သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သင်းထောက်ဆရာ၂ ဦး ပျောက်ဆုံးမှု စုံစမ်းဆဲ


ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာနှစ်ဦး(Citizen Journalist)
ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာနှစ်ဦး(Citizen Journalist)

ခရစ်စမတ်နေ့ မတိုင်ခင်ရက်မှာပျောက်ဆုံးသွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဘာသာရေးသင်းထောက်ဆရာ ဦးတီတီနောင်လတ် (ခေါ်) ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးဟာ ဒီကနေ့အထိ ပျောက်ဆုံးနေ ဆဲဖြစ်ပါတယ်။ ဒီသင်းထောက်ဆရာနှစ်ဦးကို မုံးကိုးအခြေစိုက်တပ်မတော် စစ်ဗျူဟာကုန်းကနေ ဆင့်ခေါ်ရာကနေပျောက်ဆုံးနေ တယ်လို့ ဒေသခံတွေယူဆပြောဆိုနေကြသလို မြန်မာအာဏာပိုင်တွေဘက်ကတော့ ဒီပျောက်ဆုံးမှုကိုစုံစမ်းနေဆဲလို့ပြောပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းးပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာဖြစ်ပွါးတဲ့ မုံးကိုးဒေသ တိုက်ပွဲဖြစ်စဉ်တွေ နဲ့ပက်သက်ပြီး သတင်းမီဒီယာတွေကိုကူညီခဲ့တဲ့ မုံကိုးမြို့ ခရစ်ယာန်သင်းထောက် ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦးဟာ အခုချိန်ထိပျောက်ဆုံးနေဆဲ လို့ မုံးကိုးမြို့ မုံးမောင်း သာသနာနယ် အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးဇောင်ရားကပြောပါတယ်။

“ကျနော်တို့အခု ဘာမှစုံစမ်းလို့မရဘူးဖြစ်နေတယ်။ အခုက မုံးကိုးရဲစခန်းလည်း မဖွင့်ရသေးဘူးဆိုတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီးတော့ ကျနော်တို့ လူပျောက်ပေါ့နော် သူတို့ကိုအကူအညီ တောင်းထားတယ်။ သူတို့ကတော့ ဘာမှမလုပ်ပေးနိုင်ဘူး လို့ပြောတာပဲ။”

သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ခရစ်စမတ်နေ့မတိုင်ခင် တရက်မှာ ပျောက်ဆုံး သွားခဲ့တာပါ။

သင်းထောက်ဆရာနှစ်ဦးဟာ နယ်မြေခံမြန်မာ့ တပ်မတော်ရဲ့ ဗျူဟာကုန်းအနီးမှာ ပျောက်ဆုံး သွားတယ်လို့ မျက်မြင် သက်သေဒေသခံ တွေ ပြောဆိုနေကြောင်း သိက္ခာတော်ရဆရာတော် ဦးဇောင်ရား ကပြောပါတယ်။

“ပျောက်သွားတဲ့နေ့မှာ တွေ့လိုက်တဲ့ လူကတော့ ရှိတာပေါ့နော် ၊ ဘယ်သွားမယ်၊ ဘယ်လာမယ်ဆိုပြီးတော့ စကားပြောလိုက်တဲ့ လူလည်းရှိတယ်။ အဲဒီကြားထဲမှာ ပဲပေါ့နော် တပ်စခန်းရှိတဲ့နေရာလည်း မကျော်ဘူး၊ အဲဒီကြားထဲမှာ ညမိုးမချုပ်ခါနီး ဆိုတော့ ပျောက်သွားတဲ့သဘောရှိတယ်။ မုံးကိုးဒေသခံတွေကတော့ တပ်ကပဲ ခေါ်တာဖြစ်မယ် ပေါ့နော်၊ သူတို့ ကိုဖမ်းခေါ်သွားနိုင်တာဖြစ်နိုင် တယ်ပေါ့နော်။ ညသန်းခေါင်လည်း ကားတွေဘာတွေလည်း ရှိတယ်ပေါ့၊ ခေါ်သွားသလားပေါ့ တခုခု အဲလိုမျိုးပေါ့။”

ပျောက်ဆုံးနေတဲ့ သင်းထောက် ဆရာတွေဟာ မုန်းကိုးတိုက်ပွဲကာလနဲ့ တိုက်ပွဲအလွန် ကာလတွေမှာ မုံးကိုးဒေသကိုသွား ရောက် ခဲ့ကြတဲ့ သတင်းဌာန အသီးသီးက သတင်းထောက်တွေကို ကူညီဆောင်ရွက် ပေးခဲ့ကြသူတွေဖြစ်ပါတယ်။

ဦးဒွမ်ဒေါ့နောင်လတ်နဲ့ သင်းထောက်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်းနှစ်ဦးဟာ လူချစ်လူခင်ပေါများ သလို နယ်မြေခံမြန်မာ တပ်မတော် ခေါင်းဆောင်တွေနဲ့လဲ ရင်းနှီးသူတဦးဖြစ်တဲ့အတွက် အခုလိုပျောက်ဆုံး သွားတဲ့အပေါ် အံ့သြမိတယ်လို့ ဦးဇောင်ရားက ပြောပါ တယ်။

သင်းထောက်ဆရာနှစ်ဦးပျောက်ဆုံးမှုနဲ့ပက်သက်ပြီး ဒီရက်ပိုင်းတွေအတွင်း ခရစ်ယာန် အသင်းအဖွဲ့တွေအနေနဲ့ သဘောထား ထုတ်ပြန်သွား ဖို့အစီစဉ်ရှိနေတယ်လို့ သိက္ခာတော်ရဆရာတော် ဦးဇောင်ရားကပြောပါတယ်။

ဦးဒွမ်ဒေါ့နောင်လတ်နဲ့ သင်းထောက်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦး ပျောက်ဆုံးနေမှု နဲ့ ပက်သက်လို့ စုံစမ်းနေဆဲလို့ မူဆယ် ခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ထွန်းကပြောပါတယ်။

“သူတို့ ၂ ယောက်ပျောက်နေတယ်ဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှူး သတင်းပို့တုန်းက သိတယ်။ စုံစမ်းကြည့်တာ ကတော့ ဘယ်ကဖမ်းသွားသလဲဆိုတာကတော့ အခုအချိန်အထိ ဘာမှမသိရသေးဘူး။”

၂၀၁၆ခုနှစ် နိုဝင်ဘာ(၂၀)ရက်နေ့နဲ့ ဒီဇင်ဘာလဆန်း အထိဖြစ်ပွါးခဲ့တဲ့ မုံးကိုးဒေသ တိုက်ပွဲအခြေအနေမှန်ကို မီဒီယာကနေတဆင့် ပြောဆို ခဲ့တာကြောင့် အခုလိုထိန်းသိမ်း ခံရတာဖြစ်နိုင်တယ်လို့သုံးသပ်မှုတွေလဲရှိနေပါတယ်။

မုံးကိုးဒေသကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ပြည်တွင်း သတင်းထောက် တဦးဖြစ်သူ နန်းဆိုင်နွမ်ကတော့ ဒေသခံ သတင်း အရင်းမြစ်တွေကို အရေးယူတဲ့ လုပ်ရပ်ဟာ မဖြစ်သင့်ဘူး လို့ဆိုပါတယ်။

“ကျနော်တို့ကိုလိုက်ပို့တဲ့ ဂမ်ဆိုင်း နဲ့ ဦးဒွမ်ဒေါ့နောင်လတ်တို့ကို ဖမ်းသွား တာပေါ့နော်။ ဒီလိုအဖမ်းခံရတာကတော့ ကျနော်တို့နဲ့လည်း မကင်းဘူး လို့ပြောရမယ် ပေါ့နော်။ ပြောရမယ်ဆိုရင် ဒါတဖက်က မီဒီယာ ဖိနှိပ်မှုပဲ လို့ပြောလို့ရတာပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့မီဒီယာ သမားကိုတော့ ဘာမှမလုပ်ဘူး ၊ ဒါပေမယ့် သတင်းအရင်းအမြစ် source ကိုတော့ တခုခုလုပ်လိုက်တာ ဆိုတာကလည်း သတင်းသမားကို ခြိမ်းခြောက်တဲ့ သဘောတရားတော့ ရှိနေတယ်။”

သတင်းမီဒီယာတွေကို ဖြေကြားကူညီခဲ့တဲ့ မုံးကိုးသင်းထောက် ဆရာနှစ်ဦး ပျောက်ဆုံးသွားတဲ့ ကိစ္စရပ်အပေါ် စိုးရိမ်မိသလို အခုလို ဖမ်းဆီးခြင်း လုပ်ရပ်အပေါ်ရှုတ်ချတယ်လို့ BNIခေါ် နိုင်ငံတကာမြန်မာသတင်း ဒါရိုက်တာစိုင်းမိန်းကပြောပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေဖြေလျော့လာပြီးဆိုပေမဲ့လဲ သတင်းအရင်းမြစ် နဲ့သတင်းထောက်တွေအတွက် လုံခြုံ မှုဟာအားနည်း နေသေးတဲ့ အခြေအနေမှာရှိနေပါသေးတယ်။

နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသ ဘက်မှာ မြန်မာ့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ် ပေါင်းစု(KIA၊ TNLA၊ MNDAA၊ AA) တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေ အနက် မုံးကိုးဒေသမှာ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့်သောင်းနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေခဲ့ရသလို တိုက်ပွဲကာလ အတွင်း လူနေအိမ်ခြေ စာသင်ကျောင်း ခရစ်ယာန်ဘုရားကျောင်းတွေ ပျက်စီးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG