သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် စစ်ရှောင်စခန်းအချို့ ရေလွှမ်း


ရခိုင်ပြည်နယ်တွင်း စစ်ရှောင်ဒုက္ခသည်စခန်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေပြီး၊ တချို့နေရာတွေ အရေးပေါ် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒီအတွက် ခရီးလမ်းပမ်း အလှမ်းဝေးတဲ့ ဒုက္ခသည်စခန်းတွေအဖို့ ပိုပြိး စိုးရိမ်စရာတွေရှိနေတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။

အခုရက်ပိုင်းထဲ ရခိုင်ပြည်နယ်မြို့တချို့မှာ မိုးများပြီး ရေဝင်ရောက်တွေရှိနေလို့ အနိမ့်ပိုင်းက စစ်ရှောင်စခန်းတွေအတွက် စိုးရိမ်နေရပါတယ်။

စစ်ရှောင်စခန်း ငါး ခုနဲ့ လူဦးရေကတော့ ၃,၀၀၀ လောက်ရှိတဲ့ ပုဏ္ဏားကွျှန်းမြို့နယ်ဘက်မှာလည်း ပုံမှန်မိုးရွာတိုင်း မြေပြို၊ ရေကြီးတာတွေ ရှိလို့ ကူညီရေးအတွက် လုံးပန်းနေရကြောင်း ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“သူက အခုဆောက်ထားတဲ့ စစ်ရှောင်စခန်းဟာ မနှစ်ကလိုသာရေကြီးမယ်ဆိုရင် မလွယ်ဘူး စိုးရိမ်ရတယ်ပေါ့။ ကျနော်တို့ဒေသက နှစ်စဉ်လိုလို ရေကြီးတယ်။ မိုးရွာရင်တောင်ပြိုတယ် တောင်ကျရေပါရင် အိမ်ပြိုတယ်။ အဲဒီလိုကျနော်တို့မှာ နှစ်စဉ်လိုလို ဖြစ်နေတယ်။”

စစ်ရှောင်များတဲ့ မြောက်ဦးမြို့စင်း၊ ဘောကိုင်းစစ်ရှောင်စခန်းမှာလည်း ရေဝင်နေပြီး နေရာပြောင်းဖို့ စခန်းတာဝန်ခံ မြတန်စောင်းဆရာတော် ကြိုးစားနေပေမယ့် ငွေကြေးခက်ခဲနေကြောင်း ရခိုင်အခြေစိုက် DMG သတင်းဌာနက ဖော်ပြသွားပါတယ်။ မြောက်ဦးလောက် စစ်ရှောင် မများပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လာဖို့အလှမ်းဝေးတဲ့ ဒေသတွေမှာလည်း မိုးရွာလို့ရေကြီးရင် စိုးရိမ်နေရကြောင်း မင်းပြားဘက်မှာ ကူညီရေးလုပ်ငန်းတွေ လုပ်နေတဲ့ သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့က ဦးအမ်းသားကြီးက ပြောပါတယ်။

“မိုးရွာတော့လေ သူတို့ရဲ့ နေရာထိုင်ခင်းက တချို့က အပေါ်က တာလပတ် မိုးထားတာရှိတယ်။ တချို့က အုန်းမိုးထားတာရှိတယ်။ တာလပတ် မိုးပြီးနေရတဲ့ သူက အဆင်မပြေဘူး။ အခင်းကျတော့လည်းမြေကြီးနဲ့ တချို့ဆို ကိုးလက်မလောက်အမြင့်မှာ ဆောက်ထားတာဆိုတော့ ဒီနေရာထိုင်ခင်းကလုံးဝအဆင် မပြေတဲ့နေရာတွေ ရှိပါတယ်အစ်ကို။”

အခုနှစ်ဆန်းပိုင်းကစလို့ ပိုမိုတင်းမာလာတဲ့ ရခိုင်မြောက်ပိုင်း စစ်ရေး အခြေအနေတွေအကြားမှာ ဒေသခံကျေးရွာသားတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေနဲ့ တိုက်ပွဲတွေအကြား ထိခိုက်သေဆုံးမှုတွေ တိုးလာသလို၊ စစ်ဘေးရှောင်တဲ့ ဒုက္ခသည် အရေအတွက်ကလည်း တိုးလာနေပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့ တပ်မတော်ရဲ့ လုပ်ရပ်က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလလူ့အခွင့်အရေးကောင်စီကို ဇူလိုင်၂ ရက်က တင်ပြခဲ့ပါတယ်။

ရခိုင်မှာ စခန်းရောက် စစ်ရှောင်နဲ့ စခန်းပြင်ပ စစ်ရှောင် နှစ်ခုပေါင်းဦးရေဟာ Rakhine Ethnics Congress-REC ရဲ့ အချက်အလက်အရဆိုရင် စခန်း ၆၀လောက်မှာ ၄၆,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG