သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူစီမံကိန်း ပြန်သုံးသပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို


ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း

ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်စီမံကိန်းတွေရဲ့ အကျိုးဆက်တွေကို အစိုးရက သေချာပြန်လေ့လာဖို့နဲ့ တရုတ်ကုမ္ပဏီရဲ့ အကြီးစားရင်းနှီး မြှုပ်နှံတာတွေကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ မမျှော်လင့်ကြောင်း ရခိုင် အရပ်ဘက်အဖွဲ့တွေက ပြောလိုက်ပါတယ်။ စီမံကိန်းကြောင့် ဖြစ်လာတဲ့ ခြစားတာတွေ၊ နစ်နာတာတွေ၊ မြေသိမ်းတာတွေအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ခွင့်ပြုဖို့လည်းသူတို့ကတောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံပိုင် CITIC ကုမ္ပဏီ အစုရှယ်ယာ အများဆုံးပါတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကနေ ဒေသခံ ငါးသိန်းလောက်ကို အလုပ်အကိုင် ဖန်တီးပေးမယ်လို့ အစိုးရက ကတိပေးထားပေမဲ့ စီမံကိန်း အကောင်အထည်မဖော်ခင် နှစ်ဘက်စလုံးက ဒေသခံတွေနဲ့ တိုက်ရိုက်ဆွေးနွေးပြီး လူထုသဘောထားရယူဖို့ လိုတယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

CITIC ကုမ္ပဏီက စီမံကိန်းရဲ့ အကျိုးကျေးဇူးကို ပြောနေပေမဲ့ ဘယ်အချက်တွေကို အခြေခံပြီး ပြောနေတာလဲဆိုတာကို အစိုးရကလည်း ရှင်းပြသင့်တယ်လို့ ကျောက်ဖြူဒေသခံအလွှာစုံကို မေးမြန်းသုတေသနလုပ်ခဲ့တဲ့ ကျောက်ဖြူ ကျေးလက်ဖွံ့ဖြိုးရေးအသင်း KRDA ရဲ့ ညှိနှိုင်းရေးမှူး ကိုထွန်းကြည်က ဗွီအိုအေကို ပြောပါတယ်။

“စီမံကိန်းကတော့ စတော့မယ်။ ဒေသခံတွေရဲ့ လိုအပ်ချက် နစ်နာချက်အပေါ်မှာ ဘယ်လိုဖြေရှင်းပေးမယ်ဆိုတဲ့ဟာမျိုး လက်ရှိအချိန်အထိ မရှိဘူး။ ဒီနေ့ကျနော် CITIC ကုမ္ပဏီက တာဝန်ရှိတဲ့ သူတချို့နဲ့ တွေ့ဖြစ်တယ် ကျောက်ဖြူမှာ။ သူတို့ကတော့ ဒီကျောက်ဖြူမှာ စီမံကိန်းဧရိယာမှာ ရှိနေတဲ့ ရေကြောင်း ပြဿနာပဲဖြစ်ဖြစ်၊ မြေယာပြဿနာပဲဖြစ်ဖြစ် ဒီပြဿနာအကုန်လုံးကို အစိုးရက ဖြေရှင်းပေးရမယ်။ အစိုးရဘက်က ဖြေရှင်းပေးဖို့ သဘောတူထားတယ်။ အဲဒီအတွက်လည်း အစိုးရကို သူတို့ရှယ်ယာ ထည့်ပေးထားတယ်ဆိုပြီး ပြောတယ်။ အဲဒါဆိုကျနော်တို့နဲ့ တကယ်တမ်းလာပြီး ပြောရမယ့်သူက အစိုးရဖြစ်နေတယ်။”

ဧက ၄၂၀၀ ပေါ်မှာ လုပ်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ အပိုင်း သုံး ပိုင်း ရှိပါတယ်။ ပထမတပိုင်းဖြစ်တဲ့ ရေနက်ဆိပ်ကမ်း နှစ်ခု ကို အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ သုံးပြီး တရုတ်ဘက်က ၇၀ ရာခိုင်နှုန်း မြန်မာဘက်က ၃၀ ရာခိုင်နှုန်းနဲ့ ၂၀၁၈ နိုဝင်ဘာ ၈ ရက်က မူဘောင်သဘောတူ စာချုပ်ချုပ်ခဲ့တာပါ။ ကျန်တဲ့ စက်မှုဇုန်နဲ့ အိမ်ရာစီမံကိန်းကတော့မကြာခင် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

မြေသိမ်းဆည်းတာတွေ ရှိခဲ့ပြီး လျှော်ကြေးကိစ္စ၊ ဒေသခံတွေ အသက်မွေး ဝမ်းကြောင်းကိစ္စ၊ ပြီးတော့ရေနက်ဆိပ်ကမ်းကြောင့် ဖြစ်လာမယ့် ပတ်ဝန်းကျင် ထိခိုက်မှုကိစ္စတွေအပါအဝင် ကျေးရွာ ၂၀ လောက်က အိမ်ထောင်က ၅,၀၀၀ ကျော်ရဲ့ ငါးဖမ်းကွက်တွေ ပျောက်သွားမှာ ဒေသခံတွေက စိုးရိမ်နေကြတာပါ။

တရုတ် CITIC ကုမ္ပဏီဘက်ကလည်း ဒေသခံတွေရမယ့် အခွင့်အရေးတွေကို ကတိပေးထားပေမဲ့ ဒါကို ဒေသခံတွေက မယုံကြောင်း ကိုထွန်းကြည်က ပြောပါတယ်။ ဒီစီမံကိန်းမှာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာကို ဒေသခံတွေက သိချင်ကြတာပါ။ စီမံကိန်းစာချုပ်ရဲ့ အသုံးအနှုန်းတချို့ နှစ်ဘက်ညှိနှိုင်းနေတာတွေရှိလို့ ကြန့်ကြာနေကြောင်းနဲ့ စီမံကိန်းကတော့ ဥပဒေအတိုင်းပဲ ဆက်အကောင်အထည် ဖော်သွားမယ်လို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုဥက္ကဋ္ဌဖြစ်တဲ့ ရခိုင်ပြည်နယ် ဘဏ္ဍာစီမံနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အထူးစီးပွားရေး ဇုန်ဥပဒေရှိတယ်လေ ဥပဒေအတိုင်းပဲ ကျနော်တို့ လုပ်တာဖြစ်တဲ့အတွက် ဒီဥပဒေအတိုင်းပဲ ရှိပါလိမ့်မယ် အဲဒီကိစ္စက။ အကုန် အလုပ်အကိုင် ရမှာပဲလေ အဲဒီဒေသခံမှမဟုတ်ဘူး တခြားနေရာက လူတွေတောင်အများကြီး လာကြမှာ အဲဒီနေရာမှာ။ EIA/SIAလုပ်ဖို့ကိစ္စအတွက် CITIC နဲ့ ကျနော်တို့ ဆက်ပြီး ညှိနှိုင်းနေပါတယ်။ အဲဒီကတာဝန်ရှိတဲ့ပညာရှင်တွေနဲ့ ဒီဘက်မှာ ကျောက်ဖြူဆင်းပြီး ကွင်းဆင်းတာတွေ လုပ်ဖို့ရှိပါတယ်။”

၂၀၁၀ က ဆောက်ခဲ့တဲ့ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတုန်းကလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ မြေယာဆုံးရှုံးတာတွေ ဖြစ်ခဲ့တာပါ။ ၂၀၁၇ ဧပြီ ၉ ရက်မှာ ရေနံစိမ်းတန်ချိန် ၁ သိန်းကျော် တင်လာတဲ့ တရုတ်ပိုင် MT UNITED DYNAMIC ရေနံတင်သင်္ဘော ကျောက်ဖြူ၊ မဒဲ ကျွန်းဆိပ်ကမ်းကို ပထမဆုံး ဝင်လာပြီး နောက်ပိုင်းလည်း တခြားရေနံတင်သင်္ဘောတွေ ဝင်ထွက်နေပါတယ်။ မဒဲကျွန်းနဲ့ ကျောက်ဖြူ ၆ မိုင်အကျယ်မှာ ဒေသခံတွေ ငါးမဖမ်းဖို့ ဒေသ အာဏာပိုင်တွေက ခေါ်သတိပေးခဲ့တယ်လို့ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း KRDA က ပြောပါတယ်။

မကြာသေးခင်ကလည်း စစ်တွေမြို့ မြေဧက ၇၀၀၀ ပေါ်မှာ Sittwe Myanmar City 2030 ကို ဒေါ်လာ ၃၈ ဘီလျံ သုံးပြီး အကောင်အထည် ဖော်ဖို့ ကုမ္ပဏီတခုက ပြည်နယ်လွှတ်တော်မှာ အဆိုပြုထားတာလည်း ရှိပါတယ်။ ဒါကိုလုပ်မယ်ဆိုရင် ဒေသခံလယ်သမားတွေနဲ့ ပြဿနာ ဖြစ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့ကို ကိုးကားပြီး ရခိုင်အခြေစိုက်သတင်းတွေက ရေးသားခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG