သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဖမ်းဆီးခံအရပ်သား သေဆုံးမှု တိုး


ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (စက်တင်ဘာ၊ ၁၃၊ ၂၀၁၇)
ဘူးသီးတောင်မြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (စက်တင်ဘာ၊ ၁၃၊ ၂၀၁၇)

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင် လက်နက်ကိုင်အဖွဲ့ AA နဲ့ ဆယ်နွယ်သူတွေအဖြစ် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေ ရှိနေကြောင်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ မြောက်ဦးမြို့နယ်က ရွာသားတဦးဟာ ဆိုရင်လည်း စစ်ဆေးနေစဉ် သေဆုံးခဲ့တဲ့အတွက် ဒီကနေ့ပဲ သင်္ဂြိုဟ်ခဲ့ရသလို တခြား ဖမ်းဆီးခံရသူတွေ ထိခိုက်ဒဏ်ရာ ရရှိတာတွေလည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီး စစ်ဆေးခံနေရသူတွေထဲက မြောက်ဦးမြို့နယ် ပေါက်တောပြင် ရွာသားတဦးကတော့ သေဆုံးပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ မြောက်ဦးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြောင်း မြတန်ဆောင်း ဆရာတော် ဦးနန္ဒသာရက မိန့်ပါတယ်။

“ဟုတ်တယ်။ ဒီနေ့ မီးသင်္ဂြိုဟ်တယ်။ မနေ့က ညနေပိုင်းလောက်မှာ ဟိုကကျောက်တော် ရဲစခန်းကနေ ဖုန်းဆက်တယ်။ စစ်တပ်က အလောင်းတလောင်း လာပို့တယ်တဲ့။ AA မှတ်ပြီးတော့ သူတို့စစ်ကြောရေးလုပ်လို့ ဆုံးသွားတယ်ဆိုပြီးတော့ လာပို့တယ်တဲ့။ ဦးဇင်းတို့ မနေ့ညနေဘက်က သူ့မိသားစုက ယူချင်တယ်ဆိုလို့ သွားပြီးတော့ ယူကြတယ်။ မနေ့ကညနေပိုင်းက သွားတယ်။ ဒါပေမဲ့လို့ နေဝင်သွားတဲ့အခါ ဦးဇင်းတို့အလောင်းကို မသယ်ခဲ့တော့ဘူး။ အဲဒီမှာလက်ခံကြောင်း ပြခဲ့တယ်။ ပြီးရင် ဒီနေ့မနက်ကပဲ မြောက်ဦးက သွားသယ်ကြတယ်။ အခုတော့ မီးသင်္ဂြိုဟ်လိုက်ပြီ။”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သေဆုံးမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့တုန်းက မြန်မာစစ်တပ်ကနေ ပေါက်တောပြင်ရွာမှာ စစ်ဆေးခဲ့စဉ်မှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ ရွာသား ရှစ်ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေစဉ်အတွင်း အခုလိုသေဆုံးမှုအထိ ဖြစ်ပွားခဲ့တာပါ။

အဖမ်းဆီးခံရသူ ရှစ်ယောက်အထဲက သေဆုံးသူအသက် ၂၃ နှစ်အရွယ် ကိုနေမျိုးထွန်းဟာ နှိပ်စက်ဒဏ်ရာကြောင့် ဆုံးပါးသွားတယ်လို့ ကျောက်တော်ဆေးရုံမှာ ခွဲစိပ်နေစဉ်အတွင်း ကိုယ်တိုင်တွေ့မြင်သူ တဦး ဖြစ်တဲ့ ကိုဇော်ဝင်းက အခုလို ပြောပါတယ်။

“ခွဲရုံထဲမှာ ဆရာဝန်က အော်ပရေးရှင်း လုပ်နေတယ်လေ။ သူ့ခေါင်းမှာ သေနတ်ဘောင် သေနတ်ဒင်နဲ့ ထိထားတဲ့ဟာ ကွဲလို့ သေတာလေ။ ကျနော် ရောက်တဲ့အချိန် ပြတင်းပေါက်က ချောင်းကြည့်လိုက်တာ ပြတင်းကနေ မြင်ရတယ်။ သူ့ကိုခွဲစိပ်ပြီးတော့ ပြန်ပြီး ချုပ်တာကိုး။”

သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်တော် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဇွန်လ ၂၀ ရက်ကနေ၂၂ ရက်နေ့အထိ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီး မသင်္ကာမှုနဲ့ မြန်မာစစ်တပ်ကနေ ဖမ်းဆီးထားတာ ဆယ်ဦး ရှိပြီး စစ်ဆေးနေဆဲလို့ တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့က တင်ထိန်ကန်ရွာသား နှစ်ဦးကို တပ်မတော်ကနေ ဖမ်းဆီးခဲ့ပြီး တခြားဖမ်းဆီးခံနေရသူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်စဉ်အတွင်း နှိပ်စက် ညှင်းပန်းမှုတွေ ရှိနေတယ်လို့ ကာယကံရှင် မိသားစုဝင် တဦးက ပြောပါတယ်။

“ဒီနေ့မှာ သူနဲ့အတူဖမ်းတဲ့ ကိုးယာက်လုံးကို အခုဆေးရုံကို လိုက်ပြနေတယ်။ ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့လေ။ လူကတော့ ဒဏ်ရာတွေ ဗလာပွနဲ့ပေါ့။ အဲဒီအခြေအနေအပေါ်မှာ ဆေးရုံတက်သင့်တဲ့ လူနာတွေကို ဆေးရုံတင်မယ်။ ဆေးပေးရမယ့် သူတွေကို ဆေးပေးမယ်ဆိုပြီးတော့ စခန်းမှူးက ရှင်းပြတယ်လေ။”

မြန်မာ့စစ်တပ်နဲ့ ရခိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးမှု၊ ပစ်ခတ်နေမှုတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက် ပစ်ခတ်နေမှု ဖမ်းဆီးနေမှုအပေါ် မြတန်ဆောင်း ဆရာတော်ကအခုလို မိန့်ပါတယ်။

“ဦးဇင်းတို့ အခုမြင်နေရတာတော့ မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေကို လွတ်လပ်စွာ ကျူးလွန်ခွင့်ရတယ်။ သမ္မတ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ဘယ်အခွင့်အရေး ဘယ်သူကမှ တားဆီးတာမျိုး ထုတ်ဖေါ်ပြောဆိုတာမျိုး မေတ္တာရပ်ခံတာမျိုး ဘယ်သူမှ မလုပ်ပေးဘူး။ သူတို့ ကိုယ်နှိုက်ကိုကလည်း ပူးပေါင်းပြီးတော့ သွယ်ဝိုက်သောနည်းအားဖြင့် ပူးပေါင်းပါဝင်နေတယ်လို့ ခံစားရတယ်။ ဆိုတော့ ရခိုင်ကို မြင်ရင် သတ် AA မရရင် ရတဲ့ လူသတ်။ ရတဲ့လူဖမ်း အဲဒီလိုမျိုး ဖြစ်နေတယ်လို့ မြင်တယ်။”

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးပြီး စစ်ကြော ရေးလုပ်စဉ် လူ သုံးဦး သေဆုံးခဲ့သလို မေလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မင်းသားတောင် ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဦးမောင်ကျော်လှိုင်ဟာလည်း စစ်ဆေးရင်းရလာတဲ့ ဒဏ်ရာနဲ့ ဆေးရုံမှာ ဆုံးပါးသွားခဲ့ပါတယ်။

အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆို စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့အပေါ် AA အဖွဲ့အနေနဲ့ အရပ်သားတွေနဲ့ အသွင်ယူ ရောနှော ပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်နေတာကြောင့် ပစ်ခတ်မှုတွေ ပြုလုပ်ရတယ်လို့ တပ်မတော်ဘက်က ဖြေရှင်းချက်ပေးထားပါတယ်။

လက်ရှိ AA လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာနေမှုအတွင်း AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်က ဖမ်းဆီးခဲ့သူ ၉၀ ကျော် ရှိပြီး၊ လတ်တလော စစ်ဆေးနေဆဲ ၃၆ ယောက်၊ အမှုဖွင့် အရေးယူထားတာ ၄၅ ယောက်နဲ့ ပြစ်ဒဏ် ချမှတ်ခံရသူ သုံးယောက် ရှိနေတယ် ဆိုပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG