သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သင်းထောက်ဆရာနှစ်ဦး ဖမ်းခံရမှု ကန် စိုးရိမ်


အဖမ်းခံရတဲ့ ကချင်သင်းထောက်ဆရာနှစ်ဦး (MOI)
အဖမ်းခံရတဲ့ ကချင်သင်းထောက်ဆရာနှစ်ဦး (MOI)

ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စစ်တပ်ကနေ ဖမ်းထားတဲ့ မုံးကိုးဒေသက ကချင်သင်းထောက် ဆရာတော် ၂ ပါးရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ သူတို့နှစ်ဦးကို ပုဒ်မ ၁၇ ( ၁) /၁၇ (၂ ) မတရားအသင်း ဆက်သွယ်မှုတို့နဲ့ အမှုဖွင့်ထားတာကြောင့် ဘာသာရေး ဆရာတော်တွေကို အခုလိုမျိုးပုဒ်မတွေနဲ့ အမှုမစွဲဆိုသင့်ဘူးလို့ KBC က ပြောခွင့်ရပုဂ္ဂိုလ်က တုန့်ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသမှာ သတင်းထောက်တွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က သင်းထောက် ဆရာတော်၂ ပါးကို စစ်တပ်က ထိန်းသိမ်းထားပြီး မတရားအသင်းပုဒ်မတွေနဲ့ အမှုဖွင့်ထားပါတယ်။ သူတို့နှစ်ဦးပျောက်ဆုံးသွားတဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့နောက်ပိုင်း စစ်တပ်က ဖမ်းစီးထားတာမဟုတ်ဘူးလို့ သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုထားတာပါ။ ဒါပေမဲ့လို့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ စစ်တပ်က ဖမ်းစီးထိန်းသိမ်းထားတဲ့အကြောင်း ပြောဆိုထားပြီး အခုဆိုရင် မူဆယ်ရဲစခန်းမှာ ထားရှိထားတာပါ။ အခုလို ခရစ်ယာန်ဘာသာရေးဆရာတော် ၂ ဦး ဖမ်းစီးခံရတာနဲ့ ပတ်သက်လို့ စိုးရိမ်ကင်းဖြစ်ရတဲ့အကြောင်း အမေရိကန်သံရုံးပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“မြန်မာစစ်တပ်က ကချင်နှစ်ခြင်းခရိယာန်အသင်းတော်ရဲ့ သင်းထောက်ဆရာ ၂ ဦးကို ဖမ်းဆီးခဲ့တာဟာ Church ဘုရားကျောင်းကို စစ်တပ်က ဗုံးကြဲဖျက်ဆီးခဲ့တဲ့ဆိုတဲ့စွပ်စွဲချက် နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ စုံစမ်းမေးမြန်းတာကို ဖြေကြားခဲ့တာနဲ့တော့ အနည်းဆုံး တစိတ်တပိုင်း ဆက်စပ်နေတဲ့ လက္ခဏာတွေ့ရတဲ့အတွက် အလေးအနက် စိုးရိမ်မကင်းဖြစ်ရပါတယ်။ ပျောက်ဆုံးနေတဲ့ ကချင်သင်းထောက်ဆရာ ၂ ဦးကို စစ်တပ်ကဖမ်းတာမဟုတ်ဘဲ၊ KIA ကခေါ်ဆောင်သွားတာလို့ အရင်တလောက မြန်မာအစိုးရကနေ လူသိရှင်ကြား စွပ်စွဲခဲ့တာလည်းရှိတဲ့အတွက် စိတ်ပူမိပါတယ်။ အခြေခံလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့နဲ့ တရားဥပဒေစိုးမိုးရေးမှာ လူထုယုံကြည်မှုတိုးလာစေဖို့အတွက် ဒီအမှုကို သေချာစွာကိုင်တွယ်ဖို့ အရေးကြီးပါတယ်။ ဒီအဖမ်းခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အချိန်နဲ့ တပြေးညီ မှန်ကန်တဲ့နည်လမ်းနဲ့ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာနဲ့အမျှ မြန်မာစစ်တပ်က အခုဖမ်းဆီးတဲ့အပေါ် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။”

လက်ရှိမှာ မူဆယ်ရဲစခန်းမှာရောက်ရှိ နေတဲ့ ကချင်သင်းထောက် ဆရာတော် နှစ်ပါး ဦးဒွမ်ဒေါ့နောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မတရားအသင်းဆက်သွယ်မှုပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇ ၁ ၁၇ ၂ နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့နှစ်ဦးရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ မူဆယ်မြို့မ စခန်းမှုး ဒုရဲမှုး ဦးအေးမြင့်က အခုလို ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)/ ၁၇ (၂) နဲ့ တော့ အမှု့ဖွင့်ထားတယ်ခင်ဗျ၊ တရားရုံးရောက်တော့မှပဲ တဘက်ရှေ့နေတွေနဲ့ပြောမယ်နဲ့ တူပါတယ်။ လောလောဆယ်တော့ ကျနော်တို့ဆီမှာ ဘာမှ အကြောင်းကြားထားတာမရှိသေးဘူး။”

သူတို့နှစ်ဦးကို လာမယ့်ဖေဖဝါရီလ ပထမအတွင်းမှာ တရားရုံးမှာ စစ်ဆေးသွားမယ်လို့လည်း ဦးအေးမြင့်က ပြောပါတယ်။ လက်ရှိမှာတော့ မူဆယ်မြို့နယ်ရဲစခန်းမှာပဲ ထိန်းသိမ်းထားပြီး မိသားစုတွေနဲ့လည်း တွေ့ခွင့်ရတယ်လို့ ဆိုပါတယ်။ အခုလို သင်းထောက်ဆရာတော်နှစ်ပါးကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားလဲဆိုတာ လက်ရှိအချိန်ထိ တိတိကျကျမသိရသေးဘူးဆိုပေမယ့်လို့ ဘာသာရေးဆရာတော်တွေကို မတရားအသင်းပုဒ်မတွေနဲ့ အမှုဖွင့်တာတွေ တရားဆိုစွဲတာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ KBC ကချင်ခရစ်ယာန်နှစ်ခြင်းအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှုး ဆရာတော် ဦးဇောင်ရာက မိန့်ပါတယ်။

“ကျနော်တို့မျှော်လင့်တာကတော့ ကျနော်တို့ ဘာသာရေးဆရာတွေကို ၁၇(၁) နဲ့ ဖမ်းတယ်ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူး။”

ခရစ်စမတ်နေ့မတိုင်ခင်တုန်းက ပျောက်ဆုံးသွားတဲ့ သင်းထောက်ဆရာတော် ၂ ပါးဟာ မုံကိုးမြို့မှာရောက်ခဲ့တဲ့ သတင်းထောက်တွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့အတွက် အခုလိုမျိုး ဖမ်းစီးခံရတာဖြစ်တယ်လို့ ကချင်အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ စစ်တပ်ဖက်ကတော့ သူတို့နှစ်ဦးဟာ မုံကိုးတိုက်ပွဲအတွင်း တပ်မတော်စစ်ကြောင်း လုပ်ရှားမှုတွေကို လက်နက်ကိုင်အဖွဲ့တွေထံကို သတင်းပေးတာ ငွေကြေးထောက်ပံပေးတာ ပြည်ပ မီဒီယာတွေနဲ့ ချိတ်ဆက်ပြီး တပ်မတော်အပေါ်မှာ နိုင်ငံတကာနဲ့ လူထုအထင်လွဲမှားစေအောင် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်တာတွေနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် လူသစ်စုဆောင်းပေးတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီးသတင်းထုတ်ပြန်ထားတာပါ။ သူတို့နှစ်ဦးရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လုပ်ရှားရေးအဖွဲ့တွေက စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း ပြောဆိုထားသလို KBC ဘက်ကလည်း အသင်းတော်က ဘာသာရေးဆရာနှစ်ဦး ပျောက်ဆုံးနေခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ နိုင်ငံတော ် သမ္မတထံကို ဇန်နဝါရီလ ၉ ရက်နေ့က တင်ပြတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG