သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်ကထွက်ပြေးလာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ထိုင်းအာဏာပိုင်တွေ ပြန်ပို့


ရွှေကုက္ကိုလ်ကထွက်ပြေးလာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ထိုင်းအာဏာပိုင်တွေ ပြန်ပို့
ရွှေကုက္ကိုလ်ကထွက်ပြေးလာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ထိုင်းအာဏာပိုင်တွေ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသက ကျေးရွာမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့် ပူးပေါင်းထားတဲ့ တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် ထိုင်းဘက်ကို စစ်ဘေးရှောင် လူဦးရေ ၈,၀၀၀ကျော်လောက် ထွက်ပြေးလာပါတယ်။ ဒီထဲက စစ်ဘေးရှောင် တဝက်လာက်ဟာ မနေ့ကနဲ့ ဒီနေ့တွေမှာ နေရပ်ပြန်နေကြပြီလို့ ဆိုပါတယ်။ တချို့ နေရပ် မပြန်ချင်သေးသူတွေကိုလည်း နေရာ ၂ ခုခွဲထားတာ တွေ့ရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့် ပူးပေါင်းထားတဲ့တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းစစ်ကြောင်းတွေအကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ထိုင်း−မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် ဒေသကကျေးရွာတွေက ထွက်ပြေးလာသူတွေကို ထိုင်းအာဏာပိုင်တွေက မနေ့ကစပြီး မြန်မာနိုင်ငံဘက်ကို ပြန်ပို့နေတာပါ။

ဧပြီလ ၆ ရက်နေ့က စတင်ခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေကျတာ၊ လေကြောင်း တိုက်ခိုက်မူတွေ ရှိတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးကင်းရာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြတာပါ။

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ အနည်းငယ် ငြိမ်သက်သွားတဲ့အတွက် ထိုင်းအာဏာပိုင်တွေဘက်က အဲဒီ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် နေရပ်ပြန်သူ ထောင်ဂဏန်းလောက်ရှိနေပြီး မနေ့က နေရပ်ပြန်သူတွေကတော့ စိုးရိမ်စိတ်တွေနဲ့ ပြန်ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်းရဲ့တွဲဖက်အတွင်းရေးမှူးကိုအောင်မင်းစိုးက ပြောပါတယ်။

“သူတို့ နှစ်ထောင်ကျော်လောက် ပြန်ပို့လိုက်တယ်။ သူတို့စိုးရိမ်စိတ်က မနေ့က သူတို့ကို ပြန်ပို့တော့ ပြန်ရတယ်။ ပြန်ပြီးတော့ ညက လေယာဉ်ပျံဝဲတယ်။ သူတို့ကို ပစ်တာခတ်တာမရှိဘူး။ လေယာဉ်ပျံဝဲတယ်ဆိုတော့ သူတို့ စိုးရိမ်စိတ်တွေရှိကြတယ်။ နေရပ် ပြန်ကြတဲ့သူတွေကလေ။ ပြန်ရောက်သွားတဲ့သူတွေက စိုးရိမ်စိတ်တွေရှိကြတယ်။”

လောလောဆယ်မှာလည်း မပြန်ချင်သေးတဲ့ စစ်ဘေးရှောင်တွေကို နေရာနှစ်ခုမှာ ထားပေးထားတယ်လို့လည်း သူက ပြောပြပါတယ်။

“အခုလောလောဆယ် နှစ်နေရာမှာတော့ ထားတာတယ်။ ကျန်တဲ့သူတွေကတော့ ပြန်ပို့တယ်။ တစ်နေရာကတော့ ဝမ်းဖာ SMRU ‌ဆေးခန်းနားက လူတွေကိုတော့ ထားထားတယ်။ အဲဒီမှာက နှစ်နေရာကလူတွေကို သွားပေါင်းထားတယ်။ ၂,၅၀၀ကျော်ရှိတယ်။ ဘုရားတောင်ရှေ့က တနေရာကို သူတို့ထားတားတယ်။ နို့ဖိုးတို့၊ အုန်းဖြန်တို့ အခြေချဒုက္ခသည်တွေထားတဲ့ ပုံစံမျိုးလုပ်ထားတယ်။ အဲဒီမှာက ရေသန့်စက်တွေ လုပ်ထားတာမျိုးတွေ လုပ်နေတယ်။ သောက်ရေသန့်စက်တွေ လုပ်တာရှိတယ်။ လုပ်နေတဲ့ ပုံစံက ရေရှည် ဒုက္ခသည်ထားမယ့်ပုံစံမျိုး တွေ့ရတယ်။ ဒုက္ခသည်တွေကတော့ သူတို့မပြန်ချင်သေးတာကတော့ တိုက်ပွဲ မပြီးသေးဘူးလို့ ယူဆလို့မပြန်ချင်ကြတာ ဖြစ်ပါတယ်”

စစ်ဘေးရှောင်တွေကတော့ နေထိုင် စားသောက်ရေးကော၊ အိမ်သာပြဿနာပါ ရှိတဲ့အတွက် နေရပ်ပြန်ချင်သူတွေက များပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာတော့ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်အနီး မဲဆောက်−မြဝတီ ချစ်ကြည်ရေးတံတား (၂) လမ်းမပေါ်မှာ လက်လုပ်ဒုံးကျည် ပေါက်ကွဲမှု ဖြစ်ခဲ့သလို ရပ်ကွက် (၆) မှာလည်း ပေါက်ကွဲမူ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်မြဝတီမြို့ကတော့ ငြိမ်သက်မှုတော့ သိပ်မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ကတော့ နယ်ခြားစောင့်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်းတွေ ပိတ်ဆို့ခံရပြီး တိုက်ပွဲတွေ ဖြစ်တာကြောင့် ကျဆုံးသူတွေများတယ်လို့ မြေပြင်သတင်းတွေအရ သိရှိရပါတယ်။ ကျဆုံးအရေအတွက် အတိအကျကိုတော့ သေချာ မသိရသေးပါဘူး။ လတ်တလောမှာတော့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့ ရွာတွေဘက်ကနေ ကရင်အမျိုသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတွေ ဆုတ်ခွါသွားပြီလို့လည်း ဒေသခံတွေကတော့ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG