သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC ဥက္ကဋ္ဌကို တရားစွဲရန်ပြင်ဆင်မှု တပ်မတော်ပြန်ရုပ်သိမ်း


ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် (သတင်းဓာတ်ပုံ -KBC Kachin )
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန် (သတင်းဓာတ်ပုံ -KBC Kachin )

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို တပ်မတော်ဘက်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မနဲ့ တရားစွဲဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားချက် ဒီနေ့ပြန် ရုတ်သိမ်းလိုက်ပါပြီ။ မြန်မာစစ်တပ်က ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဘာသာရေး လွတ်လပ်ခွင့်တေမရှိဘူးလို့ အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ် သူပြောခဲ့တဲ့အပေါ်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အရာရှိတဦးက တရားလိုလုပ်ပြီး မြစ်ကြီးနားတရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၀ နဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ခါလမ်ဆမ်ဆွမ်ကို မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့ အမှု ဒီနေ့ပြန်ရုပ်သိမ်းလိုက်တာပါ။

သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေ ပြန်ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်လို့ ဆရာတော် ခါလမ်ဆမ်ဆွမ်က အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ကို NRPC ကနေ တဆင့်ပေါ့ PCG ကနေတဆင့်ပေါ့ ဦးဇော်ဌေးတို့ အကြောင်းကြားတယ်ပေါ့ ရုပ်သိမ်းတော့မယ်ဆိုတာပေါ့နော်။ အခုတရားရုံးမှာကျတော့ တရားဝင်တော့ ရုပ်သိမ်းပါပြီ။ တရားလိုက လာပြီးတော့ အမှုကို ရုပ်သိမ်းသွားတာတော့ ပြီးသွားပြီပေါ့။ ပြီးသွားပြီလို့ ဆိုလို့ရပါတယ်။”

ကချင်ပြည်နယ်ကတိုက်ပွဲတွေအကြောင်း အပါအဝင် မြန်မာစစ်တပ်အနေနဲ့ ခရစ်ယာန်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စတွေကို ဆရာတော် ခါလမ်ဆမ်ဆွန်က အမေရိကန်သမ္မတ Donald Trump နဲ့ ဇွန်လ ၁၇ မှာတွေ့တုန်း ပြောခဲ့တဲ့အပေါ်မှာ တပ်မတော်ဘက်က သြဂုတ်လ ၁၆ ရက်မှာ မြစ်ကြီးနား မြို့နယ်တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းထဲ မြစ်ကြီးနားမြို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လူငယ်တွေ ရာနဲ့ချီ လှုပ်ရှားဆောင်ရွက်နေတဲ့အချိန်မှာ အခုလို အမှုကို ပြန်ရုပ်သိမ်းလိုက်တာဟာ တင်းမာမှုတွေ အထိုက်အလျောက် လျော့ကျသွားမယ်လို့ မြင်ကြောင်း ဆရာတော် ခါလမ်ဆမ်ဆွန်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ အထူးသဖြင့် ကချင် လူထုအနေနဲ့ပေါ့နော် အဲဒါမျိုးတွေမှာ တပ်မတော်ရဲ့ ဒီလိုရုပ်သိမ်းပေးတဲ့ အတွက်ကြောင့်မို့ tention တွေ တော်တော်လျော့သွားမယ်လို့ မြင်ပါတယ်။”

တရားရုံးမှာ အမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၄၅/၂ နဲ့ ကျေအေးလိုက်တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းက တကြော့ပြန်စစ်ပွဲတွေဟာ ၉ နှစ်ထဲကို ဦးတည်နေပြီး စစ်ရှောင်တွေ နေရပ်ပြန်ရေး အာမခံချက်မရှိတဲ့ အချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဟန့်တားတာတွေကို နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်များသမဂ္ဂ ဥက္ကဋ္ဌ ကိုလွမ်ဇောင်းက ဗွီအိုအေကို ပြောပါတယ်။

“စိတ်ဓာတ်စစ်ဆင်ရေးပုံစံနဲ့ ဒီလိုမျိုးလုပ်ရင် ငါတို့ ဒီလို လုပ်တယ်နော်ဆိုတဲ့ အရင်ကလည်း ကျနော်တို့ကိုလည်း မြောက်ပိုင်းတိုင်းဘက်ကနေ တရားစွဲပြီးမှပဲ သက်သေ အထောက်အထား ဘာမှမရှိဘဲနဲ့ ထောင်ချလိုက်တဲ့ဟာတွေ ရှိတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို ကျနော်တို့က ကြောက်ရွံ့ပြီးတော့မှ မပြောမဆိုဘဲ နေမှာ မဟုတ်ဘူး။ ဆိုတော့ မိမိရဲ့ အခြေခံလွတ်လပ်တဲ့ အခွင့်အရေးကို ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်သွားမယ်။”

ဒီနေ့မှာလည်း ကချင်လူငယ်တွေက စစ်ရှောင်ပြည်သူတွေရဲ့ ဘဝကို အလေးထားဖို့၊ လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်ဖို့၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ရဖို့ စတဲ့ ပိုစတာတွေကိုင်ပြီး မြစ်ကြီးနားမြို့မှာ ဆန္ဒ ထုတ်ဖော်နေကြပါတယ်။

မြန်မာနိုင်ငံကျောင်းသားလူငယ်ကွန်ဂရက် SYCB နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လှုပ်ရှားနေတဲ့ အသံအဖွဲ့ ကလည်း မြစ်ကြီးနားမြို့မှာ ဆန္ဒထုတ်ဖော်နေတဲ့ ဒေသခံ ကချင်လူငယ်တွေနဲ့ ပူးပေါင်းခဲ့ပြီး တီရှပ်ပြာ ကမ်ပိန်းကို လုပ်ခဲ့ပါတယ်။ မြစ်ကြီးနား တရားရုံးရှေ့ကိုလည်း သွားရောက်ခဲ့ပြီး သူတို့အားလုံးရဲ့ လှုပ်ရှားမှုကို ဒေသလုံခြုံရေး အာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့လည်း ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဗွီအိုအေကို ပြောပါတယ်။

အခုလိုမျိုး ဆန္ဒထုတ်ဖော်ပွဲမှာ ရန်ကုန်က ကျောင်းသားလူငယ်အဖွဲ့တွေ ကချင် မြစ်ကြီးနားအထိ လာရာက်ဝန်းရံခဲ့ကြချိန် သူတို့ဝတ်ဆင်လာတဲ့ အပြာရောင် တီရှပ်မှာပါတဲ့"လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်သောစစ်တပ်၏ အမှုဖွင့်အရေးယူမှုများကို ပြင်းထန်စွာ ကန့်ကွန်ရှုံ့ချကြ"ဆိုတဲ့ စာသားတွေဟာ ဆန္ဒပြပွဲအတွက် ကြိုတင်ခွင့်ပြုချက် တောင်းချိန်မှာ မပါဝင်ခဲ့လို့ဆိုပြီး ဆန္ဒပြပွဲဦးဆောင်သူနှစ်ဦးကို ငြိမ်းစုစီပုဒ်မ(၂၀)နဲ့ မြစ်ကြီးနားရဲစခန်းက ဒီနေ့မှာပဲ တရားစွဲဆိုလိုက်တယ်လို့ ကိုယ်တိုင်ဆန္ဒထုတ်ဖော်ခဲ့သူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အသံက မောင်ဆောင်းခက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။ အပြာရောင်တီရှပ်ကမ်ပိမ်းနဲ့ ဝန်းရံခဲ့တဲ့ ရန်ကုန်ကကျောင်းသားလူငယ်တွေကိုယ်တိုင် ကချင်ပြည်နယ်ရဲစခန်းမှာ သွားရောက်အမှုရင်ဆိုင်ခဲ့ကြပေမဲ့ ဦးဆောင်သူတွေကိုပဲ ပုဒ်မ ၂၀ နဲ့ အရေးယူမှာဖြစ်တယ်လို့ မြစ်ကြီးနား မြို့နယ်ရဲမှူးဘက်က တုံ့ပြန်ပြောဆိုခဲ့ကြောင်း အသံအဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG