရွာ အပါအဝင် ယိုးချောင်းဒေသကရွာသား ၅၀၀ ကျော်ဟာ ကန်စောက်ရွာ စစ်ရှောင်စခန်းမှာ တိမ်းရှောင်နေကြတယ်လို့လည်း စခန်းတာဝန်ခံဆရာတော်က မိန့်ပါတယ်။

နှစ်ဘက် တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို သိရှိဖို့ မြန်မာတပ်မတော်နဲ့ AA အဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသား ၅၀,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ရခိုင် လူမှုအဖွဲ့အစည်းတွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု လူ့အခွင့်အရေး ကျူးလွန်နေမှုအပေါ် အစိုးရ အနေနဲ့ တာဝန်ယူတာဝန်ခံ ဖြေရှင်းပေးဖို့ကိုလည်း ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အဖွဲ့ကနေ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG