သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အင်တာနက်ဖြတ်တောက်မှု မလုပ်သင့်တဲဖြစ်ရပ်အဖြစ် ဝေဖန် 


ရခိုင်ပြည်နယ်တွင်း အင်တာနက် အသုံးပြုနေသူတဦး
ရခိုင်ပြည်နယ်တွင်း အင်တာနက် အသုံးပြုနေသူတဦး

ရခိုင်ပြည်နယ်တွင်း စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေမှာ အင်တာနက်လိုင်းတွေကို ဒေသတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းရေးကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရအနေနဲ့ ဖြတ်တောက်လိုက်တာဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးမားလွန်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရခိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ သတင်းလွတ်လပ်စွာစီးဆင်းခွင့်နဲ့ နိုင်ငံသားတွေရဲ့အခြေခံ အခွင့်အရေးကို ထိခိုက်စေတဲ့အတွက် ပြည်သူ့အစိုးရ လက်ထက်မှာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက စစ်ဖြစ်ရာမြို့နယ် ၈မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်အပါအဝင် ပေါင်း(၉)မြို့နယ်တွင်းက အင်တာနက်လိုင်းတွေကို ဇွန်လ ၂၁ ရက်နေ့က စပြီး ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ယာယီ ဖြတ်တောက်ထားတာပါ။

စစ်ဖြစ်နေတဲ့နေရာတွေက ဒေသတွင်းနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အများပြည်သူအကျိုးကို ထိခိုက်စေတဲ့ အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြတ်တောက်လိုက်တာဟာ သတင်း-အမှောင်ချလိုက်တာဖြစ်ပြီး အန္တရာယ်များလွန်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အင်တာနက် ဖြတ်တောက်ခံလိုက်ရတဲ့ ရခိုင်ပြည်နယ် ထဲက မြို့နယ် တမြို့နယ်ဖြစ်တဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ဗွီအိုအေမြန်မာပိုင်း ကိုပြောပါတယ်။

“ကျမတို့အနေနဲ့ကတော့ တကယ့်ကို အန္တရာယ်ရှိတယ်လို့ သုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ရသေ့တောင်မဲဆန္ဒနယ်က ဖြစ်တော့ ရသေ့တောင်ကိုဆင်းရတယ်။ ဆင်းရတော့ လူမှုဆိုရှယ်မီဒီယာကနေတဆင့် ကိုယ်တို့သွားလာတဲ့နေရာကို တင်ရတယ်။ နောက်တခါ တကယ့်ကို စစ်ဖြစ်နေတဲ့ နေရာမှာ အခက်အခဲပေါင်းစုံရှိကြတာကို တွေ့တယ်။ ဥပမာ-ကျောက်တန်းလို ပုံစံမျိုးဖြစ်လာတဲ့ ပြဿနာဆိုရင်အချိန်နဲ့ တပြေးညီ ပြည်သူ့ကိုယ်စားလှယ်တွေက ကူညီလို့ရတယ်။ အဲလိုအခြေအနေမျိုးဖြစ်လာလို့ရှိရင် ဖုန်းတခုတည်းကို အားကိုးလို့ ဘယ်လိုမှ မရနိုင်ဘူး။ ဒီလူမှုကွန်ယက်ကတော့ တချိန်လုံး သတင်းကို အချိန်မီ သိနိုင်တဲ့အတွက်ကြောင့်ပေါ့နော် ဥပမာ စစ်ဘေးဒုက္ခသည်တွေ အရမ်းအခက်အခဲတွေရှိတယ်။ သူတို့စားဝတ်နေရေး အင်မတန်မှ ပြည်သူတွေ ဒုက္ခရောက်ခဲ့တာရှိတယ်။ အဲလိုအခြေအနေမှန်တွေသည် ဒီလူမှုကွန်ယက်ကနေတဆင့်ပေါ့နော် ဆရာ၊ ဆရာမတို့ စသိခဲ့တာတွေရှိပါတယ်။ အဲဒီအတွက်ကြောင့် အခုလို ဒီလူမှုကွန်ယက်ကို ပိတ်လိုက်တာက တကယ့်ကို ရခိုင်ပြည်နယ်ရဲ့ လူ့အခွင့်အရေးတခုကို ရိုက်ချိုးလိုက်သလိုနဲ့ တူပါတယ်လို့ ကျမအနေနဲ့ သုံးသပ်ပြောချင်ပါတယ်။”

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက် အခုလိုသတင်းလွတ်လပ်စွာစီးဆင်းခွင့်နဲ့ အခြေခံနိုင်ငံသားတွေ ရဲ့ သတင်းလွတ်လပ်စွာ ရယူခွင့်တွေကို ပိတ်ပင်တားဆီးမှုဟာ မလုပ်သင့် မလုပ်အပ်တဲ့ လုပ်ရပ်တခုဖြစ်ပြီး တကယ်ပဲ ဒေသတွင်း တည်ငြိမ်အေးချမ်း ဖို့ဆိုရင် တိုက်ပွဲတွေကိုသာ အမြန်ဆုံးရပ်တန့်အောင် ဆောင်ရွက်ပါ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်းပါတယ်။

“ပြည်သူ့ကိုယ်စားလှယ်တယောက်အနေနဲ့ရော ပြည်သူတွေအနေနဲ့ကလည်း ပြည်သူ့အစိုးရကို ပိုပြီးတော့ အရမ်းပဲ အားကိုးယုံကြည်မှုတွေထားခဲ့တယ်။ ဆက်သွယ်ရေးပုဒ်မ ၇၇ မှာပါတယ် အစိုးရက ဒီလိုပိတ်ပင်ခွင့်ရှိတယ်ဆိုတဲ့ ပုဒ်မပေါ့နော် ပြည်သူတွေ တည်ငြိမ်အေးချမ်းဖို့အခြေအနေအရ ပိတ်တယ်လို့ ပြောထားတာရှိပါတယ်။ ကျမတို့အနေနဲ့ကတော့ ဒီလိုပိတ်ပင်ချင်းသည် ဒီမိုကရေစီ အစိုးရအနေနဲ့လည်း မလုပ်သင့်ဘူး ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရအနေနဲ့လည်း မလုပ်သင့်ပါဘူး။ တည်ငြိမ်အေးချမ်းဖို့ကိုလိုချင်တယ်ဆိုရင် စစ်ပွဲကို ရပ်ဖို့လိုပါတယ်။ စစ်ပွဲတွေရပ်ဖို့ အစိုးရက တိုက်တွန်းဖို့လိုပါတယ် အခုကတော့ အစိုးရကအပြတ် ချေမှုန်းလိုက် ၊ အပြတ်တိုက်လိုက်ဆိုတဲ့ အသံတွေပဲ ကြားပြီးတော့ တည်ငြိမ်အေးချမ်းမှုအရသာကိုပေါ့နော် ၊ အနှစ်သာရကို တခုမှ တိုက်တွန်းတာ မတွေ့ရဘူး ။ လူ့အခွင့်အရေးကို ပိတ်ပင်တယ်လို့ ကျမတို့ အဲလိုပဲ ခံစားရပါတယ်။”

ဇွန်လ ၂၃ရက်နေ့ တနင်္လာမှာတော့ ဒီလိုအင်တာနက်ဖြတ်တောက်မှုကို ချက်ခြင်း ရပ်ဆိုင်းပြီး အမြန်ဆုံး ပြန်သုံးခွင့်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေဘက်ကနေ ရခိုင်ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်ကို အရေးတကြီးအဆိုကို အရေးပေါ်တင်သွင်းခဲ့ကြပါတယ်။ အလားတူ ပြည်သူ့လွှတ်တော်မှာလည်း ဒီလို ရခိုင်ပြည်နယ်တွင်း သတင်းအမှောင်ချ ထားတဲ့အရေး အဆိုတင်သွင်းဖို့ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကပြောပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နုယ်တွင်း စစ်ဖြစ်နေတဲ့နေရာတွေမှာ အခုလို အင်တာနက်သုံးစွဲခွင့် ပိတ်ပင်လိုက်တာဟာ အင်မတန်မှ အန္တရာယ်ကြီးမားတဲ့လုပ်ရပ်ဖြစ်ပြီးတော့ ရခိုင်ပြည်သူလူထုကြုံနေရတဲ့ အခက်အခဲတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့လုပ်ရပ်သာ ဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချပါတယ်လို့ အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းဇံ ကပြောပါတယ်။

“အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဆက်သွယ်ရေးပိုင်းဆိုင်ရာပေါ့နော် အဓိက အင်တာနက်ကို ဖြတ်တောက်လိုက်တာ ကျနော်တို့အနေနဲ့ကတော့ တော်တော်ကို အခြေအနေဆိုးတယ်လို့ ယူဆပါတယ်။ ကျနော်တို့ ဒီမိုကရေစီကို ဦးတည်ပြီးသွားနေတဲ့ တိုင်းပြည်မှာ ဒီလိုလုပ်တာက လူထုကို အမှောင်ချပြီးတော့ သူတို့ လုပ်ချင်ရာလုပ်မယ်ပေါ့နော်။ အင်တာနက်တွေဘာတွေရှိပြီးတော့ သတင်းတွေဘာတွေ ပို့ပေးနေတဲ့အချိန်မှာ သူတို့က စနစ်တကျ လိမ်လည်ပြီးတော့ သတင်းအမှန်ပြန်ကြားရေး ဘာညာဆိုပြီးတော့ propaganda ပေါ့ လူထုကို အမှောင်ချပြီးတော့ လိမ်လည်သွားဖို့ ဆက်လုပ်ထားပြီးတော့ ကျနော်တို့ လုံး၀ မလိုအပ်တဲ့ ကိစ္စမျိုးဖြစ်တဲ့အတွက် ကျနော်တို့က ကန့်ကွက်တယ် ။ အခုအဲဒီကိစ္စကို Washington DC မှာရော အကုန်လုံး ဆန္ဒပြသွားဖို့ ရှိပါတယ်။ ဒါက လုံးဝလုပ်အပ်တဲ့ကိစ္စပေါေ့နာ် အဲဒါ လုံးဝလုံး၀ ကန့်ကွက်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက MPT နဲ့ Telenor အင်တာနက်ဒေတာ ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားခဲ့တဲ့အတွက် အင်တာနက်ယာယီဖြတ်တောက်ထားပြီး ဖုန်းခေါ်ဆိုမှုနဲ့ SMS စာတိုဝန်ဆောင်မှုတွေကတော့ ဆက်လက် ရရှိနေမှာဖြစ်ကြောင်း ရခိုင်ဒေသခံတွေကို တယ်လီဖုန်းကနေတဆင့် အကြောင်းကြားစာတွေပေးပို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG