သုံးနှစ်ကြာနေပြီဖြစ်တဲ့ စစ်ပွဲ ရပ်တန့်ဖို့ကို "ရှေ့လာမယ့် တချိန်ချိန်မှာတော့" ရုရှား အနေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရမှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ဥရောပခေါင်းဆောင်အများစု ပါဝင်တဲ့ အဲဒီ အစည်းအဝေးမှာ ပြောပါတယ်။
“တချိန်ချိန်တော့ ဆွေးနွေးပွဲ စကားဝိုင်းကို သူလာရလိမ့်မယ်” လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ရည်ညွှန်းပြီး Starmer က ပြောပါတယ်။
စနေနေ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရယူပြီးချိန် ယူကရိန်းရဲ့ လုံခြုံရေး စိုးရိမ်ချက်တွေ ဖြေရှင်းပေးနိုင်ရေးနဲ့ ယူကရိန်းအတွက် အနာဂတ်မှာ စစ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ဘယ်လို ရှေ့ဆက် ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ စပြီး အလုံးစုံ ဝင်ရောက် ကျူးကျော် တိုက်ခိုက် ခဲ့ပြီးနောက် စစ်ပွဲက သုံးနှစ်ကျော်ကြာ ဖြစ်ပွားနေတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆော်ဒီအာရေဗျမှာ အမေရိကန်နဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ သဘောတူညီထားပြီးဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံဖို့ ရုရှားသမ္မတ ပူတင်ကို တိုက်တွန်းထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို (Marco Rubio) ကတော့ "ဘယ်လို ဖြစ်လာမလဲဆိုတာ ရုရှားအပေါ် မူတည်နေတယ်" လို့ ပြောပါတယ်။
ရုရှား သမ္မတ ပူတင်ကတော့ အပစ်အခတ်ရပ်စဲရေးကို “မူအားဖြင့်” သဘောတူကြောင်း ပြောပေမယ့် ဒါကို လက်မခံခင်မှာ ဖြေရှင်းပေးရမယ့် အခြေအနေတချို့နဲ့ မေးခွန်းတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ ပုံမှန်ပြောနေကျ ညစဉ် ဗီဒီယို မိန့်ခွန်းထဲမှာတော့ ပူတင်ဘက်က ဒါကို အချိန်ဆွဲနေပြီး " ဘယ်လိုမှ မပြေလည်နိုင်တဲ့ " ကြိုတင် တောင်းဆိုချက်တွေ အများအပြား လုပ်နေတယ်လို့ ပြောပါတယ်။
ဒီလို အပစ်ရပ် သဘောတူနိုင်ဖို့ ကြန့်ကြာနေချိန်မှာပဲ အမေရိကန်က ရုရှားရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဘဏ္ဍာရေးကဏ္ဍတွေပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့ခဲ့ပါတယ်။
ဥရောပခေါင်းဆောင်အများစုအပြင် သြစတြေးလျ၊ နယူးဇီလန်နဲ့ ကနေဒါ နိုင်ငံတွေက တက်ရောက်ကြတဲ့ စနေ အွန်လိုင်းဗီဒီယိုအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီး လည်း တက်ရောက်ကြပြီး အမေရိကန်ပြည်ထောင်စုတော့ မပါဝင်ပါဘူး။
Forum