သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆုံးဖြတ်ချက် ၂၆၆၉ အကောင်အထည်ဖော်နိုင်ရေး လုံခြုံရေးကောင်စီ ပံ့ပိုးဖို့ အမေရိကန်တောင်းဆို


ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ တွေ့ရတဲ့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)
ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ တွေ့ရတဲ့ ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃)

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်ထည်ဖော်နိုင်ဖို့ လုံခြုံရေးကောင်စီက ပံ့ပိုးရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရလိမ့်မယ်လို့ ပဇီကြီးကျေးရွာတိုက်ခိုက်ခံရမှုနဲ့ပါတ်သက်လို့ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က တံခါးပိတ်ဆွေးနွေးအပြီး အမေရိကန်သံအမတ်ကြီးက လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုဟာ လူတွေရဲ့ အသက်တွေနဲ့ နိုင်ငံတကာဥပဒေကို အလေးမထားဘူးဆိုတာ စစ်ကောင်စီက နောက်ထပ် ပြသလိုက်တာဖြစ်တယ်လို့ ထောက်ပြပြီး ဒီတိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချတယ်လို့ သံအမတ်ကြီး Greenfield ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုအားလုံး ရပ်ပါလို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ လူသားချင်းစာနာတဲ့အကူအညီတွေကို အတားအဆီးမရှိ ပေးခွင့်ပြုဖို့၊ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို လေးစားလိုက်နာဖို့လည်း တောင်းဆိုပါတယ်။ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ့် ဥပဒေတွေအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာပါလို့ စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက ထပ်မံတောင်းဆိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကပြောကြားထားပါတယ်။

၂၀၂၂ ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးထားသူ အားလုံး လွှတ်ပေးဖို့ ပါဝင်ပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားအများဆုံး သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward ကလည်း မနေ့ကပြောကြားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇတ်မှု၊ လူသားထုတခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြတ်သားတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG