သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နဲ့ ချင်းပြည်နယ်တွင်း မြို့နယ် ၉ မြို့နယ် အင်တာနက် ဖြတ်တောက်ခံရ


ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)
ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက မြို့နယ် ကိုးမြို့နယ်မှာ အင်တာနက် Data သုံးစွဲမှုတွေ ယာယီဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ ဒီနေ့အစောပိုင်းမှာလည်း မြန်မာစစ်တပ်က ရေတပ်သင်္ဘောတစီး တိုက်ခိုက်ခံခဲ့ရကြောင်း တပ်မတော်က ပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွမ်းအိန်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ဦး၊ စစ်တွေနဲ့ မောင်တောခရိုင်တွေမှာ MPT နဲ့ Telenor အင်တာနက်ဒေတာ ဝန်ဆောင်မှုတွေကို ယာယီရပ်ဆိုင်းဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း၊ ဖုန်းခေါ်ဆိုမှုနဲ့ SMS စာတိုဝန်ဆောင်မှုတွေကတော့ ဆက်လက် ရရှိနေမှာဖြစ်ကြောင်း ဒေသခံတွေကို လက်ကိုင်ဖုန်းတွေကတဆင့် မနေ့ကပဲ စာပေးပို့ အကြောင်းကြားခဲ့တာပါ။ ဘူးသီးတောင် မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ဒေသတွင်းမှာ အရေးကြီးတဲ့ ဆက်သွယ်မှုတွေကို ဖြတ်တောက်ရာကျတယ်လို့ ပြောပါတယ်။

“ကျနော်တို့ရခိုင်ပြည်နယ် ခုနစ် မြို့နယ်ပေါ့နော်။ အကုန်လုံးအင်တာနက်လိုင်းတွေပိတ်လိုက်ပြီး။ အင်တာနက်လိုင်းတွေ မရတော့ဘူး။ ကျနော်တို့အမှောင်ချခံလိုက်ရပြီးအခုကလေ။ အဓိကတော့သူတို့စစ်ဖြစ်တဲ့နေရာ အခုဖြစ်နေတဲ့ နေရာ ခုနစ် မြို့နယ်ပေါ့နော်။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးပေါ့။ ဒီဆက်သွယ်ရေးဝန်ကြီးဌာနကနေ တခါထဲ ဟိုဥစ္စာလုပ်တာထင်တယ်။ သူတို့က စစ်ဖြစ်တဲ့အကြောင်းအရာတွေကို သူများတွေ မသိရအောင် အဲဒီလိုလုပ်တယ်လို့တော့ ကျနော်တို့ထင်တာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ပြည်သူ လူထု အများကြီးသုံးနေတာ။ ကမ္ဘာကြီးနဲ့အဆက်သွယ်ဖြတ်လိုက်သလိုပဲဖြစ်တယ်။ ဒီဆက်သွယ်ရေးကွန်ယက်ကြီးဟာ ကျနော်တို့ပြည်သူအကုန်လုံးအတွက်လုက်ထားတာ။ ဒီလိုလုပ်တယ်ဆိုတာ ကမ္ဘာကြီးနဲ့အဆက်သွယ်ဖြတ်ပြီးတော့ ခွဲခြားပြီးမှ ဒီလိုလုပ်တယ်လို့ ကျနော်တို့ခံစားရတယ်ဗျ။”

အင်တာနက် ဆက်သွယ်မှုတွေ ယာယီဖြတ်တောက်ဖို့ ညွှန်ကြားထားတယ်လို့ဆိုတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။ ဖြတ်တောက်ဖို့ ညွှန်ကြားခံခဲ့ရတဲ့ Telenor ကုမ္ပဏီ ကတော့ ဇွန်လ ၂၁ ရက်နေ့ ည ၁၀ နာရီကစ ဖြတ်တောက်ခဲ့ကြောင်းနဲ့ ဆက်သွယ်ရေး ဥပဒေကို ကိုးကားဖော်ပြထားတဲ့ ညွှန်ကြားချက်မှာ ပိတ်ခိုင်းတဲ့ အကြောင်းရင်းကို တိတိကျကျ ရှင်းပြမထားတဲ့အတွက် ရှင်းလင်းချက်ရဖို့ တောင်းခံထားကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အချိန်မှာ စာနာမှုလုပ်ငန်းတွေအတွက် လိုအပ်ချက်ဖြစ်တဲ့ ဆက်သွယ်မှုတွေ ရှိနေဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။ အင်တာနက်လိုင်း ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ရမှာတော့ မသိသေးကြောင်း ပြောပါတယ်။

ဒေသတွင်းမှာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကတော့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ စာနာမှုအကူအညီတွေ လိုအပ်နေတဲ့ အခြေအနေမှာ အခုလို ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တဲ့အပေါ် စိုးရိမ်တယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဒါလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတော့မဟုတ်ဘူးပေါ့လေနော။ ဒါကကျတော့ဒီမိုကရေစီ စံနှုန်းနဲ့လည်း မကိုက်ညီဘူး။ ကျနော်တို့က လွတ်လပ်စွာ သတင်းအချက်အလက်နဲ့လုပ်ပိုင်ခွင့် ဒေတာကိုလည်းပယ်ဖျက် လိုက်တယ်။ ချိုးဖေါက်လိုက်တယ်လို့ပဲ ကျနော်တို့မြင်တယ်လေ။ ဒါကတပ်ရဲ့ အာဘော်အတိုင်းပဲ အစိုးရဘက်က လိုက်လုပ်တယ်လို့တော့ ကျနော်တို့မြင်တယ်လေ။”

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေဟာ အင်တာနက် လူမှုကွန်ရက်တွေကတဆင့် ပျံ့နှံ့လေ့ရှိတဲ့အတွက် ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ယူဆနေကြပါတယ်။ အခုလိုအင်တာနက်လိုင်း ဖြတ်တောက်ထားမှုကြောင့် ဒေသအတွင်း အခက်ခဲရှိလာနိုင်မယ် အခြေအနေကို ရခိုင်ပြည်နယ်လွှတ်တော်ကနေတဆင့် တင်ပြသွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

“စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ထိတာပေါ့ အဲဒီလို။ ကုန်စည်စီးဆင်းမှုကအစ သွားဖို့လာဖို့ကအစ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ကအစ အဲဒီလိုအခက်ခဲဖြစ်သွားတယ်လေ။ အင်တာနက်လိုင်းကို အဲဒီလိုကျနော်တို့ လွှတ်တော်ပိုင်းက ကျနော်တို့တောင်းဆိုရမှာပေါ့။ မလုပ်ပေးတော့ကျနော်တို့ တရားဝင်ပြောရမှာပဲ။"

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရာမှာ ဒီကနေ့မနက်မှာတော့ ရခိုင်ပြည်နယ်စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာ ရပ်နားထားတဲ့ တပ်မတော်ရေတပ်သင်္ဘောတစင်း ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“စစ်တွေက ကျနော်တို့ ဆတ်ရိုးကျချောင်းအဝမှာ ကျောက်ချထားတဲ့ ကျနော်တို့တပ်မတော်ရေက ဆွဲသင်္ဘော တစင်း ကို AA အကြမ်းဖက်သောင်းကျန်းသူတွေ မနက် ၃ နာရီခွဲလောက်က ၁၀၇မီလီမီတာ ရှော့တိုက်ဒုံးနဲ့ လာပစ်သွားတာရှိတယ်။ ဆွဲသင်္ဘောက ကယ်ဆယ်ရေးအတွက် ရှေ့ထွက်ထားတဲ့သင်္ဘောပေါ့။ ထိခိုက်မှုရှိတယ်။ စစ်သည်တွေ ထိခိုက်မှုရှိတယ်။”

ဒီတိုက်ခိုက်မှုကြောင့်တပ်မတော်ရေယာဉ်ရဲ့ ကိုယ်ထည်ပိုင်း အနည်းငယ်ထိခိုက် ပျက်စီးသွားပြီးစစ်သည်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့ သူကပြောပါတယ်။

ကုလားတန်မြစ်ဝအနီး ဆတ်ရိုးကျချောင်းမှာရပ်နားထားတဲ့ ရေတပ်ပိုင်ဆွဲ သဘောၤတစီး တိုက်ခိုက်ခံရအပြီး တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် စစ်တွေမြို့ခံ ဦးအောင်ဌေးကပြောပါတယ်။

“ဒီနေ့မနက်ပေါ့နော်။ ကုလားတန်မြစ်အဝလေ။ အဲဒီနားမှာ ရေတပ်စခန်းရှိတယ်။ ရေသင်္ဘောတွေရှိတယ်လေ။ ရေတပ် သင်္ဘောကို အပစ်ခတ်ခံရတယ်။ ရေတပ်ကနေပြန်ပစ်လို့ ဒီမှာရွာထဲမှာတော့ လက်နက်ကြီးကျည်ရာတွေ ဘာတွေကျတဲ့ အိမ်လည်းရှိတယ်။ ကျေးတောရွာလို့ခေါ်တယ် အဲဒီရွာကို။ အဲဒီရွာမှာ မနက်ပိုင်းတော့ တအိမ်တက်ဆင်း စစ်ဆေးချက်က တော့ကျနော်တို့ ကြားမိတာပဲဗျ။”

ရခိုင်ပြည်နယ်တွင်းက စစ်ဆင်ရေးတွေအတွင်း အရပ်သား သေဆုံးမှုတွေ၊ ဖမ်းဆီးမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေကြောင်းစွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကတော့ လုံခြုံရေးလိုအပ်ချက်အရ တုံ့ပြန်ဆောင်ရွက်ရာမှာ ဥပဒေနဲ့အညီ ဆောင်ရွက်နေကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကာကွယ်ပြောဆိုသွားပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG