သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစွဲခံရမှုအပေါ် ပွင့်လင်းမြင်သာစွာဖြေရှင်းနိုင်ဖို့ KBC ခေါင်းဆောင်မျှော်လင့်


Dr. REV Hkalam Samson (KBC KACHIN)
Dr. REV Hkalam Samson (KBC KACHIN)

ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခါလမ် ဆမ်ဆွန်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၀၀ နဲ့ တပ်မတော်က ရုံးတော်ကို ဦးတိုက်လျှောက် ထားတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အတားအဆီးဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူတွေကပြောပါတယ်။ ဆရာတော်ကတော့ သူ့နေနဲ့ တရားရုံးမှာ ပွင့်လင်းမြင်သာစွာ ပြောဆိုနိုင်ဖို့အတွက်မျှော်လင့်နေတဲ့ အကြောင်းပြောပါ တယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး မြန်မာစစ်တပ်အနေနဲ့ ခရစ်ယာန်တွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖော်ကမှုတွေရှိနေတယ်လို့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ခါလမ်ဆမ်ဆွန်က သမ္မတ Trump နဲ့ ဇွန်လ ၁၇ ရက်ကတွေ့တဲ့အခါမှာ ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ တပ်မတော် ဘက်က ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၀၀နဲ့ တရားစွဲထားပြီး ဆရာတော်ဘက်ကတော့ အရင်ကလို တပ်က ခေါ်ယူ စစ်ဆေးတာထက် တရားရုံးမှာ ဦးတိုက် လျှောက်ထားလာတာဟာ တိုးတက်မှုတခုလို့မြင်ကြောင်း၊ ဒီအတွက်လည်း မျှမျှတတပြောဆိုခွင့်ရဖို့မျှော်လင့်ထားကြောင်း ဆရာတော် ခါလမ်ဆမ်ဆွန်က ဗွီအိုအေကိုပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ မြန်မာပြည်ရဲ့ အခြေအနေကို စေတနာမေတ္တာနဲ့ တင်ပြထားခြင်း ဖြစ်တာပေါ့။ ဖက်ဒရယ်ဒီမိုကရေစီကို အပြည့်အဝရချင်တဲ့ သဘောပေါ့နော်။ ခရစ်ယာန်ကို ချည်း မဆိုလိုပါဘူး အားလုံးပေါ့နော မိမိယုံကြည်ကိုးကွယ်ရာကို ပြည့်ပြည့်ဝဝ ခံစားစေ ချင်တဲ့ သဘောနဲ့ ပြောခြင်းဖြစ်ပါတယ် တကယ်လို့တရားရုံးမှာ အမှုက ရင်ဆိုင်ရမယ် ဆိုရင်လည်း ကျနော်ကအဆင်သင့်ပဲ ရှိနေပါတယ်။ တရားရုံးကနေ ပွင့်လင်းမြင်သာစွာ တရားစွဲဆိုတယ်ဆိုတာ ပြောင်းလဲမှုတခုအနေနဲ့တော့ မြင်ပါတယ်။ တရားရုံးမှာ ပွင့်လင်းမြင်သာစွာ မျှတစွာ ပြောဆိုနိုင်မယ်ဆိုရင်တော့ ကောင်းတဲ့ လက္ခဏာတခုပေါ့။”

ဒီကိစ္စပေါ်မှာ အမှုတည်ဆောက်ဖို့ ခက်ခဲလိမ့်မယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့ အခွင့်အရေးကော်မရှင်ရဲ့ ရှေ့နေ ဦးမင်းလွင်ဦးကလည်း ဗွီအိုအေကို ပြောခဲ့တာရှိပါတယ်။ ဒီကိစ္စဟာ မြန်မာ့တရား စီရင်ပိုင်ခွင့်အာဏာအပြင်မှာ ဖြစ်တဲ့အမှုကို ပြည်တွင်းမှာပြန်ပြီး အရေးယူဖို့ လျှောက်တယ်ဆိုတာ ကလည်း ဥပဒေနဲ့မညီညွှတ်ဘူးလို့ သူကပြောပါတယ်။

ဒီဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တစုံတရာ မှတ်ချက် မပေးပါဘူး။ ဆရာတော် ခါလမ်ဆမ်ဆွန် က သမ္မတထရမ့်နဲ့တွေ့တုန်း ပြောတဲ့အချက်တွေဟာ မှန်ကန်ပြီး ဘာသာရေးနဲ့ပတ်သက်တဲ့နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ တပ်စွဲထားတာမျိုး အရင်ကရှိခဲ့ သလို၊ စစ်ပွဲအတွင်း ဘုရားကျောင်းတွေ ပျက်စီးခဲ့တာလည်းရှိခဲ့ပါတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါ တယ်။ နောင်မှာ အခုလိုမျိုး ဖိအားတွေက အမှန်တရား ပေါ်ထွက်ဖို့ ခက်ခဲသွားစေနိုင် တယ်လို့ သူကပြောတာပါ။

“KBC ဆိုတာကတော့ ကချင်လူမျိုးတွေ အနည်းဆုံး ၅၅ %လောက်တော့ coverage ( လွှမ်းခြုံ) တဲ့ အသင်းတော် ဖြစ်တယ်ပေါ့။ အဲဒီတော့ ဒီအသင်းတော်ရဲ့ အကြီးဆုံးဥက္ကဋ္ဌ ခေါင်းဆောင်က ဒီလိုမျိုး အမှန်တရားပြောတဲ့အတွက် ကြောင့်မို့လို့ တရားစွဲဆိုခံရတယ်လို့ ပြောတဲ့အခါမှာ ကျမတို့ အနေနဲ့ကျတော့ ကချင်လူမျိုး အကုန်လုံးကကို တိတ်ဆိတ် သွားစေအောင် ခြိမ်းခြောက်ချက် တခုလည်းဖြစ်တယ်လို့ ယူဆတယ်ရှင့်။”

စစ်တပ်က ကချင်မှာ သာမန်အရပ်သားတွေအပေါ် တရားစွဲတာမျိုးတွေရှိခဲ့ပေမဲ့ အခု ကချင် ဘာသာရေး ခေါင်းဆောင်ထိ တရားစွဲလာတဲ့အပေါ်မှာ အလားတူ ကိစ္စတွေ ထပ်ဖြစ်လာနိုင်သလို တပ်ဘက်ကလည်း အမှုတွေကို အရှုံးပေးခဲ့တာမျိုး ဘယ်တုန်းကမှ မရှိခဲ့တဲ့အကြောင်း လူ့အခွင့်အရေးကိစ္စတွေ ပါဝင်ဆောင်ရွက်နေတဲ့ ကချင်တိုင်းရင်းသား နော်အောင်က ပြောပါတယ်။ ကုလသမဂ္ဂကြေညာစာတမ်းတွေ၊ ပဋိညာဉ်စာချုပ်တွေမှာ ပါတဲ့ နိုင်ငံသားတိုင်းရဲ့လွတ်လာစွာပြောဆိုခွင့်နဲ့လည်း ဆန့်ကျင်နေတယ်လို့ သူက ဆိုပါတယ်။

“ ဒီလိုမျိုး ဘာမှမပြောပလောက်တဲ့ဟာတောင်မှ တပ်ဘက်က လိုသလိုတရားစွဲတဲ့ အပိုင်းကတော့ ဘာမှလုပ်လို့မရဘူး လုပ်ချင်တိုင်းလုပ်မယ့် ဘာမှ ပြောရေးဆိုခွင့်မရှိဘူး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးဆိုတဲ့ဟာ၊ တပ်ကိုထိလို့ရှိရင် ဘာမှလုပ်လို့ မရဘူးဆိုတဲ့ တားဆီးပိတ်ပင်မှုဖြစ်နေတဲ့ ဟာတော့တွေ့ရှိရတယ်ပေါ့နော်။”

ဇူလိုင်လ က အမေရိကန်နိုင်ငံခြားရေးဌာနကလုပ်တဲ့ ဘာသာရေးလွတ်လပ်ခွင့် တိုးတက် ဖြစ်ထွန်းရေးဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တဲ့ ကချင်သင်းအုပ် ဆရာ နှစ်ဦးရဲ့ မြန်မာနိုင်ငံ ပြန်သွားမယ့် အခြေအနေကို အမေရိကန် အိမ်ဖြူတော်က အနီးကပ်စောင့်ကြည့်နေကြောင်း ဒုသမ္မတ Mike Pence ရုံးက ကြေညာချက်ထုတ် ထားသလို ဘာသာရေးညီလာခံမှာ သူတို့နှစ်ဦးတင်ပြချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးနှိပ်စက်ခံရမှာ စိုးရိမ်ကြောင်းလည်း အမေရိကန်က နှစ်ချင်းခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG