သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်ခြမ်းတိုက်ပွဲတွေကြောင့် ထိုင်းအစိုးရ နယ်စပ်လုံခြုံရေးတင်းကျပ်


ထိုင်းမြန်မာနယ်စပ်
ထိုင်းမြန်မာနယ်စပ်

ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA, PDF စတဲ့ ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပေါ်နေတာကြောင့် ထိုင်း−မြန်မာနယ်စပ်တလျှောက် တာခ့်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးကို ထိုင်းအာဏာပိုင်တွေက တင်းကျပ် ချထားပါတယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေ ထောင်နဲ့ချီပြီး မကြာခင်က ဝင်ရောက်လာတာကြောင့်ရော၊ မြန်မာဘက်က စစ်ရေးမတည်ငြိမ်မူတွေကြောင့်ပါ အခုလို နှစ်နိုင်ငံနယ်နမိတ်မှာ လုံခြုံရေး တိုးချထားလိုက်တာပါ။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးဝန်းတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ရေးတင်းမာနေတာကြောင့် ထိုင်းဘက်က နယ်ခြားစောင့်တပ်အမှတ်(၃၅)က စက်သေနတ်တွေ တပ်ဆင်ထားတဲ့ စစ်ကားတွေနဲ့ နယ်စပ်တလျှောက် ကင်းလှည့်တာတွေ လုပ်ဆောင်နေပြီး လုံခြုံရေးကို သိသိသာသာ တိုးချဲ့ချထားပါတယ်။ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့အနီးဆုံး ဝမ်းဖာကျေးရွာအနီးက နယ်စပ်တလျောက်မှာတော့ ကင်းလှည့်တာတွေ တွေ့ရတယ်လို့ နယ်စပ်နေ ပြည်သူတဦးက အခုလို ပြောပြပါတယ်။

“မယ်ရမတ် ရှိတယ်၊ တန်ဆောင်ရမ်း ရှိတယ်၊ ဖွတ်ဖရ ရှိတယ်၊ မဲဆောက်၊ မဲလမ၊ မဲစရီးယမ်း စတဲ့နေရာတွေမှာ ရှိနေတယ်။ နယ်ခြားစောင့်တွေက အသေးစိတ် စောင့်ကြည့်နေတယ်။ ဟိုဘက်ကစစ်ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေပြီး ဒီဘက်ကို ထွက်ပြေးလာမလားဆိုပြီး စောင့်ကြည့်နေလား မသိဘူး။ လုံခြုံရေးက အတော်များတယ်။ ဒီအမြောက်ကားကြီးတွေ ပါတယ်။ စစ်သေနတ်တွေပါတဲ့ ကားတွေ။ သာမန်ကားတွေတော့ မဟုတ်ဘူး။ လေးဘီးကား၊ အမြောက်ပါတဲ့ကားတွေ တနေရာနဲ့ တနေရာတွေမှာ ချထားတယ်။”

မြန်မာဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဒီနေ့ မနက်အစောပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မူတွေ ဆက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ညကလည်း ည ၂ နာရီကျော်၊ ၃ နာရီလောက်က လက်နက်တွေနဲ့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ပစ်နေတယ်။ လေယာဉ်နဲ့ လာပစ်ချတာတွေလည်း ရှိတယ်။ ဒီဘက်ပစ်ချလိုက်နဲ့ အဲဒီလို အသံတွေလည်း ကြားနေရတယ်။ တဒုန်းဒုန်းနဲ့ လေယာဉ်က ညဘက်မှာ မီးတောင်မတွေ့ရဘူး။ အုန်းကနဲ အသံတွေပဲ ကြားရတယ်။ ဘယ်ကနေ လာပစ်ချမှန်းတောင် မသိလိုက်ဘူး။”

စစ်ဘေးရှောင်တဲ့ ဒုက္ခသည် ၈,၀၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်လာကြပြီး ဒီရက်ပိုင်းမှာပဲ ထိုင်းဘက်ကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် နေ့ဘက်မှာ မြန်မာဘက်အခြမ်း သောင်ရင်းမြစ်အနီးမှာ နေကြပြီး ညဘက်မှာတော့ သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကိုဝင်ပြီး လာအိပ်စက်ကြသူတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ညအချိန်မတော် လေကြောင်း တိုက်ခိုက်မူတွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့် နေရပ်မပြန်ရဲဘူးလို့ ပြောပါတယ်။

“ဒုက္ခသည်တွေက ပြန်တာလည်းရှိတယ်။ တချို့တဝက်ကလည်း မပြန်ရဲသေးပဲ နေနေတာတွေလည်း ရှိတယ်။ တချို့လည်း ပြန်ကြတယ်။ တချို့ဝင်လာနေတယ်။ အခုအချိန်အထိ အဲဒီလို ရှိနေသေးတယ်။ နယ်စပ်ကနေ နေတဲ့လူတွေကတော့ လေယာဉ်တွေ ဘယ်တော့ လာချမလဲဆိုပြီး ညဘက်ဆို ပုန်းရ ဖွက်ရနဲ့၊ ပြေးရလွှားရနဲ့၊ ရင်တထိတ်ထိတ်နဲ့ နေနေကြရတာပဲ။”

ထိုင်းနိုင်ငံဘက်ကတော့ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး မဲဆောက် အတွင်းပိုင်းအထိ စစ်ဘေးရှောင်တွေ မဝင်နိုင်အောင် ဂိတ်တွေချပြီး တားဆီးထားပါတယ်။ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ထဲမှာတော့ နေ့စဉ် လက်နက်ကြီးကျတာ၊ လေကြောင်းကနေ တိုက်ခိုက်မူတွေရှိတာ၊ ဒရုန်းတွေနဲ့ပစ်တာတွေ ရှိနေတာတွေကြောင့် တချို့ စစ်ဘေးရှောင်တွေကတော့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ သွားရောက် ခိုလှုံနေကြရပါတယ်။

XS
SM
MD
LG