သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်း ၂ နှစ်ကျော် ခရစ်ယာန် ဘာသာဝင်တွေရဲ့အခြေနေ CAM ထုတ်ပြန်


ဝါရှင်တန်ဒီစီ USIP မှာကျင်းပတဲ့ CAM ရဲ့ "The Worsening Situation of Christians Across Burma"အစီရင်ခံစ ထုတ်ပြန်ပွဲ (Photo: Dau Qae Lakang)
ဝါရှင်တန်ဒီစီ USIP မှာကျင်းပတဲ့ CAM ရဲ့ "The Worsening Situation of Christians Across Burma"အစီရင်ခံစ ထုတ်ပြန်ပွဲ (Photo: Dau Qae Lakang)

=== [[ ZAWGYI ]] ===

အာဏာသိမ်း ၂ နှစ်ကျော် ခရစ်ယာန် ဘာသာဝင်တွေရဲ့အခြေနေ CAM ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း နိုင်ငံတလွှား ခရစ်ယာန်ဘာသာဝင်တွေ ရင်ဆိုင်နေရတဲ့အခြေအနေက တနေ့ထက်တနေ့ ပိုဆိုး လာနေတဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေက စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုပေါ် စော်ကားကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေတဲ့အတွက် အမေရိကန်အစိုးရ အနေနဲ့ ခုထက် ပိုပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ CAM က အစီရင်ခံစာသစ် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု USIP မှာ ကြာသပတေးနေ့က ကျင်းပတဲ့ CAM ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲကို အွန်လိုင်းက တက်ရောက်ခဲ့တဲ့ ကိုဉာဏ်ဝင်းအောင်က အပြည့်အစုံ ပြောပြမှာပါ။


မြန်မာနိုင်ငံတွင်း ချင်းပြည်နယ်နဲ့ အခြား တိုင်းရင်းသားဒေသက ခရစ်ယာန် ဘာသာဝင်တွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်မှု ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ (CAM, Chin Association of Maryland) က လက်ရှိ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်လာခဲ့တာ ခုထိဆို ၃ ကြိမ်ရှိလာပါပြီ။

ဝါရှင်တန်ဒီစီ USIP မှာကျင်းပတဲ့ CAM ရဲ့ "The Worsening Situation of Christians Across Burma"အစီရင်ခံစ ထုတ်ပြန်ပွဲ (Photo: Dau Qae Lakang)
ဝါရှင်တန်ဒီစီ USIP မှာကျင်းပတဲ့ CAM ရဲ့ "The Worsening Situation of Christians Across Burma"အစီရင်ခံစ ထုတ်ပြန်ပွဲ (Photo: Dau Qae Lakang)

" The Worsening Situation of Christians Across Burma " စစ်အာဏာသိမ်းပြီး ၂ နှစ်အကြာ မြန်မာနိုင်ငံတလွှား ခရစ်ယာန်ဘာသာဝင်တွေအတွက် ပိုမိုဆိုးရွားလာတဲ့ အခြေအနေ ခေါင်းစဉ်နဲ့ အစီရင်စာသစ်ကို မေရီလန်း ချင်းတိုင်းရင်းသားများ CAM အဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ခုချိန်ထိ ပြည်တွင်းက ခရစ်ယာန်ဘာသာဝင်တွေကို ဖိနှိပ် စော်ကား အကြမ်းဖက်တဲ့လုပ်ရပ်တွေက တနှစ်ထက်တနှစ် ပိုပိုဆိုးလာတယ်လို့ CAM အဖွဲ့ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဇိုသုန်းမှုန်က ပြောသွားပါတယ်။

" သက်တမ်း (၁၂၉)နှစ်ရှိပြီး စစ်ကိုင်းတိုင်းထဲက ထင်ရှားတဲ့ Assumption Church ဘုရားကျောင်းကို စစ်တပ်က ဒီနှစ်အစပိုင်းမှာပဲ မီးရှို့ဖျက်ဆီး ဖြိုချ ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာဆိုရင်လည်း စစ်ကိုင်း မုန်းလှရွာက ခရစ်ယာန်ဘုရားကျောင်း တခု၊ စာသင်ကျောင်းနဲ့ ရာကျော်တဲ့ လူနေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲပါတယ်။ အဲဒီလိုပဲ Johnson Memorial နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို မီးရှို့ဖြိုချခဲ့သလို၊ စစ်တပ်က မီးရှို့ခဲ့တဲ့ ထန်တလန်မြို့က အကြီးဆုံး ခရစ်ယာန်ဘုရားကျောင်းနေရာမှာ ခုတော့ စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲနေပါတယ်။ ချင်းပြည်နယ်ထဲမှာ သင်းအုပ်ဆရာတဦး အသတ်ခံရပြီး၊ လက်ထပ်လက်စွပ်ကို ဖြုတ်ယူဖို့ သူ့လက်ချောင်းကို စစ်သားတွေက ဖြတ်ယူ သွားတာမျိုးအထိ ဆိုးဝါးခဲ့ပါတယ်။ "

CAM အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အမေရိကန်ရောက် ကချင်နှစ်ခြင်းခရစ်ယာန် (KBC-USA)အသင်း အထွေထွေအတွင်းရေးမှူးချုပ် သိက္ခာတော်ရ သင်းအုပ်ဆရာ Ah Le လည်း တက်ရောက်ပြီး ကချင်ပြည်နယ်မှာ ထင်ရှားတဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချလိုက်က်တဲ့ ကိစ္စအပါအဝင် ခရစ်ယာန်ဘာသာဝင် ကချင်တိုင်းရင်းသားတွေ အကြမ်းဖက် ဖိနှိပ်ခံရတဲ့ ကိစ္စကို ပြောသွားပါတယ်။ ကယားပြည်နယ်တွင်း ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးကျဲခံရတဲ့ ဖြစ်ရပ်တွေကိုပါ ပြောသွားပြီး စစ်ကောင်စီဟာ ခရစ်ယာန်ဘာသာဝင်တွေကို ရည်ရွယ်ချက်နဲ့ နှိပ်ကွက်နေတယ်လို့ ဆိုပါတယ်။

တကယ်တော့ လက်ရှိ စစ်ကောင်စီဟာ သူတို့ အာဏာ တည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ လုပ်နေခြင်းသာ ဖြစ်တယ်လို့ NUG အစိုးရ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ထောက်ပြခဲ့ပါတယ်။

" တိုင်းပြည်မှာ လက်ရှိကြုံနေရတာက ဘာသာရေး၊ တိုင်းရင်းသားအရေး၊ လူမျိုးရေး ဆိုတာထက် တိုင်းပြည်ကို ထိန်းချုပ်ပြီး သူတို့ ရေရှည် အာဏာတည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်တပ်က နေရာတိုင်းကို
တိုက်ခိုက် ဖိနှိပ်နေတာပါ။ ခရစ်ယာန် ဘာသာဝင်တွေသာမက ဗုဒ္ဓဘာသာနဲ့ အခြားဘာသာဝင်တွေလည်း အဲဒါမျိုးကို ခံနေရပါတယ်။ စစ်အာဏရှင်တွေ ရှိနေသရွေ့ ဒီပြဿနာတွေ ဆက်ရှိနေမှာပါ။ ဒါကြောင့် NUG အစိုးရအနေနဲ့ ဘာသာပေါင်းစုံ၊ တိုင်းရင်းသား အဖွဲ့အစည်း ပေါင်းစုံနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြိုးစားဆောင်ရွက်နေပါတယ်။ "

USIP မှာ ကျင်းပတဲ့ မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်း၊ မကွေး၊ စစ်ကိုင်း ဒေသက ပြည်သူတွေ အိန္ဒိယမြန်မာ နယ်စပ်ကို တိမ်းရှောင် ထွက်ပြေးခဲ့ရပေမယ့် ခုချိန်ထိ လုံလောက်တဲ့အကူအညီ မရသေးတာ တွေ့ရကြောင်း အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု USIP အဖွဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီ တာဝန်ခံဟောင်း) Mrs. Priscilla Clapp ကလည်း ဆွေးနွေးသွားပါတယ်။

" အိန္ဒိယနပ်စပ်က အကြောင်းပြောရင် အဲဒီဒေသကကို ကျမတို့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရပါဘူး။ ခုချိန်ထိ အိန္ဒိယအစိုးရဆီကလည်း ဘာမှ အကူအညီ မရပါဘူး။ မီဇိုရမ်၊ နာဂလန်း၊ မဏိပူပြည်နယ် စတဲ့ ဒေသခံတွေကပဲ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီ စောင့်ရှောက်နေတယ်ဆိုပေမယ့် လုံလောက်မှု မရှိပါဘူး။ ဒီလို အခြေအနေတွေကြောင့် နိုင်ငံတကာ NGO အဖွဲ့တွေ သွားရောက်ကူညီနိုင်အောင် အိန္ဒိယအစိုးရက သဘောထား ပျော့ပြောင်းစွာနဲ့ ခွင့်ပြုသင့်ပါတယ်။ ဒီအတွက် ကျမတို့ အိန္ဒိယနဲ့ စကားပြောနေပါတယ်။ "

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်လွန်းတဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက အထူးသဖြင့် အမေရိကန်အစိုးရက လက်ရှိထက် ပိုတဲ့ အရေးယူ တားမြစ်မှုတွေ လုပ်ဖို့လိုနေပြီလို့ Dr. C Jeff Woods (အထွေထွေအတွင်းရေးမှူး - အမေရိကန် နှစ်ခြင်းခရစ်ယာန် အသင်းတော်များ) က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

" မြန်မာနိုင်ငံတွင်းမှာ နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်ရဲ့ ရက်စက်ကြမ်းကြုပ်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ ကြားနေရပါတယ်။ ဂျိုးဘိုင်ဒင် အစိုးရနဲ့ အမေရိကန် ကွန်ဂရက်စ်အမတ်တွေကို ကျနော်တို့ တောင်းဆိုချင်တာကတော့ မြန်မာပြည်တွင်း ခရစ်ယာန်ဘာသာဝင်တွေပေါ် ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို စစ်ရာဇဝတ်မှု ၊ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်ပေးဖို့ရယ် ၊ ထိရောက်တဲ့ အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလို မလုပ်ရင် ကျူးလွန်သူတွေဟာ အပြစ်က ကင်းလွတ်ခွင့်ရနေမှာဖြစ်ပြီး ၊ နောင်မှာလည်း ဒီလို ရက်စက်တဲ့ ဖိနှပ်မှုတွေကို ဆက်ကျူးလွန် နေကြမှာ ဖြစ်ပါတယ်။ "

ဝါရှင်တန်ဒီစီ အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု USIP မှာ ကျင်းပခဲ့တဲ့ CAM အဖွဲ့ရဲ့ အစီရင်ခံစာသစ် ထုတ်ပြန်ပွဲကို လူကိုယ်တိုင်ရော၊ အွန်လိုင်းကပါ လူ(၆၀)ဝန်းကျင် တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===











ဝါရှင်တန်ဒီစီ USIP မှာကျင်းပတဲ့ CAM ရဲ့ "The Worsening Situation of Christians Across Burma"အစီရင်ခံစ ထုတ်ပြန်ပွဲ
ဝါရှင်တန်ဒီစီ USIP မှာကျင်းပတဲ့ CAM ရဲ့ "The Worsening Situation of Christians Across Burma"အစီရင်ခံစ ထုတ်ပြန်ပွဲ







XS
SM
MD
LG