သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်းတိုက်မှုကြောင့် စဉ့်ကူး၊ လက်ပံလှကျေးရွာမှာ ၂၇ ထက်မနည်း သေဆုံး


စစ်ကောင်စီလေကြောင်းတိုက်မှုအပြီး တွေ့ရသည့် လက်ပံလှကျေးရွာ မြင်ကွင်း။ (ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MPDF)
စစ်ကောင်စီလေကြောင်းတိုက်မှုအပြီး တွေ့ရသည့် လက်ပံလှကျေးရွာ မြင်ကွင်း။ (ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MPDF)

စဉ့်ကူးမြို့၊ လက်ပံလှကျေးရွာကို စစ်ကောင်စီက မနေ့ မတ်လ ၁၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီ လက်ပံလှကျေးရွာဟာ မန္တလေး-မိုးကုတ်သွားတဲ့ လမ်းမကြီးမှာရှိပြီး အချက်အခြာကျတဲ့နေရာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေသလို ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MPDF အဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှ ကျေးရွာကို မတ်လ ၁၄ ရက် မနေ့ နေ့လည် ၃ နာရီခွဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လသားအရွယ်နဲ့ ကလေး ၆ ဦးအပါအဝင် ၂၇ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ MPDF က ထုတ်ပြန်ထားပါတယ်။

မန္တလေး-မိုးကုတ် ကားလမ်းဘေးမှာတည်ရှိတဲ့ လက်ပံလှေကျေးရွာက လူစည်ကားတဲ့ ဈေးဆိုင်တန်းကို တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ လက်ရှိအချိန်ထိ သူတို့ရရှိထားတဲ့ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MPDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က အခုလို ပြောပါတယ်။

"ကျွန်တော်တို့ နောက်ဆုံး သိရတဲ့ အချက်အလက်တွေအရဆိုရင် နေ့လည် ၃ နာရီ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဘက်က ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အပြစ်မဲ့ပြည်သူ ၂၇ ဦးအထိ သေဆုံးမှု ရှိခဲ့ပြီလို့ သိရပါတယ်။ ဒဏ်ရာ ပြင်းထန်တဲ့သူတွေလည်း ရှိတယ်လို့လည်း သိရပါတယ်။"

MPDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဒီကနေ့ အစောပိုင်းမှာ ဗွီအိုအေကို ပြောပြထားတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြီး ကနဦးသေဆုံးသူ ၁၁ ဦး အထိရှိခဲ့ပေမယ့် ညပိုင်းမှာ သေဆုံးသူတွေ ထပ်တိုးလာလို့ သေဆုံးသူ ၂၇ ဦးအထိ ရှိလာတာပါ။ သေဆုံးသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်ပြီး ကယ်ဆယ်ရေးတွေလည်း ဆက်လုပ်နေသလို ဒေသခံတွေလည်း တိမ်းရှောင်နေပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မြေပြင် အခြေအနေကို လက်ပံလှ ဒေသခံတဦး ပြောတာက အခုလို ပြောပြပါတယ်။

"(ကယ်ဆယ်ရေးတွေ) လုပ်နေရပါတယ်။ အဲ့နေရာကို ဘယ်သူမှ ဝင်လို့မရဘူး။ ကပ်လို့မရဘူး။ ကယ်ဆယ်ရေးသမားတွေပဲ သွားလို့ရတယ်။ လူတွေကတော့ ရှိပါတယ်။ ပြေးတဲ့သူတွေကတော့ ရှောင်တော့ ရှောင်နေရတာပေါ့။"

ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတာကြောင့် သေဆုံးသူ အရေအတွက်လည်း တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မတ်လ ၄ ရက်ကလည်း စစ်တပ်ဘက်က ဒီ လက်ပံလှ ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါသေးတယ်။

လက်ပံလှကျေးရွာရဲစခန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်တပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လထဲမှာ NUG လက်အောက်ခံ MPDF တပ်ဖွဲ့တွေက စတင်တိုက်ခိုက်တာပါ။ ဒီနေရာ ကျမသွားဖို့အတွက် စစ်တပ်ဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံခဲ့ပေမယ့် ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ပြီး တပ်စွဲထားတာလည်း ဖြစ်ပါတယ်။

လက်ပံလှကျေးရွာဟာ မန္တလေး-မိုးကုတ် လမ်းမကြီးပေါ်မှာ တည်ရှိပြီး ခရီးသွားယာဉ်တွေ ခေတ္တနားခိုရာဖြစ်တာကြောင့် စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ စည်ကားတဲ့နေရာလည်း ဖြစ်ပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG