သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားခရီးစဉ် ဘာတွေထူး


မမြသဇင်အောင်နဲ့ အယ်ဒီတာဦးကျော်ဇံသာ - အယ်ဒီတာနဲ့ ဆွေးနွေးခန်း (မတ်လ ၁၂၊ ၂၀၂၅)
မမြသဇင်အောင်နဲ့ အယ်ဒီတာဦးကျော်ဇံသာ - အယ်ဒီတာနဲ့ ဆွေးနွေးခန်း (မတ်လ ၁၂၊ ၂၀၂၅)

အာဏာသိမ်းပြီးကတည်းက ပထမဦးဆုံး နိုင်ငံတော်အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။ သုံးသပ်သူတွေရဲ့ အမြင်ကို အခြေခံပြီး အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့တပတ်က ရုရှားခရီးစဥ်ဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ခရီးစဥ်လို့ ပြောလို့ရနိုင်မလား။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ ရနိုင်ပါတယ်။ သိပ်အရေးပါတဲ့ ခရီးစဥ် ဖြစ်ပါတယ်။ ဒီခရီးစဥ်က ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက နိုင်ငံတော် အကြီးအကဲတယောက်အနေနဲ့ ပထမဆုံးတရားဝင် State Visit နိုင်ငံတော် အလည်အပတ်ခရီး သွားရောက်နိုင်ခြင်း ဖြစ်ပါတယ်။ အရင်တုန်းက ရုရုားကို သုံးကြိမ်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီရောက်ခဲ့တာတွေက Informal သဘောမျိုး ဖြစ်တယ်။ သူ့ကို သမ္မတပူတင်နဲ့ တခါတွေ့တာက Vladivostok Workshop မှာ အာရှစီးပွားရေးညီလာခံ လုပ်တဲ့အခါမှာ သွားတွေ့ခဲ့တာလည်း Informal အလွတ်သဘောမျိုး တွေ့တာပဲ ဖြစ်ပါတယ်။ အခုတကြိမ်မှသာလျှင် ကော်ဇောနီတွေ ခင်းပြီးတော့ နိုင်ငံတော်အကြီးအကဲလို တွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် သူ့အတွက် သိပ်ပြီးတော့ အားတက်စရာကောင်းတယ်။ စစ်ကောင်စီအတွက် သူတို့အနေနဲ့ သံတမန်ရေး အသိအမှတ်ပြုမှု့ပေါ့။ Diplomatic legitimacy ကိုရအောင် ကြိုးပမ်းနိုင်ခဲ့တဲ့ ခရီးစဥ်လို့ ပြောရမှာ ဖြစ်ပါတယ်။

နောက်တချက်ကတော့ သူတို့က အထီးကျန် မဟုတ်ဘူးပေါ့။ ဖမ်းဝရံထုတ်တယ် ဘာညာဆိုပေမဲ့ သူတို့ဟာ လွတ်လွတ်လပ်လပ် သွားနိုင်တဲ့၊ လက်ခံတဲ့နိုင်ငံ ရှိတယ်ဆိုတာကို ပြသခဲ့တာ ဖြစ်တယ်။ နောက်တချက်ကလည်း ပြည်တွင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ အများကြီး အရေးနိမ့်နေတဲ့အတွက်ကြောင့် လက်နက်တွေ အများကြီးလိုနေတဲ့အချိန်မှာ လက်နက်တွေ အများကြီး ပိုရနိုင်ဖို့အတွက်လည်း မျှော်လင့်ချက်အများကြီး ရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အကုန်လုံး လွှမ်းခြုံပြောရရင်တော့ စစ်ကောင်စီအတွက် သိပ်အကျိုးရှိတဲ့ ခရီးစဥ်လို့ ပြောနိုင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒီခရီးစဥ်မှာ ဘယ်လို သဘောတူညီချက်တွေ ရခဲ့ပါသလဲ။ ဘာတွေက အဓိကကျပါသလဲ။

ဖြေ ။ ။ သဘောတူညီမှု့တွေကိုတော့ သူတို့ကအသေးစိတ်တော့ မထုတ်ပြန်သေးဘူး။ ဒါပေမဲ့ အကြမ်းဖျင်း ကြေညာချက်ထဲမှာ သူတို့ ဆွေးနွေးခဲ့ကြတာကတော့ ဘာတွေပါလဲဆိုရင် ကုန်သွယ်ရေးပေါ့လေ အဓိကအားဖြင့်ကတော့ Trade, နောက်ပြီးတော့ ပညာရေး Education လည်းသူတို့ သဘောတူညီမှု့တွေ ရယူခဲ့ကြတယ် ပြောတယ်။ နောက်ပြီးတော့ ကာကွယ်ရေးအတွက်ကတော့ သူတို့အတွက် စစ်ကောင်စီအတွက် သိပ်အရေးကြီးတဲ့ကိစ္စပေါ့လေ။ နောက်ကာကွယ်ရေး၊ ကာကွယ်ရေးအတွက်ကတော့ စစ်ကောင်စီအတွက် သိပ်အရေးကြီးတဲ့ ကိစ္စပေါ့လေ။ နျူးကလီယားနည်းပညာ၊ နောက် ထားဝယ် ရေနက်ဆိပ်ကမ်း။ အဲဒီထဲမှာ ကုန်သွယ်ရေးနဲ့ ပညာရေးကိုသာ တကယ် အကောင်အထည်ဖော်ပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်ရင်တော့ ပြည်သူလူထုအတွက်လည်း ကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ပညာရေးကလည်း မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့အခြေအနေ ဖြစ်တယ်။ ကုန်သွယ်ရေးလည်း ဖွံဖြိုးတာတော့ တကယ်ကောင်းပါတယ်။ ဒါပေမဲ့ နျူးကလီယားနည်းပညာနဲ့ ပတ်သက်လို့ကတော့ သမ္မတပူတင်ကတော့ ပြောတယ် - ဒါဟာ မြန်မာနိုင်ငံအတွက် စွမ်းအင်လောင်စာကို စျေးအသက်သာဆုံးနဲ့ ရရှိနိုင်တဲ့နည်း ဖြစ်တယ်လို့ ပြောတယ်။ နျူးကလီယားနည်းပညာဟာ တကယ်တော့ ကျန်တဲ့စွမ်းအင်တွေနဲ့ အသက်သာဆုံး သဘာဝပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံး အရေးကြီးတာက Waste တွေကို ဘယ်လို ထိန်းသိမ်းမလဲဆိုတာ အရေးကြီးတယ်။ အဲဒီလို လုံလုံခြုံခြုံ လုပ်နိုင်မယ်ဆိုရင်တော့ သိပ်တန်ဖိုးရှိတယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံ ဒါလိုချင်တာက ဟိုးအရင်ထဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက ထင်တယ်။ အဲဒီကိစ္စတွေ ကြားခဲ့ပါတယ်။ ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာကတော့ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ တဘက်ကလည်း တချို့စိုးရိမ်ကြတာက အဲဒီဟာထက် နျူကလီယား အီရန်တို့လို ရုရုားရဲ့ မဟာမိတ်နိုင်ငံအဖြစ် အလိုလို ဖြစ်လာမလားဆိုတာ စိုးရိမ်တာလည်း ရှိတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း အဲဒါကလည်း လုပ်ဖို့ စီစဥ်ခဲ့တာ ကြာပြီဖြစ်ပါတယ်။ ဆိုင်းငံ့နေတာ အခုကျတော့ သူတို့ ရှေ့ကိုတိုးလုပ်မယ်လို့ ပြောပါတယ်။ အဲဒီဟာကတော့ လက်ရှိ ဘယ်လောက်ထိ အကောင်အထည် ဖော်လာမလဲဆိုတာကတော့ မသိရသေးပါဘူး။

မေး ။ ။ နောက်ပြီးတော့ မြန်မာမှာလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ရုရုားနဲ့ ဘယ်လာရုစ်က ထောက်ခံတယ်ဆိုပြီးတော့ စစ်ကောင်စီပြောခွင့်ရက ဒီခရီးစဥ်အပြီးမှာ ပြောပါတယ်။

ဖြေ ။ ။ ဒါကတော့ ရုရုားနဲ့ ဘယ်လာရုစ် ထောက်ခံတာကတော့ အစကတည်းက ထောက်ခံမယ်ဆိုတာကတော့ ပေါ်လွင်နေကြပြီးသားပါ။ ရုရုားနဲ့ ဘယ်လာရုစ် နှစ်နိုင်ငံလုံးက သူတို့ဆီမှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲစနစ်မှ မရှိတာ။ ရုရုားသမ္မတ ပူတင်ဆိုရင် ၂၀၂၀ Boris Yeltsin ပြီးထဲက သမ္မတ တက်လုပ်လာတာ ၂၀၃၆ ထိ သမ္မတ ဆက်လုပ်မယ်ဆိုပြီးတော့ ဖွဲ့စည်းပုံကို သူကိုယ်တိုင် ပြင်ထားပြီး ဖြစ်ပါတယ်။ အဓိက သူတို့က ရွေးကောက်ပွဲတော့ လုပ်တယ် အတိုက်အခံ မရှိဘူး။ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတယ်။ အတိုက်အခံခေါင်းဆောင်ဆိုရင် ထောင်ထဲမှာကို သေသွားတယ်။ ထောင်မကျခင်လည်း အဆိပ်ခတ်ခံရတာတို့ မသေခင် အမျိုးမျိုးညှင်းဆဲ နှိပ်စက်ခဲ့တဲ့အတွက်ကြောင့် အတိုက်အခံဆိုတာ ဘာမှမရှိပါဘူး။ ဆိုတော့ ဒီနိုင်ငံက မြန်မာနိုင်ငံကို ရွေးကောက်ပွဲကို ထောက်ခံတယ်ဆိုတာက ဒါကတော့ သူတို့ရဲ့ ဘဝတူချင်းကို လူတွေက သုံးသပ်ကြမှာ ထင်ပါတယ်။ ဘယ်လာရုစ်ကလည်း ထိုနည်းလည်းကောင်းပဲ အာဏာရှင်ပုံစံအတိုင်း အုပ်ချုပ်လာတာပဲ။ ဘယ်သူမှ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲကို တရားဝင်မျှတတဲ့ ရွေးကောက်ပွဲလို့ နိုင်ငံတကာက အသိအမှတ် မပြုကြပါဘူး။ ဒီနိုင်ငံနှစ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုတယ်။ ရွေးကောက်ပွဲအတွက် သူတို့က စောင့်ကြည့်လေ့လာမယ်ဆိုတော့ ဘာကိုစောင့်ကြည့်မှာလဲ။ အတိုက်အခံတွေကို တဖက်သတ် သူတို့လုပ်နေတာပဲ။ မြန်မာနိုင်ငံမှာလည်း အတိုက်အခံ သူတို့ Challenge လုပ်မယ့် နိုင်ငံရေးပါတီတွေမှ မရှိတာ။ တရားဝင်လည်း ခွင့်မပြုဘူး။ ပိတ်ပင်ထားတယ်ဆိုတော့ ဒါက သိပ်မထူးဆန်းတဲ့ အချက်ပေါ့လေ ပြည်သူလူထုဘက်က ကြည့်ရင်တော့ သိပ်မထူးဆန်းပါဘူး။ သူ့အနေနဲ့ ဒါကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ အားတက်သရော ပြောတာ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ ဒီခရီးစဥ်က မြန်မာအတွက်တော့ အရေးပါတယ်လို့ သုံးသပ်ကြသလို ရုရုားအတွက်ကကော ဘာအရေးကြီးပါသလဲ။ ရုရုားအတွက်ကော ဘာအကျိုးအမြတ်တွေ ရနိုင်သလဲ။

ဖြေ ။ ။ ရုရုားအတွက်ကတော့ ရုရုားကလည်း သူကလည်း အထီးကျန်အဖြစ်နဲ့ နိုင်ငံတကာက ပစ်ပယ်ထားတယ်။ နောက်ပြီးတော့ သမ္မတပူတင်လည်းပဲ ဖမ်းဝရံ ICC ကနေ ထုတ်ခံထားရတဲ့သူ ဖြစ်တယ်ဆိုတော့ သူတို့အချင်းချင်းကတော့ ငါတို့ဆီလာလည်တဲ့သူ ရှိတယ်။ ဘာမှမဖြစ်ဘူးဆိုပြီးတော့ ပြသဟန်လည်း ရှိတယ်။ နောက်တခုက ပိုပြီးအရေးကြီးတာက ရုရုားအနေနဲ့ အရှေ့တောင်အာရှကို ခြေကုတ်ရလာနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ရုရုားက ဟိုတုန်းက စစ်အေးတိုက်ပွဲတုန်းက အရှေ့တောင်အာရှမှာ ဗီယက်နမ်ဟာ သူ့ရဲ့ ခြေကုတ်စခန်း ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်ဆိပ်ကမ်းတွေ ဘာတွေအကုန်လုံး သူတို့ရဲ့ ခြေကုတ်စခန်းတွေ ဖြစ်တယ်။ ဒါပေမဲ့ စစ်အေးပြီးတဲ့နောက်ပိုင်းမှာ ဗီယက်နမ်ဟာ ကွန်မြူနစ်ပါတီတော့ ကွန်မြူနစ်ပါတီ ကွန်မြူနစ်အစိုးရပါပဲ။ သို့သော်လည်း စီးပွားရေးအားဖြင့် မူပြောင်းသွားတယ် နိုင်ငံရေး ဆက်ဆံရေးမှာကော Bamboo Policy လေတိုက်ရာယိမ်းပြီးတော့ အမေရိကန်နဲ့လည်း စီးပွားရေး စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံပြီး၊ တချိန်တည်းမှာ ရုရုားတို့ တရုတ်တို့နဲ့လည်း ရင်းနှီးမြှုပ်နှံတယ်ဆိုတော့ ရုရုားဟာ ဗီယက်နမ်ကို ဟိုးတုန်းကလို တဘက်သတ်အားကိုးလို့ မရတော့ဘူး။ မြန်မာနိုင်ငံဟာ အထီးကျန်ဖြစ်နေတော့ အကူအညီက သိပ်လိုအပ်နေတယ်ဆိုတော့ မြန်မာနိုင်ငံနဲ့ သူတို့ မဟာမိတ် လုပ်လိုက်နိုင်ခြင်းအားဖြင့် ရုရုားဟာ အ‌ရှေ့တောင်အာရှမှာ ခြေကုတ်စခန်း ပြန်လည်ထူထောင်လာနိုင်တဲ့သဘော ရှိပါတယ်။ တကယ်တော့ စစ်ကောင်စီ မတတ်ခင်ထဲက ရုရားရဲ့ သံတမန်အကြီးအကဲတွေ ဘာတွေတွေ့ဖူးပါတယ်။ ငါတို့ဟာ မြန်မာနိုင်ငံကို သိပ်ပြီးတော့ အလေးအနက်ထားတယ်။ ငါတို့ရဲ့ မိတ်ဆွေ ဖြစ်လာနိုင်တယ်ဆိုပြီး သူတို့ အမြဲတမ်းမျှော်မှန်းထားတာ ဖြစ်ပါတယ်။ ရုရုားအတွက်ကတော့ အရှေ့တောင်အာရှမှာ ခြေကုတ်စခန်း ရရှိတဲ့ နိုင်ငံတခု ဖြစ်နိုင်တယ်ဆိုတာ အဓိကအားတက်စရာ ဖြစ်မယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒါကိုနိုင်ငံတကာ အခင်းအကျင်းနဲ့ ယှဥ်ထိုးပြီးတော့ စဥ်စားမယ်ဆိုရင်‌ရော ဘယ်လိုထူးခြားမှု ရှိပါလဲ။

ဖြေ ။ ။ နိုင်ငံတကာမှာတော့ အခုအဓိက အရေးကြီးနေတာကတော့ ယူကရိန်းစစ်ပွဲ ကိစ္စပေါ့လေ။ ယူကရိန်းစစ်ပွဲမှာတော့ အမေရိကန်နဲ့ ရုရုားဟာ သိပ်ပြီးတော့ ထိပ်တိုက်မတိုးတော့တဲ့ သဘောဖြစ်မယ်။ တချို့ကဆို အမေရိကန်ဟာ ရုရုားနဲ့တောင် တော်တော်လေး သဘောတူညီမှုရဖို့ နီးကပ်နေပြီ သူတို့ဟာ အချင်းချင်းလက်တွဲနိုင်တဲ့သဘော၊ ဥရောပက သီးသန့်ဖြစ်သွားမယ်ဆိုတဲ့သဘော ပြောနေကြတယ်။ အဲဒီလိုဖြစ်လာတယ်ဆိုရင် ရုရုားက မြန်မာနိုင်ငံကို ခြေကုတ်ယူဖို့ လုပ်လာတာသည် အမေရိကန်အတွက် ဘာမှဂရုစိုက်စရာ မဟုတ်ဘူး ဖြစ်သွားလိမ့်မယ်။ အမေရိကန်က ဒါကို မျက်နှာလွဲခဲပစ် လုပ်နေမှာပဲ။ အမေရိကန်က အဓိက ပစ်မှတ်ထားနေတာက အင်ဒိုပစီဖိတ်အတွက် တရုတ်ကိုသာ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ တရုတ်ရဲ့ ခြေကုတ်ယူဖို့ ကြီးစိုးနေတာကိုတောင်မှ အမေရိကန်က အခုချိန်ထိ သိပ်အလေးနက်ထားပြီး ပြောခြင်းမရှိဘူးဆိုရင် သူတို့ရဲ့ မိတ်ဆွေဖြစ်လာမယ့် ရုရုားနိုင်ငံက ခြေကုတ်ယူတာကိုတော့ သူတို့သိပ်ဂရုစိုက်လိမ့်မယ် မထင်ပါဘူး။ နောက်ပြီးတော့ ဒီဘက်အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယကလည်း ရုရုားရဲ့ မိတ်ဆွေပါပဲ။သူတို့အတွက် ပိုပြီးတော့ တောင်ကောင်းမယ် ထင်ပါတယ်။ ရုရုားရဲ့ မြန်မာနိုင်ငံပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ထားဝယ်မှာ ရေနက်ဆိပ်ကမ်းဆိုတာ ရုရုားကလည်းပဲ အိန္ဒိယသမုဒ္ဒရာကို ထိုးဖောက်နိုင်တဲ့ ဆိပ်ကမ်းရလာမှာပေါ့လေ။ သူတို့အတွက်ကတော့ သိပ်ပြီးတော့ မထူးဆန်းဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။‌ အခုန တရုတ်အကြောင်း ပြောမယ်ဆိုရင် တရုတ်က မြန်မာနိုင်ငံကို အဓိကကြိုးကိုင် ချယ်လှယ်ချင်တယ်ဆိုပြီးတော့ အားလုံးက သုံးသပ်ကြတာပါ။ အဲဒီတော့ အခု ရုရုားနဲ့ ဖြစ်လာတဲ့ ကိစ္စမှာကော တရုတ်ရဲ့ သဘောထားကို ဘယ်လို သုံးသပ်ကြပါသလဲ။

ဖြေ ။ ။ တရုတ်နဲ့ရုရုားကတော့ အခုလောလောဆယ်မှာတော့ သူတို့ အဓိက ဦးတည်နေတာကတော့ အမေရိကန်ပဲ။ အမေရိကန်ဆိုတာထက် အမေရိကန်တနိုင်ထဲက Monopolar တနိုင်ငံထဲက ချုပ်ကိုင်ထားတယ်။ စစ်အေးကာလတုန်းကဆိုရင် Bipolar ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုဆိုပြီး Bipolar နှစ်ခု ရှိတယ်။ အင်အားဗဟိုအချက်အချာ နှစ်ခု ရှိတယ်။ အခုကြတော့ အမေရိကန်တယောက်ထဲ လက်ထဲမှာ စစ်အေးပြီးကတည်းက Monopolar ဖြစ်နေတယ်။ အဲဒီဟာကို သူတို့က ဖြတ်ပြစ်လိုက်ချင်တယ်။ ပြီးတော့ Multipolar တရုတ်လည်း ပါမယ်၊ ရုရုားပါမယ်။ အဲဒီလို ပြန့်သွားချင်တဲ့သဘော ဖြစ်နေတဲ့အတွက်ကြောင့် ဒီနေရာမှာ သူတို့ သဘောချင်းဆင်ပါတယ်။ တရုတ်ကလည်း ရုရုားကို သိပ်ပြင်းပြင်းထန်ထန် ပြောလိမ့်မည် မဟုတ်ပါဘူး။ တချိန်တုန်းက သူတို့နှစ်ယောက်လည်း မတည့်ခဲ့ကြပါဘူး။ စစ်အေးကာလတုန်းက ကွန်မြူနစ်ကမ္ဘာမှာ ရုရုားက အဓိကကြီးစိုးထားတယ်။ အဲဒီဟာကို မော်စီတုန်းလက်ထက်မှာ ကွန်မြူနစ်နိုင်ငံတွေကြားထဲမှာ သီးခြားအင်အားစု လွှမ်းမိုးမှု တည်ထောင်လာတော့ ကွန်မြူနစ်အုပ်စု နှစ်ခြမ်းကွဲပြီးတော့ တရုတ်အုပ်စုနဲ့ ရုရုားအုပ်စုစီ ဖြစ်ခဲ့ပါတယ်။ အဲဒီဟာကြောင့် Sino-Soviet ဆက်ဆံရေးဟာ တော်တော်လေး တင်းတင်းမာမာ ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ အာရှမြောက်ပိုင်းနယ်စပ်ဒေသမှာ သူတို့ ပဋိပက္ခတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုကြတော့ အဲဒီကိစ္စကို သူတို့ ပြန်ဖော်လာမယ့် အခြေအနေ မရှိပါဘူး။ အဓိကအားဖြင့် အမေရိကန်ကိုသာ ဦးတည်ပြီးတော့ ‌စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက်ကြောင့် တရုတ်ကလည်းပဲ သိပ်ငြိုငြင်လိမ့်မယ်လို့ မပြောနိုင်ဘူး ထင်ပါတယ်။ သုံးသပ်သူတွေကတော့ အဲဒီဟာကိုထောက်ပြီးတော့ ဒီလိုဖြစ်လာနိုင်တယ်လို့ ပြောတာတော့ အခုထိတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ နောက်တကြိမ်မှာ ပြောကောင်းပြောလာနိုင်တယ်။ အိန္ဒိယသမုဒ္ဒရာကို ရုရုားလည်း ထွက်ပေါက်ယူထားတယ်။ တရုတ်ကလည်း လုပ်လာတယ်ဆိုတော့ မပြောနိုင်သေးပါဘူး။

မေး ။ ။ ဒီခရီးစဥ်မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ်ကို ဆက်ပြီးတော့သွားပါတယ်။ ဒါကကော ဘယ်လို ထူးခြားမှုရှိပါသလဲ။

ဖြေ ။ ။ ဘာမှမထူးခြားပါဘူး။ ဘယ်လာရုစ်ကတော့ စောစောကပြောသလိုပါပဲ ရုရုားရဲ့ တကယ့်ညာလက်ရုံမိတ်ဆွေ ဘဲလာရုစ်ဆိုတာ ဟိုတုန်းက White Russia လို့ ခေါ်တယ်။ အခုလည်းပဲ နိုင်ငံရေးအားဖြင့် သိပ်ပြီးတော့ ထပ်တူကျနေတဲ့ နိုင်ငံတခုလို့ပဲ ပြောရမှာပါ။ ရုရုားကို သွားပြီးတော့ ရုရုားရဲ့ နယ်တခုကို သွားတဲ့သဘောလောက်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအတိုင်းပဲ တုံ့ပြန်မှုလည်းအတူတူ ပြောဆိုချက်တွေလည်းအတူတူ။ သူတို့ရဲ့ ထောက်ခံမှု့တွေကို နိုင်ငံတကာရဲ့ အမြင်ကလည်း အတူတူပဲ သတ်မှတ်မှာ ဖြစ်ပါတယ်ဆိုတော့ သိပ်ပြီးတော့ ထူးထူးခြားခြားတော့ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။

မမြင်သဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG