သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက်လို့ APHR ထောက်ပြ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် နေရာအနှံ့ အစီအစဉ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့တွေ အကြိမ်ကြိမ် ပျက်ကွက်နေတဲ့အပေါ် အထူး စိုးရိမ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ပူးတွဲဥက္ကဋ္ဌ Charles Santiago က ပြောဆိုလိုက်ပါတယ်။

"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်တဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့က ကြေညာချက်တွေ အသီးသီး တုံ့ပြန်ပြီး ရှုတ်ချတာကို ကြိုဆိုပေမဲ့၊ ဒီလောက်နဲ့ မလုံလောက်ဘဲ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေတာ ရပ်တန့်အောင်၊ စစ်ကောင်စီအနေနဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရနေတဲ့ အခြေအနေ အဆုံးသတ်အောင် အရေးယူ ဆောင်ရွက်မှုတွေ ချက်ချင်း လုပ်ဆောင်ရလိမ့်မယ်" လို့ APHR ပူးတွဲဥက္ကဋ္ဌ Charles Santiago က ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ အရေးယူဆောင်ရွက်မှုတွေ ထိထိရောက်ရောက် မလုပ်နိုင်ရင် နောက်ထပ် ဘေးဒုက္ခတွေနဲ့ လူ့အသက်တွေ ဆုံးရှုံးရလိမ့်မယ်လို့ သူက ထောက်ပြပါတယ်။ အာဆီယံဟာ မြန်မာ့ရေး တုံ့ပြန်တဲ့နေရာမှာ ထိရောက်မှု မရှိသလို၊ ရှေ့နောက် မညီတာတွေ ရှိတယ်လို့လည်း Charles Santiago က ဝေဖန်ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်ဟာ ပဇီကြီးကိစ္စ ရှုတ်ချတဲ့ ကြေညာချက် မနေ့က ထုတ်ပြန်တဲ့ တရက်တည်းမှာပဲ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်နဲ့လည်း တွေ့ဆုံခဲ့တာတွေ လုပ်ခဲ့တယ်လို့ ဆိုပြီး ဝေဖန်ထားတာပါ။ နိုင်ငံတကာ အနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို လုံး၀ လက်မခံနိုင်ဘူး ဆိုတာမျိုး ထိရောက်တဲ့ အရေးယူ တုံ့ပြန်မှုတွေနဲ့ ခိုင်မာ ပြတ်သားတဲ့ သတင်းစကား ပါးရလိမ့်မယ်လို့ သူက ပြောပါတယ်။ ထိရောက်မှုမရှိတဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ်ကို ပြင်ဆင်ပြီး စစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်ကုမ္ပဏီတွေ၊ မြန်မာစစ်တပ်ကို လေယာဉ်ဆီ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ပြီး နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံး ICC မှာ စစ်ကောင်စီကို ရုံးတင် တရားစွဲဆိုတာတွေ လုပ်သွားရလိမ့်မယ်လို့ APHR ပူးတွဲဥက္ကဋ္ဌ Charles Santiago ရဲ့ ဒီကနေ့ ကြေညာချက်မှာ တိုက်တွန်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG