သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မင်းပြားမှာ တိုက်ပွဲပြင်းထန်


 AAရခိုင်လက်နက်ကိုင်အဖွဲ့ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AAရခိုင်လက်နက်ကိုင်အဖွဲ့ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားစစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာ နေသလို တိုက်ပွဲတွေလည်း ပြင်းထန်လာနေတာပါ။ မနေ့ကနဲ့ဒီကနေ့မှာ မင်းပြားမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတယ် လို့ မြန်မာစစ်တပ်ကရောAA ဘက်ကပါ ပြောပါတယ်။ ဒီလိုဖြစ်ပွားတဲ့တိုက်ပွဲ ကြောင့်အနီးနားကျေးရွာက ရွာသားတွေ နေရပ်က တိမ်းရှောင် နေရတယ်လို့လဲ ဒေသခံတွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင် AAအဖွဲ့တို့ မနေ့ကနဲ့ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့ AAနဲ့ကတော့ ရွှေကျင်ရဲ့ အရှေ့ဖက်ပေါ့ ထိတွေ့မှုဖြစ်တာတွေရှိတယ်။ မနေ့ကရော ဒီနေ့ရောပေါ့။ ဒီနေ့လည်း လက်ရှိအချိန်ထိတော့ဖြစ်နေတုန်းဘဲခင်ဗျ။ အဲဒီဖက်မှာ AAသောင်းကျန်းသူတွေ ယာယီလှုပ်ရှားနေတဲ့ ယာယီ စခန်းတွေပေါ့နော်။ ကျွန်တော်တို့ တပ်တွေကလိုက်ပြီးတော့မှ နယ်မြေရှင်းနေတာရှိတယ်။ ကျွန်တော်တို့လက်နက်ကြီး ပစ်ကူတွေနဲ့ ပစ်တာတော့ရှိတာပေါ့ဗျာ။ လေယာဉ်ကတော့ ကျွန်တော်တို့လိုအပ်ရင်သုံးမှာ ပေါ့ဗျာ။ လောလောဆယ် ကျွန်တော်တို့ကတော့လေကြောင်းကင်းထောက်တွေ ဘာတွေရှိပါတယ်။”

ရခိုင်AAပြန်ကြားရေးတာဝန်ခံခိုင်သုခကတော့ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာနဲ့ ဒိုင်းသားရွာအရှေ့ဖက် တောင်တန်း ပေါ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ် လို့ပြောပါတယ်။

“အဲဒီမှာ တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့တာရှိတယ်။ မနေ့က နေ့လယ်(၁၂)ခွဲကနေပြီးတော့ ညမှောင်တဲ့အထိပေါ့။ အဲဒီမှာ တိုက်ပွဲပြင်းထန်ဖြစ်တာရှိတယ်။ မင်းပြားမြို့နယ် ၊ ရွှေကျင်ရွာရဲ့အရှေ့ဖက်တောင်တန်းမှာ အဲဒီမှာ ဗမာစစ်တပ်ဖက်က နေပြီးတော့ သူတို့အင်အား(၄၀၀)ကျော်လောက်နဲ့ သူတို့အဲဒီမှာလာပြီးတော့ပစ်တယ်။ နှစ်ခေါက် တပ်လန်သွားပြီး တော့ သူတို့နောက် helicopter ၂ စီးနဲ့နေပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တာပေါ့။ အဲဒီမှာနှစ်ကြိမ် တိုင်တိုင်လာပြီးတော့ ဗုံးကြဲတယ်။ မနေ့ကတိုက်ပွဲစဉ် တလျှောက်လုံးမှာ အကျဆုံးတွေများတယ်ဗျ။ ထိခိုက်ကျဆုံးမူက (၄၀)အထက်ရှိတယ်လို့ပြောတယ်။ နောက် ဒီမြောက်ဦးမြို့နယ်ထဲမှာ ကျောက်ကြပ်ရွာအနားမှာလဲတိုက်ပွဲဖြစ်တာ ရှိ တယ်။ ပြီးတော့လက်ကာရွာရဲ့ အနောက်ဖက်ကနေရာမှာလဲဖြစ်တာရှိတယ်။”

ဒီတိုက်ပွဲမှာမြန်မာစစ်တပ်ဖက်ကထိခိုက်ကျဆုံးမှုများပြားတယ်လို့ပြောဆိုနေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

AA ဘက်ကတော့ စစ်သည်(၂)ဦးကျဆုံး ဒဏ်ရာတချို့ရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

ဒီလိုဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ရွှေကျင်ကျေးရွာသား တထောင်ခန့် ရွာကနေတိမ်းရှောင် နေရတယ်လို့ ရွှေကျင်ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းကပြောပါတယ်။

“ကျွန်တော်တို့အရှေ့ဖက်တောင်ကုန်းတွေမှာ လက်နက်ကြီးလက်နက်ငယ် တိုက်သံကြားရပါတယ်။ မြောက်ဦးဖက်က လက်နက်ကြီးပစ်တိုက်တာလဲရှိတယ်။ ကျွန်တော်တို့ ကရွှေကျင်ကျေးရွာက လူတွေကတော့ နီးစပ်ရာကျေးရွာတွေ မောင်းခူးတို့ ပန်းမြောင်းတို့ ထွက်ပြေးသွားတာလဲ လူတဝက်နီးပါးလောက် ရှိတယ်။ လူဦးရေ(၁၀၀၀)နီးနီးလောက် နီးစပ်ရာကို ထွက်ပြေးရတာရှိပါတယ်။”

ဒီကနေ့မနက်မြောက်ဦးမြို့နယ် ကျောက်ကြပ်ကျေးရွာဘက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျေးရွာသားတဦး ကပြောပါတယ်။

“ကျောက်ကြပ်မှာ ဒီနေ့(၈)နာရီဝန်းကျင်က (၁၀)နာရီဝန်းကျင် အထိလာထုတယ်ခင်ဗျ။ တိုက်ပွဲတော့ ဖြစ်သံတော့ကြား တယ်။ အသံကတော့ကြီးကြီးလည်းပါတယ်။ သေးသေးလည်းပါတယ်။ ကျောက်ကြပ်အရှေ့ဖက် တောင်တန်းမှာပေါ့။”

ရခိုင်ဒေသတိုက်ပွဲဟာ ပြည်နယ်မြို့တော်စစ်တေ ွအထိ ကျယ်ပြန့်လာတဲ့ အခြေအနေရှိနေပါတယ်။

မနေ့က မနက်အစောပိုင်းမှာ စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝမှာ ရှိနေတဲ့ မြန်မာတပ်မတော် ရေတပ် ဆွဲသဘောၤ တစီးကို AAဘက်ကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ် လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“မနေ့က မနက်(၃)နာရီ(၄၀)ပေါ့ (၄)နာရီဝန်းကျင်လောက်မှာ ရေတပ်ပေါ့။ ရေတပ်သင်္ဘောဆိုတာ ကျွန်တော်တို့ ရေဆွဲ ယာဉ်ခေါ်တာပေါ့။ အဲတာတော့ မြဝတီကလည်း တရားဝင် သတင်းထုတ်ပြန် ထားပြီးပါပြီ ခင်ဗျ။ အဲဒီအတိုင်းပါပဲ။”

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ရေယာဉ် ပဲ့စင်ပိုင်း ထိခိုက်ပျက်စီးခဲ့သလို မြန်မာစစ်တပ်ဖက်က စစ်သည် ၂ ဦးကျဆုံး ခဲ့ပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ထုတ်ပြန် ထားပါတယ်။ ပစ်ခတ်ခဲ့တဲ့နေရာ တစ်ဝိုက်ကို ရှင်းလင်း ဆောင်ရွက်ရာမှာ Type 63 မီလီမီတာ အမျိုးအစားဒုံးသီး ၁ လုံး (စိစစ်ဆဲ) နှင့် ရှော့တိုက်ရာမှာအသုံးပြုတဲ့ ဘတ္ထရီအိုး ၂ လုံး၊ ဆက်စပ်ဝါယာ ကြိုးတွေကိုလဲ တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ရေတပ်သင်္ဘောတိုက်ခိုက်ခံရအပြီး အနီးနားရွာတွေကို မြန်မာစစ်တပ်ကနေ ပိုက်စိပ်တိုက် စစ်ဆေးရာမှာ စစ်တွေမြို့ အနီး ရွှေပြည်သာ ဆက်ရိုးကျ ကျေးတောရွာ ဗျိုင်းဖြူရွာက ရွာသား(၂၀)ကျော် အဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တွေမြို့အမှတ်(၂)ရဲစခန်းမှာ တညတာဖမ်းဆီးစစ်ဆေးခံထားရာကနေ ဒီကနေ့(၁၀)နာရီ လောက်မှာ အားလုံးပြန် လွတ်လာခဲ့တယ်လို့ ကျေးတော ရွာသားတဦးကပြောပါတယ်။

“စစ်ဆေးခံဖို့ အမှတ်(၂)စခန်းကို ခေါ်ခဲ့တာ။ အားလုံး(၂၆)ယောက်။ ဆက်စပ်မှု တွေရှိမလား အဲတာကိုစစ်ဆေးတာ။ စခန်းကိုတော့ ခေါ်သွားတယ်။ စခန်းမှာ အိပ်မယ့် နေရာမရှိလို့ စခန်းအနီးနား ဂိုဒေါင်မှာဘဲ သူတို့ထားတယ်။ ဒီနေ့မနက် (၁၀)နာရီလောက် အကုန်လုံးလွတ်ပြီ။”

ဒီနေ့မနက်မှာလဲ မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်က ရွာသားနှစ်ဦးလဲ ငွေထုတ်ဖို့ မြောက်ဦးမြို့ကို အသွားမှာ မြန်မာစစ်တပ်ကနေ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေတနေ့ တခြား ကျယ်ပြန့် လာနေသလို စစ်ဘေးတိမ်းရှောင်ရသူ အရေအတွက်ဟာလည်း တိုးပွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG