သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့အနီး စစ်ကောင်စီနဲ့ KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်နေဆဲ


ရွှေကုက္ကိုလ်မြို့အနီး BGF ကင်းစခန်း ၂ ခုကို ဧပြီလ ၅ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ (photo: CJ)
ရွှေကုက္ကိုလ်မြို့အနီး BGF ကင်းစခန်း ၂ ခုကို ဧပြီလ ၅ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ (photo: CJ)

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲတွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်းက မဲကနယ် ကျေးရွာအနီးမှာ ဒီကနေ့လည်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်သလို၊ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်စခန်းတွေကို ပစ်မှတ်ထားပြီး ပြန်လည် တိုက်ခိုက်ခဲ့တဲံအကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးမူတွေလည်း ရှိနေတဲ့ မဲကနယ်ရွာ တိုက်ပွဲ နောက်ဆုံးရ အခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မဲကနယ် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီကနေ့ တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း စစ်ကောင်စီနဲ့ နယ်ခြားစောင့်စခန်းတွေကို လိုက်လံ တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်နေပါတယ်။ ဒီအတွက် နှစ်ဖက် ထိခိုက်ကျဆုံးမူတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ်၊ မြဝတီမြို့အနီးက မဲကနယ် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲတွေ ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မူတွေကို ဒီကနေ့ မနက် အစောကြီးကတည်းက လုပ်ဆောင်နေတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကုန်သွယ်ရေးဇုန်နားက မဲ့ကနယ်ရွာကို မနက်အစောကြီး ရင်ဆိုင်တိုက်ပွဲ ဖြစ်နေတုန်းမှာ စစ်လေယာဉ် ၂ စင်းနဲ့ အရပ်သားတွေနေတဲ့ လူနေရပ်ကွက်နေရာကို ပစ်ချသွားတာပေါ့နော်။ အခုချိန်ထိတော့ ထိခိုက် ဒဏ်ရာ ဘယ်လောက်ရလဲ မသိသေးဘူး။ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်။”

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လ၂၅ရက်နေ့က ပူးပေါင်းတပ်ဖွဲ့တွေဘက်က မြဝတီ ကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ပြီးကတည်းက ကုန်သွယ်ရေးဇုန် အနောက်ဖက် မဲ့ကနယ်ရွာဘက်ကို စစ်ကောင်စီက ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အခုချိန်ထိ စစ်ဘေးရှောင်နေရတာပါ။ ဧပြီလ ၁၁ရက်၊ ဒီကနေ့မှာလည်း ထပ်မံပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ တုံးတံတား ကျေးရွာနဲ့ (အတွင်း) မဲကနယ်‌ကျေးရွာကို နယ်မြေစိုးမိုးဖို့ စစ်ကြောင်းချီတက်လာတာကို ပူးပေါင်း တပ်ဖွဲ့တွေဘက်က တိုက်ခိုက်မူတွေလုပ်အပြီး စစ်ကောင်စီဘက်ကလည်း အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မူတွေလုပ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

ဒီကနေ့မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း နယ်ခြားစောင့်တပ်စခန်းတွေကို လိုက်လံပစ်ခတ်တာတွေ ဒရုန်းတွေနဲ့ ကြဲတာတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကော်ဘရာစစ်ကြောင်းရယ်၊ Lion Battalion အဖွဲ့ရယ်၊ ကျနော်တို့ ပီဒီအက်ဖ်တွေရယ်၊ အားလုံးပါတယ်။ သူ့နည်းသူဟန်နဲ့ နယ်မြေတွေကတော့ ဗျုဟာတွေကခွဲပြီး တိုက်နေကြတယ်။ Federal Wings ဒရုန်းအဖွဲ့ကလည်း သူတို့လည်း တိုက်ကြတယ်။ ကျနော်တို့က စစ်ကောင်စီနဲ့ BGF ကိုပဲ ပစ်မှတ်ထားပြီးတိုက်တယ်။ အရပ်သားပစ်မှတ်တွေရှောင်တယ်၊ ဘာသာရေးအဆောက်အဦးတွေ စာသင်ကျောင်းတွေ ဆေးခန်းတွေဆို ကျနော်တို့ မတိုက်ဘူး၊ ရှောင်တယ်။ စစ်ဖြစ်နေရင်တောင် ကျနော်တို့ အဲဒီနေရာတွေ ဘယ်တော့မှ မတိုက်ဘူး၊ မပစ်ဘူး။ တခြားဟာတွေ ရှောင်ကွင်းပြီး တိုက်တယ်။ အခုတိုက်ပွဲကတော့ ဆက်ပြင်းထန်နေပါတယ်။”

ထိုင်း−မြန်မာနယ်စပ်၊ ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့ နေရာတွေမှာ တိုက်ပွဲတွေက မတ်လ ၂၅ရက်နေ့ကစပြီး တပတ်ကြာလောက် ပြင်းထန်ခဲ့သလို၊ မြဝတီခရိုင်၊ မြဝတီမြို့မြောက်ဘက်၊ ကာစီနိုလောင်းကစားရုံတွေ တည်ထားတဲ့ ရွှေကုက္ကိုမြို့အနီးက ထီးကော်ထော ကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ် BGF ကင်းစခန်း ၂ခု ကို ဧပြီလ ၅ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့သလို တပတ်အတွင်း ကင်းစခန်း ၅ခုလောက်ကို တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ ဒေသခံလူထု ၈,၀၀၀ကျော်ဟာ ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်လာရပါတယ်။

မြဝတီမြို့မှာနယ်မြေမတည်ငြိမ်မူ့တွေဖြစ်ပြီးတဲ့နောက် မြဝတီကော့ကရိတ် အာရှလမ်းလည်းပိတ်ထားရသလို ကုန်သွယ်ရေးဇုန်က အလုပ်တွေလည်း ရပ်နားထားရပြီး ကုန်စည်စီးဆင်းမူတွေလည်း ရပ်နားထားရပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}













XS
SM
MD
LG