သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သင်းအုပ်ဆရာ နှိပ်စက်ခံရပုံ အမေရိကန်မှာ တင်ပြ


အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ဝါရှင်တန်ဒီစီမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ တက်ရောက်ခွင့်ရခဲ့တဲ့ ကချင်သင်းအုပ်ဆရာ Langjaw Gam Seng (Photo- The Christian Post)
အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ဝါရှင်တန်ဒီစီမှာ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ တက်ရောက်ခွင့်ရခဲ့တဲ့ ကချင်သင်းအုပ်ဆရာ Langjaw Gam Seng (Photo- The Christian Post)

သူဟာ အကျဉ်းထောင်ထဲမှာ ၁၅ လကြာနေခဲ့ရတာပါ။ ကချင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ကက်သလစ် ခရစ်ယာန်ကျောင်းတွေ ပျက်စီးခဲ့တာကို သတင်းထောက်တွေကို လိုက်လံပြသခဲ့လို့ဆိုပြီး အပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။ သင်းအုပ်ဆရာ Seng ကိုကြိုဆိုပါတယ်။

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က ခရစ်ယာန်ဘုရားရှစ်ခိုး ကျောင်းတွေကို ပစ်မှတ်ထား ဖြိုခွဲတာတွေ၊ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ဖမ်းဆီး ညှင်းပမ်းတာတွေ ရှိနေကြောင်း ထောင်ထဲမှာ ၁၅လနေခဲ့ရတဲ့ ကချင်သင်းအုပ်ဆရာ Langjaw Gam Seng က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေကို ပြီးခဲ့တဲ့ သတင်းပတ် ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ နိုင်ငံတကာညီလာခံမှာ ပြောကြားခဲ့ပါတယ်။

ဒီညီလာခံအပြီးမှာလည်း မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ စိုးရိမ်မကင်းမှုတွေရှိနေကြောင်း သီးသန့်ကြေညာချက်ကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံက ဝန်ကြီးတွေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနက ဦးစီးပြီး ဝါရှင်တန်ဒီစီမှာ ဇူလိုင်လ ၁၆-၁၈ ရက်နေ့ ထိသုံးရက်ကြာ ကျင်းပခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်ခံရတဲ့ အခြေအနေတွေ၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရက်ရက်စက်စက်ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ဒီကျူးလွန်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပစ်မှတ်ထား အရေးယူမှုတွေအကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သူ့ရဲ့မိန့်ခွန်းမှာ အခုလို မီးမှောင်ထိုး ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာစစ်တပ်က ဘယ်လို ညှင်းပမ်းနှိပ်စက်သလဲဆိုတာ ဒီကိုတက်ရောက်လာသူတွေ တဦးချင်းစီ အနေနဲ့ သိခွင့်ရကြမှာပါ။ ဒီလို ကြီးမားလှတဲ့ရက်စက်ကြမ်းကြုတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာစစ်တပ် ထိပ်တန်းအကြီးအကဲ နှစ်ဦးနဲ့ အဆင့်မြင့် ခေါင်းဆောင်နှစ်ဦးအပေါ် သူတို့တဦးချင်းစီကို ဗီဇာပိတ်ပင် ကန့်သတ်တဲ့ အရေးယူမှုကို အမေရိကန်ပြည်ထောင်စု က အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ အခုလို မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေကို အများပြည်သူရဲ့ဆန္ဒအတိုင်းအရေးယူတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။”

ဒါအပြင် အစည်းအဝေးမှာရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်၊ ထောင်ချမှုကို ခံခဲ့ရတဲ့ ကချင်သင်းအုပ်ဆရာ Langjaw Gam Seng အကြောင်းကိုလည်း ဝန်ကြီး Pompeo က သူ့ရဲ့ မိန့်ခွန်းမှာ အခုလို သီးသန့် ထုတ်ဖေါ်ပြောခဲ့ပါတယ်။

“ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ဖိနှိပ်မှုဟာ မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ တိုင်းရင်းသား၊ ဘာသာရေး လူနည်းစုတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အစိတ်အပိုင်းတခုပဲဖြစ်ပါတယ်။ အခုဒီပွဲကို ကျနော်တို့နဲ့အတူ တက်ရောက်လာတဲ့ သူတဦးရှိနေတာ တွေ့ကြရမှာပါ။ သူကတော့ သင်းအုပ်ဆရာ Langjaw Gam Seng ပါ။ သူဟာ အကျဉ်းထောင်ထဲမှာ ၁၅ လကြာနေခဲ့ရတာပါ။ ကချင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ကက်သလစ် ခရစ်ယာန်ကျောင်းတွေ ပျက်စီးခဲ့တာကို သတင်းထောက်တွေကို လိုက်လံပြသခဲ့လို့ဆိုပြီး အပြစ်ပေးခံခဲ့ရတာဖြစ်ပါတယ်။ သင်းအုပ်ဆရာ Seng ကိုကြိုဆိုပါတယ်။”

ဒါဟာ ကချင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေနဲ့အတူ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေကို ပစ်မှတ်ထား ဖြိုခွဲတာတွေနဲ့ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက အထူး အလေးပေး အာရုံစိုက်လိုက်တာကို တွေ့ရတယ်လို့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang Nsang က ဗွီအိုအေကို ပြောပါတယ်။

“အခုဒီတခါကျတော့ ဘာသာရေးနဲ့ ပတ်သက်ပြီးမှ ဆွေးနွေးပွဲ လုပ်တဲ့အချိန်မှာတော့ သူတို့တော်တော်ကို နားလည်သွားတဲ့ပုံ ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီး နိုင်ငံတကာက အကြီးအကဲတွေ နိုင်ငံခြားရေးဝန်ကြီးတွေ လာတဲ့ပွဲမှာ ကျနော်တို့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ဟာတွေကို ပြောပြဖြစ်တာပေါ့။ Highlight လုပ်တာကတော့ အရင်တုန်းက တခါမှ မကြုံဘူးတဲ့ အာရုံစူးစိုက်မှုကို ခံရပါတယ်။”

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာ အသက် (၃၇)နှစ်အရွယ် Langjaw Gam Seng ကိုယ်တိုင်လည်း သူ့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့စဉ်မှာ နှိပ်စက်ခဲ့ပုံတွေကို ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ညီလာခံမှာ နိုင်ငံတကာသတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ Langjaw Gam Seng ရဲ့ ထွက်ဆိုချက်တွေကိုကြည့်မယ်ဆိုရင် Standard Army ဖြစ်အောင်ကြိုးစားနေပါတယ်ဆိုတဲ့ မြန်မာစစ်တပ်အတွက် အပြောနဲ့ လက်တွေ့ လုပ်ရပ် တခြားစီဖြစ်နေတယ်ဆိုတာ ပြသနေကြောင်း Gum Sang Nsang ကပြောပါတယ်။

“ နိုင်ငံတကာမှာ Standard Army ဆိုပြီး ဖော်ဆောင်လာချင်တဲ့ မြန်မာစစ်တပ်ကနေ ပြုပြင်ပြောင်းလဲဖို့ဆိုပြီး နိုင်ငံတကာကို ပြောလာတဲ့အချိန်မှာ Professional Army မဖြစ်သေးဘူးဆိုတဲ့ သဘောသဘာဝကို အများကြီး ကွင်းကွင်းကွက်ကွက် ဖော်ပြသွားနိုင်တယ်။ ဒီဆရာ Gam Seng ရဲ့ ဖြစ်ရပ်က အရင်တုန်းက အာဏာရှင်ခေတ်ရဲ့ အလေ့အကျင့်က အခုအထိရှိနေတယ်ဆိုတာကို ကွင်းကွင်းကွက်ကွက် ပြသတာ ဖြစ်သွားပါတယ်။”

မေး။ ။ အဲဒီတော့ ကချင်သင်းအုပ်ဆရာကို စစ်တပ်က ဘယ်လောက်အထိ ညှင်းပမ်းနှိပ်စက်သလဲဆိုတာ သိခွင့်ရခဲ့သလဲရှင့်။

ဖြေ။ ။ ဥပမာ သူတို့ကို ဖမ်းခဲ့တဲ့ ခရစ်စမတ်ညတုန်းက ခြေထောက်ကို ကြိုးတုတ်သွားတယ်၊ တကိုယ်လို့ ကြိုးတုပ်တယ်တို့ ပြီးတော့ သူတို့ စစ်တပ် Truck ကားပေါ်မှာ ခရီး ၂ နာရီပဲ မနက်မိုးလင်းတဲ့အထိ လိုက်ပတ်ပြီးမှ မောင်းတဲ့ကိစ္စတို့ နောက် စစ်ကားပေါ်ကနေ အတက်အဆင်းတွေ လုပ်တဲ့ကိစ္စတို့ ၊ သေနတ်မောင်းပြန်တာတို့ လုပ်ပြတာပေါ့နော် ပစ်လိုက်မယ်ဆိုတဲ့ အနေအထား ပုံစံနဲ့ လုပ်ပြတာတွေ ။ နောက် တပ်ကို ရောက်တဲ့အချိန်မှာ သေနတ်ဖောက်တာတို့ ဒါတွေ လုပ်ခဲ့တယ်။ စစ်တပ်ထဲရောက်လာတော့ မျက်စိပိတ်ထားတာတို့ ၊ မျက်စိလုံးဝမမြင်ရအောင် ပိတ်ထားတာတို့ ၁ လနီးပါး အခြေအနေအထိပေါ့နော်”

ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ ကချင်သင်းအုပ်ဆရာ Langjaw Gam Seng ဟာ ၂၀၁၂ခုနှစ်မှာ တကြိမ်၊ ၂၀၁၇မှာ တကြိမ် မြန်မာစစ်တပ်အရာရှိတွေရဲ့ ဖမ်းဆီး နှိပ်စက်မှုကို ခံခဲ့ရပြီး နောက်ဆုံးအကြိမ်မှာတော့ လာရှိူးအကျဉ်းထောင်ထဲမှာ ၁၅ လကြာနေခဲ့ရပြီး ၂၀၁၈ခုနှစ် ဧပြီလမှာ လွတ်မြောက်လာခဲ့ပါတယ်။ ၂၀၁၇ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ မုံးကိုးဒေသက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို လိုက်လံ ပြသခဲ့တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ သင်းအုပ်ဆရာ Langjaw Gam Sengနဲ့အတူ သင်းထောက်ဆရာ ဒွမ်ဒေါ့နောင်လတ် တို့နှစ်ဦးကို၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အခုလို အမေရိကန်ပြည်ထောင်စုက ဦးစီးကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက်ဖြစ်ထွန်းရေးဆိုင်ရာ ဒုတိယအကြိမ် နိုင်ငံတကာ ဝန်ကြီးများအဆင့် အစည်းအဝေးကနေလည်းမြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ကြောင်း သီးသန့်ကြေညာချက်ကို ဇူလိုင်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ အမေရိကန်ပြည်ထောင်စုနဲ့အတူ ပူးတွဲပါဝင်တဲ့နိုင်ငံတွေကတော့ ယူကရိန်း၊ အာဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုဆိုဗို၊ ဆိုက်ပရက်စ်၊ လက်ဘနွန်၊ ဗြိတိန်၊ ဂျော်ဒန်၊ ဂျော်ဂျီယာ၊ Marshall Islands၊ အာရပ်စော်ဘွားများနိုင်ငံ တို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG