သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာအခြေစိုက် စစ်ကောင်စီစခန်းတချို့ သိမ်းပိုက်နိုင်ကြောင်း ကာကွယ်ရေးအဖွဲ့တွေကြေညာ 


မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ထုတ်ပြန် (ဇူလိုင် ၂၊ ၂၀၂၄)
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ထုတ်ပြန် (ဇူလိုင် ၂၊ ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စတင်ခဲ့တဲ့ သီတင်းတပတ်ကျော်အတွင်း မန္တလေးတိုင်း မတ္တရာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီစခန်းပေါင်း ၇ ခုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပြီး အရပ်သားတွေ သေဆုံး ထိခိုက်ဒဏ်ရာရတဲ့ စာရင်းအတိအကျတော့ မသိရဘူးလို့ဆိုပါတယ်။ လက်ရှိ မန္တလေး-မိုးကုတ်လမ်းမှာ ဖြစ်နေတဲ့ တိုက်ပွဲသတင်း ရန်ကုန်က ပေးပို့ထားတာကို တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဇူလိုင်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း မှာ ညီနောင်မဟာမိတ် ၃ သုံးဖွဲ့နဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပူးပေါင်းပါ၀င်နေရာမှာ မန္တလေးမြို့နားက မတ္တရာဘက်မှာ စစ်ကောင်စီစခန်းတွေကို စတင်ထိုးစစ် ဆင်တိုက်ခိုက်နေတာပါ။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီအတွက် အရေးပါတဲ့ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ကို စစ်ဆင်ရေးစတင်တဲ့နေ့မှာပဲ သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် နောက်ဆက်တွဲ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။

“ကျွန်တော်တို့ MDY-PDF အဖွဲ့အနေနဲ့ မတ္တရာမြို့နယ်အတွင်းမှာ ရန်သူ့တပ်စခန်း သိမ်းပိုက်ရရှိမှုက အနည်းဆုံး ၈ ခုထက်မနည်း သိမ်းဆည်းထားပြီးပြီလို့ ပြောလို့ရပါတယ်ဗျ။ ဒီမတ္တရာမြို့နယ်ထဲမှာ ဆိုရင် ကျွန်တော်တို့နဲ့ အတူ ဒေသခံတပ်ဖွဲ့တွေဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့နဲ့ SSDF ပေါ့နော် အဲဒီတပ်ဖွဲ့တွေနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်ဗျ။”

စစ်ကောင်စီဘက်ကတော့ တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စခန်းတွေကို ပြန်လည် ရယူနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးကြိုးစားနေပေမယ့်လက်ရှိမှာတော့ သိမ်းပိုက်ပြီး စခန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။

“မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်ဆိုသလိုပဲ ပြုလုပ်နေတာ ရှိပါတယ်ဗျ။ ကျွန်တော်တို့ သိမ်းဆည်းထားတဲ့စခန်းတွေကို ပြန်လည်ရရှိဖို့အတွက် လေကြောင်းပစ်ကူတွေရော မြေပြင်ထိုးစစ်တွေရော အသုံးပြုပြီး ပြန်လည် တန်ပြန်ထိုးစစ်ဆင်နေတာတွေလည်း ရှိတယ်ပေါ့နော်။ လက်ရှိအချိန်ထိ ကျွန်တော်တို့ ဒီ သိမ်းဆည်းထားတဲ့ စခန်းတွေကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်ဗျ။”

ဒါ့အပြင် စစ်ကောင်စီ တပ်စခန်းတွေကနေ လက်နက်မျိုးစုံ (၁၂၅) လက်နဲ့ ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ထုတ်ပြန် (ဇူလိုင် ၂၊ ၂၀၂၄)
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီစခန်းတချို့သိမ်းပိုက်ခဲ့ကြောင်း မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ထုတ်ပြန် (ဇူလိုင် ၂၊ ၂၀၂၄)

မတ္တရာစစ်ဆင်ရေးနယ်မြေမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်တွေဘက်က စစ်သုံ့ပန်းတွေအပါအ၀င် လက်နက်ချအညံ့ခံသူ ပေါင်း (၆၄)ဦး ကိုတော့ သုံ့ပန်းဥပဒေနဲ့ အညီ ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ တပ်မိသားစု၀င် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်စုစုပေါင်း (၁၁၇) ဦးကို ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ထိခိုက်မှု သေဆုံးမှု ရှိသလား ဆိုတာနဲ့ ဘယ်လောက်ရှိသလဲ ဆိုတာတွေကိုတော့ မြေပြင်မှာ စာရင်းကောက်ယူဆဲဖြစ်တယ်လို့ ကိုအော်စမွန်က ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်တဲ့ ကျေးရွာတွေက ဒေသခံတွေကို ရွာအပြင်ကို ရှောင်ခွင့်မပေးပဲ ကျေးရွာအတွင်းမှာပဲ ပိတ်ဆို့ထားပြီး လူသားဒိုင်းသဖွယ် အသုံးပြနေတယ်လို့လည်း ကိုအော်စမွန်က လက်ရှိ အခြေအနေကို ခုလိုပြောပါတယ်။

“စကစ အနေနဲ့ လက်ရှိ ကျေးရွာတွင်းမှာရှိတဲ့ ရွာသူ ရွာသားတွေကို ဓားစာခံ သဘောမျိုး ခေါ်ထားပြီးတော့ အပြင်ပေးမထွက်တာမျိုးတွေ ပြုလုပ်နေတယ်လို့ ကျွန်တော်တို့သိရတယ်ပေါ့နော်။ ဒီတိုက်ပွဲကြားမှာ ပိတ်မိအောင် တမင်တကာ လူသားဒိုင်းအနေနဲ့ ခေါ်ဆောင်ထားတယ်ဆိုတာမျိုး တွေကိုလည်း ကျွန်တော်တို့ တောက်လျှောက်ဆိုသလို ကြားနေရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မို့ အရပ်သားထိခိုက်မှုတွေ ရှိတယ်လို့လည်း ကျွန်တော်တို့ သိရတယ်ပေါ့။ အသေးစိတ် အခြေအနေတွေကိုတော့ ကျွန်တော်တို့ ကောက်ယူနေဆဲပါ။”

ဇူလိုင် ၁ ရက်ကနေ ဒီကနေ့ ၃ ရက်နေ့အထိ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မန္တလေး - မိုးကုတ် လမ်းပေါ်က နွယ်ရုံကျေးရွာနဲ့ ချောင်းကြီး ကျေးရွာဖက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး - မိုးကုတ်လမ်း ပိတ်နေပြီး မိုးကုတ်ကနေ မန္တလေးဘက် ဆင်းလာတဲ့ ခရီးသွားကားတွေ နွယ်ရုံရွာရဲ့အထက်က သပိတ်ကျင်းနယ် ဇရပ်ကွင်းနဲ့ လိပ်ကျရွာတွေမှာ ပိတ်မိ နေခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။

မတ္တရာ၊ မိုးကုတ်နဲ့ စဉ့်ကူး ဘက်မှာ ဖြစ်နေတဲ့ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံ အရပ်သား ပြည်သူတချို့ သေဆုံးတာ၊ ဒဏ်ရာရတာနဲ့ အိုးအိမ်ပျက်စီးတာတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ မတ္တရာတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG