သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းထိုးစစ် အရပ်သားထိခိုက်မှုပိုတိုး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာပါတယ်။ စစ်ကိုင်းတိုင်းထဲက ပဇီကြီးကျေးရွာမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ဖြစ်စဉ်ဟာ သင်္ကြန်ရက်မတိုင်ခင်လေး ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီအပေါ် နိုင်ငံတကာဝေဖန်ပြစ်တင်မှုတွေ ဖိအားတွေ တိုးလာနေပြီး၊ ဒီအပေါ် စစ်ကောင်စီကလည်း ပြန်လည်တုန့်ပြန်တာရှိပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းထောက်မှတ်စုကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကြားက ပဋိပက္ခဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တာတွေက အခုနောက်ပိုင်းမှာ ပိုများလာပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ တိုးလာတာ၊ ရွာလုံးကျွတ်နေအိမ် မီးလောင်တာတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကလည်း ခပ်စိပ်စိပ်ရှိလာနေတာပါ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာမှာလည်း ဧပြီလ ၁၁ ရက်၊ ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူတွေ အများအပြား သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၈ ဦးထက်မနည်း ပါဝင်ပြီး၊ အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပြောဆိုချက်အရတော့ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းအချိန်ကစလို့ ပဇီကြီးကျေးရွာကို နှစ်ကြိမ်ထက်မနည်း တိုက်ခိုက်မှုရှိခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ PDF တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားပြည်သူ အတော်များများ ပါဝင်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပဇီကြီးကျေးရွာကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် အပြင်းအထန်ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။ သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသွားကြသူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူကြေကွဲ ဝမ်းနည်းစကားကိုလည်း အတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပြီး ဒဏ်ရာရရှိသူတွေ အရေးပေါ် ကုသရေးနဲ့ အကူအညီရရှိရေးအတွက်ခွင့်ပြုဖို့လည်း တောင်းဆိုထားပါတယ်။ အကြမ်းဖက်မှုပုံစံ အားလုံးကို အတွင်းရေးမှူးချုပ်က ရှုတ်ချလိုက်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးရေးက မူလဘူတ အရေးကြီးဆုံးဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရဲ့ရုံး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပဇီကြီးဖြစ်စဉ်မှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်ကို ဝန်ခံထားပါတယ်။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်တာဖြစ်ပြီး၊ သေဆုံးသူတွေဟာလည်း PDF အဖွဲ့ဝင်တွေဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၃)
၇၈ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၃)

"မနက် ၈ နာရီလောက်မှာ အဲဒီမှာ ပဇီကြီးကျေးရွာမှာ NUG - CRPH အမည်ခံအဖွဲ့ - ခုန သူတို့ပြောနေတဲ့ လုပ်ငန်းဖွင့်ပွဲဆိုတဲ့ဟာတွေ၊ နောက်ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲ ဆိုတဲ့ဟာ လုပ်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။ တိုက်ခိုက်မှုရှိတဲ့ အခါမှာတော့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေက သေဆုံးတယ်ဆိုတာလည်း ကျနော်တို့ သိရပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒါ နိုင်ငံတော်အစိုးရ - ပြည်သူလူထုကို ဆန့်ကျင်လုပ်ဆောင်နေတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ အရင်တုန်းကအတိုင်း ပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဖွဲ့တွေ အတော်များများသည် ယူနီဖောင်းတွေနဲ့ ပုံတွေ ဖြစ်ပါတယ်။ တချို့လည်း အရပ်ဝတ်နဲ့ပုံတွေ ပါရင်ပါမှာပေါ့။"

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ကျရောက်ခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို အောင်မြင်အောင် ချေမှုန်းသွားမယ်လို့ ပြောခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အပြင် ဒီအဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေကိုပါ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက် စာမျက်နှာကနေ မှတ်ချက်ရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ကိုင်းကို လေကြောင်းတိုက်ခိုက်မှု အပါအဝင်၊ အပြစ်မဲ့ပြည်သူတွေကို မြန်မာစစ်တပ်က တိုက်ခိုက်တာတွေက ကမ္ဘာကြီးရဲ့ မျက်ကွယ်ပြုမှုကြောင့်၊ စစ်တပ်ကို လက်နက်ထောက်ပံ့ နေသူတွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကလေးတွေ ဘယ်လောက်များများ သေကြေမှ၊ ဒီလိုသတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူတုံ့ပြန်မှုတွေ ပူးပေါင်းလုပ်ဆောင်ကြတော့မလဲ ဆိုပြီး မှတ်ချက်ပြုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စစ်ကောင်စီရဲ့ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ လူ့အသက်တွေအပေါ် အလေးမထားတာကို ပြသလိုက်တာဖြစ်သလို ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွက် စစ်ကောင်စီမှာ တာဝန်ရှိတာကိုလည်း ပြသလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အရပ်သားတွေကို အကာအကွယ်ပေးရေး အပါအဝင် နိုင်ငံတကာလူသားချင်း စာနာထောက်ထားရေး ဥပဒေကို မြန်မာစစ်တပ်က လေးစားရမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတော်မတရားမှုတွေအတွက် စစ်ကောင်စီကိုအရေးယူဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ အမေရိကန်ပြည်ထောင်စုက လက်တွဲလုပ်ဆောင်မယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ကတိကဝတ်ပြုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာဖြစ်စဉ်အပေါ် စစ်ကောင်စီရဲ့လုပ်ရပ်ကို နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်ပြစ်တင်ထားသလို လူ့အခွင့်အရေး အဖွဲ့တွေကလည်း ရှုတ်ချထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက တခြားနေရာတွေမှာလည်း ရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာလည်း ရက်ဆက်တိုက်ပွဲတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ တရက်တည်းမှာတင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လေယာဉ်ပစ်ခတ်မှုမှာ ဟိုခဲကျေးရွာပေါ့။ နောင်ချိုမြို့နယ် ဟိုခဲကျေးရွာ ဘုန်းကြီးကျောင်းထဲကိုလည်း ပစ်ခတ်မှုတွေ ရှိတယ်လို့တော့ သိရတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုကတော့ ကောက်ယူနေဆဲပဲဗျ။ လက်နက်ကြီး ပစ်ခတ်မှုတွေမှာတော့ စကစဘက်က ပစ်ခတ်တဲ့ ဖြစ်စဉ်မှာတော့ အရပ်သား သေဆုံးမှုတွေ ရှိတယ်ဗျ။ နောင်ချိုမြို့နယ် သံဘိုကျေးရွာက ကလေးပေါ့။ ကျားတဦး၊ မတဦး သေဆုံးတယ်။ အရပ်သား ၃ဦး ထိခိုက်ဒဏ်ရာရတယ် ဆိုပြီးတော့ ရှိခဲ့တယ်ဗျ။"

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဝေဘူလမြို့နဲ့ ဗားရ်ရွာတို့ကို စစ်ကောင်စီဘက်က ဧပြီလ ၁၀ ရက်နေ့တုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဝေဘူလမြို့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းနားကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့ဒဏ်ကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ အမြဲလိုလိုရှိနေတဲ့ ရှမ်းကယားဘက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ပစ်ခတ်တာတွေ ရှိနေပါတယ်။ ဒီးမော့ဆိုဘက်မှာ တိုက်ပွဲတွေငြိမ်နေချိန် လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေလို့ ဒေသခံတွေလည်း နေရပ်ကို မပြန်နိုင်သေးတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနဲ့ ပင်လောင်း အစပ်မှာတော့ ရက်ဆက်တိုက်ပွဲတွေ ကြိုကြားကြိုကြား ဖြစ်ပွားနေပြီး၊ တိုက်ပွဲမရှိချိန်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

"အခု လတ်တလောက ဖယ်ခုံ−ပင်လောင်းပေါ့နော်။ နယ်စပ်မှာတော့ ထိတွေ့မှုတွေတော့ ရှိတယ်။ နေ့စဉ်ပေါ့လေ။ ဒါပေမဲ့ တနေကုန်နီးပါး ပုံစံမျိုးတော့ မဟုတ်ဘဲနဲ့ မနက်ပိုင်းမှာ နည်းနည်းထိတွေ့မှု ဖြစ်လိုက် ပြန်ငြိမ်သွားလိုက်၊ ပြီးရင် နေ့လည်ဘက်မှာ ထပ်ဖြစ်လိုက် ငြိမ်သွားလိုက်၊ ညနေဘက်မှာဖြစ်လိုက် ငြိမ်သွားလိုက် အဲ့ပုံစံမျိုး။ ဒါပေမဲ့ စစ်ကောင်စီက ပုံမှန်ပဲ လေကြောင်းနဲ့ လာပစ်တာမျိုးတော့၊ နောက် လက်နက်ကြီးပစ်တာမျိုးတို့ တောက်လျှောက် လုပ်နေတယ်ပေါ့နော်။ ဒီးမော့ဆိုဘက်မှာကျတော့ ဒီရက်ပိုင်းထဲမှာ တိုက်ပွဲလေး နည်းနည်း ငြိမ်နေတယ်ဗျ။ ဒါပေမဲ့ စစ်ကောင်စီက ဒီလက်နက်ကြီးနဲ့ ပစ်တာမျိုးတွေတော့ တောက်လျှောက်လုပ်နေတယ်။"

စစ်ကောင်စီတပ်နဲ့ KIA ၊ PDF. တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း အခုလ ဧပြီ ၆ ရက်နေ့တုန်းက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ လေကြောင်းကနေ နေရာ ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးလောင်ခဲ့ပြီး၊ ဒေသခံတဦးလည်း သေဆုံးခဲ့ပါတယ်။

ဝဲမှယာ: အမေရိကန်သမ္မတနဲ့ နိုင်ငံခြားဝန်ကြီးတို့ရဲ့အကြံပေးပုဂ္ဂိုလ် Rashad Hussain ခငြျးသငျးအုပျဆရာ Aaron Tawk Al နဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM) Zo Tum Hmung
ဝဲမှယာ: အမေရိကန်သမ္မတနဲ့ နိုင်ငံခြားဝန်ကြီးတို့ရဲ့အကြံပေးပုဂ္ဂိုလ် Rashad Hussain ခငြျးသငျးအုပျဆရာ Aaron Tawk Al နဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM) Zo Tum Hmung

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ခွာဖိုးရွာမှာလည်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က လူသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဘုရားကျောင်းပျက်စီးတာနဲ့ ဒုက္ခသည်အများအပြား နယ်စပ်တိမ်းရှောင်နေရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့ပါတယ်။ နေအိမ် ၁၈ လုံးလည်း ပျက်စီးသွားပြီး၊ ခရစ်ယာန်ဘုရားကျောင်း ၂ ခုလည်း ပျက်စီးခဲ့တယ်လို့ မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ CAM က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားဝန်ကြီးတို့ရဲ့ အကြံပေးပုဂ္ဂိုလ် Rashad Hussain ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ သွားရောက်တွေ့ဆုံပြီး တိုက်တွန်းခဲ့တယ်လို့ CAM ဒါရိုက်တာ ဦးဇိုသုန်းမှုန်က ဗွီအိုအေကို ပြောပါတယ်။

ကျနော်တို့သွားတွေ့ရတဲ့ ရည်ရွယ်ချက်က US အစိုးရကို ကျနော်တို့ တောင်းဆိုတယ်။ အခု ချင်းပြည်နယ်မှာဆိုရင် စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်တာကို တားဆီးဖို့၊ ကူညီဖို့ ကျနော်တို့ တခုတောင်းဆိုတယ်။ နောက်တချက်က စစ်ကောင်စီကနေ ဗုံးကြဲပြီးတော့၊ တိုက်ခိုက်ပြီးတော့ လူတွေသေဆုံးသွားတဲ့ဟာကို US အစိုးရကနေ ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ ကျနော်တို့ တောင်းဆိုတယ်။ နောက်တချက်ကတော့ အခုလို ချင်းပြည်နယ်မှာ လူမဆန် သတ်ဖြတ်ပြီးတော့ လေကြောင်းနဲ့တိုက်ခိုက်တဲ့ အဓိကတာဝန်ခံက အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို အရေးယူစေချင်တယ်။ ပြီးတော့ အခုလို ဆက်လက်ပြီးတော့ တိုက်ခိုက်နေတဲ့အတွက် ကျနော်တို့ချင်းတွေဟာ တော်တော်လေး ထွက်ပြေးကြတယ်။ အဲလိုထွက်ပြေးပြီးတော့ တိမ်းရှောင်တဲ့ ကျနော်တို့ ချင်းတွေကိုလည်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ဖို့ ဆိုပြီးတော့ အဓိကအချက်လေးချက်ကို တောင်းဆိုပါတယ်။"

ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံထားရသည်ကိုတွေ့ရစဉ်
ကယားပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း မီးရှို့ခံထားရသည်ကိုတွေ့ရစဉ်

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်ထားတဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းဒုက္ခသည်ဦးရေ ၁ ဒဿမ ၄ သန်းကျော်အထိ ရှိထားပါတယ်။ မီးရှို့ဖျက်စီးခံရတဲ့ အရပ်သားပိုင် အဆောက်အဦတွေကတော့ ၆ သောင်းကျော်အထိ ရှိနေတာပါ။ စစ်ကောင်စီဘက်ကတော့ သူတို့ရဲ့ ဆန့်ကျင်ဘက် အဖွဲ့မှန်သမျှကို အောင်မြင်အောင် ချေမှုန်းသွားမယ်လို့ ပြောဆိုထားတာပါ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကိုလည်း မနှစ်ကထက် ကျပ်ဘီလီယံ ၂ ထောင်နီးပါး သုံးစွဲဖို့ တိုးမြှင့်ချထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြား အရပ်သားပြည်သူတွေ အိုးအိမ်မဲ့ဖြစ်တာ၊ စစ်ဘေးဒုက္ခသည်ဘဝ ရောက်နေတာနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေဟာ အာဏာသိမ်းကာလ ၂ နှစ်ကျော်လာချိန်မှာ အချိန်ကြာလာတာနဲ့အမျှ ပိုတိုးလာနေတဲ့အကြောင်း ဒီတပတ်ရဲ့ သတင်းထောက်မှတ်စု အစီအစဉ်ကနေ တင်ဆက်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG