သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲနောက်ဆုံးအခြေအနေ TNLA ပြောခွင့်ရသူနဲ့မေးမြန်းချက်


၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA ထုတ်ပြန်ခဲ့ (ဇွန် ၂၆၊ ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA ထုတ်ပြန်ခဲ့ (ဇွန် ၂၆၊ ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ထူးခြားချက်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပူးပေါင်းပြီး နယ်မြေသိမ်းတိုက်ပွဲတွေ အရှိန်အဟုန်နဲ့ စတင်နိုင်တာဖြစ်တယ်လို့ တိုက်ပွဲကို အဓိကဦးဆောင်နေတဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ပြောခွင့်ရ လွေးယေဦး က ဗွီအိုအေကိုပြောပါတယ်။ ပထမပိုင်း စစ်ဆင်ရေးကရခဲ့တဲ့အတွေ့အကြုံတွေကို အခြေခံတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ တတိယမြောက်နေ့အခြေအနေနဲ့ ပတ်သက်လို့ TNLA ပြောခွင့်ရ လွေးယေဦး ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ကျမတို့ကြားတဲ့သတင်းအရဆိုလို့ရှိရင် မိုးကုတ်မှာတိုက်ပွဲတွေ တော်တော်လေးပြင်းထန်တယ်။ နောက်ပြီးတော့ နောင်ချိုဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေမှာပေါ့နော်။ ...ဆိုတော့ အဲဒီက နောက်ဆုံးအခြေအနေတွေ ဘယ်လိုရှိပါသလဲရှင့်။

လွေးယေဦး။ ။ ကျမတို့လက်ရှိရထားတဲ့သတင်းအရဆိုရင် စစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို ကျမတို့သိမ်းပိုက်ရရှိထားပြီ။ နောင်ချိုမြို့မှာဆိုရင် ... တပ်စခန်းရှိမယ်။ ပြီးရင် မိုးကုတ်မှာဆိုရင်တော့ ကြပ်ပြင်ရဲစခန်းတွေ ရှိပါတယ်။ အဲဒီတပ်စခန်းနှစ်ခုကို ကျမတို့ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲလို တိုက်ပွဲတွေဖြစ်တဲ့နေရာမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုသိမ်းပိုက်နိုင်တဲ့အနေအထားမှာ သူတို့တပ်သားတွေက ဆက်မတိုက်ဘဲ လက်နက်ချလို့လား၊ ဒါမှမဟုတ်လို့ရှိရင် အပြန်အလှန်တိုက်ပြီးတော့မှ TNLA ဘက်ကနေ အင်နဲ့အားနဲ့သိမ်းယူတာလား။ ဘယ်လိုပုံစံမျိုးလဲရှင့်။

လွေးယေဦး။ ။ ဟုတ်ကဲ့၊ ဒုတိယပိုင်းအနေနဲ့ကျတော့ ပထမပိုင်းကလည်း ဒီစစ်ကောင်စီ တော်တော်များများက ကြုံတွေ့ရတာတွေ အတွေ့အကြုံရှိတော့ ဒီတခါကျတော့ သိမ်းရပိုလွယ်တယ်ပေါ့နော်၊ တချို့ တပ်စခန်းတွေ စွန့်ခွါသွားတာမျိုးတွေရှိတယ်။ နောက်တခုကတော့ စစ်ကောင်စီတပ်သားကိုယ်တိုင် ကျမတို့ဘက်ကို လာရောက်ပူးပေါင်းဝင်ရောက်တာလည်း ရှိတယ်။ အဲဒါကြောင့်မို့ ဒီအနေအထားလည်းဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ သိမ်းပိုက်ရရှိတဲ့လက်နက်တွေကိုလည်း TNLA ဘက်က ထုတ်ပြန်တဲ့အထဲမှာ ပြသထားတာတွေလည်း တွေ့ရပါတယ်။ အဲဒီတော့ စစ်ကောင်စီဘက်က ဒီလို လက်နက်တွေတော်တော်များများ ကျန်ခဲ့တဲ့သဘောလား၊ အဲဒီထဲမှာရော လက်နက်အကောင်းတွေ ဘယ်လောက်ထိ ပါလဲရှင့်။

လွေးယေဦး။ ။ ဟုတ်ကဲ့၊ အများကြီးပေါ့လေ။ လက်နက်တွေအမြောက်အများရှိတယ်။ လက်နက်ကြီးတွေပါသလို လက်နက်ခဲယမ်းအများအပြားပါတယ်။ မနေ့က ကျမတို့ထုတ်ပြန်ထားတာဆိုရင် နောင်ချို ကံ့ကော်စခန်းမှာသိမ်းပိုက်ထားတဲ့လက်နက်တွေဖြစ်တယ်။ ဒီနေ့ကျမတို့ထုတ်ပြန်ထားတာက မနေ့ကအထိ ကျမတို့ဆီမှာအလင်းဝင်လာတဲ့တပ်သား ၁၇ ဦး၊ လက်နက်နဲ့(တကွ) ဖြစ်ပါတယ်ပေါ့။ တခြားဟာတွေလည်းရှိပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီလိုတိုက်ပွဲတွေမှာ TNLA ဘက်ကရော ကျဆုံးတဲ့အရေအတွက်က ဘယ်လောက်ရှိပါသလဲရှင့်။

လွေယေဦး။ ။ ဟုတ်ကဲ့၊ ရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်တော့ ကျမတို့ ထုတ်ပြောခြင်းလည်းမရှိသေးပါဘူး။

အင်ကြင်းနိုင်။ ။ အဲဒီတော့ မိုးကုတ်နဲ့နောင်ချိုကတိုက်ပွဲတွေမှာ အထူးသဖြင့် နောင်ချိုဘက်မှာက ပြင်ဦးလွင်နဲ့နီးနေတာဆိုတော့ မန္တလေးနဲ့လည်း နီးနေပြီပေါ့နော်။ ဆိုတော့ - အဲဒီမှာဖြစ်နေတဲ့တိုက်ပွဲတွေက စစ်ရေးအရ ဘယ်လောက်အထိ အရေးပါလဲရှင့်။

လွေးယေဦး။ ။ ဟုတ်ကဲ့၊ ကျမတို့ တိုက်ပွဲဖော်ဆောင်တဲ့နေရာက စစ်ကောင်စီရဲ့တပ်စခန်းရရှိမှုက အလွန်အရေးကြီးတဲ့နေရာတွေတိုင်း ဖြစ်ပါတယ်ပေါ့နော်။ ဘာလို့ဆို ကျမတို့ ၁၀၂၇ စစ်ဆင်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးဖြစ်သလို ဒေသခံလူထုကိုကာကွယ်တာလည်းဖြစ်တယ်ပေါ့။ ဒီလှုပ်ရှားရာတပ်စခန်းတွေမှာ စစ်ကောင်စီကို ဝင်ရောက်ပြီးမှ တိုက်ခိုက်ခြင်းသည် ကျမတို့အတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းပေါ့လေ၊ မနှစ်က အောက်တိုဘာမှာစတင်တုန်းကတော့ TNLA ပါဝင်တဲ့ မဟာမိတ်ညီနောင်သုံးဖွဲ့ပေါ့နော်။ အခု ၁၀၂၇ စစ်ဆင်ရေးထူးခြားချက်ကကော ဘာများလဲရှင့်။

လွေးယေဦး။ ။ ၁၀၂၇ ပထမပိုင်းမှာဆိုရင်တော့ ......ကပါဝင်တယ်။ ဒုတိယပိုင်းမှာကျ ညီနောင်မဟာမိတ်သုံးဖွဲ့ပါတာပေါ့နော်။ အခြားသော နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင်လာတယ်။ အထူးသဖြင့် မန္တလေး PDF တို့၊ မိုးကုတ် ....ပြီးရင် ဓနုတိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်လာတယ်။ ဒါကြောင့် ဒီတော်လှန်ရေးသည် နွေဦးတော်လှန်ရေးနဲ့အတူ ပူးပေါင်းပြီးတော့ တိုက်ပွဲဆင်နွဲနေတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ နောက်ဆုံးမေးခွန်းကတော့ အခု TNLA အနေနဲ့ နယ်မြေသိမ်းတိုက်ပွဲတွေကို ဦးဆောင်ပြီးတော့ တိုက်နေတဲ့နေရာမှာ ရှမ်းပြည်မြောက်ပိုင်းဘက်မှာဆိုရင် ကချင် KIA နဲ့ နောက်တခါ ရှမ်းလက်နက်ကိုင်အဖွဲ့တချို့နဲ့ပေါ့နော် နယ်မြေပိုင်းဆိုင်ရာမှာ သဘောထားတင်းမာမှုတွေရှိနေတာပေါ့နော်၊ နယ်မြေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး သဘောထားတင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့အပိုင်းမှာ TNLA ရဲ့ ရပ်တည်ချက် မူဝါဒက ဘာပါလဲရှင့်။

လွေးယေဦး။ ။ ဟုတ်ကဲ့ ဒီအပေါ်မှာတော့ ကျမက သိပ်ပြောစရာမရှိတော့ဘူးထင်တယ်ပေါ့နော်၊ ဘာလို့လဲဆိုတော့ ဟိုနေ့က ကျမတို့ရဲ့ဗိုလ်ချုပ် တာ့ဖုန်းကျော်က အများကြီးရှင်းပြသွားတာရှိတယ်။ နောက်ပြီးတော့ ဒီကိစ္စက ကျမတို့သည် တိုင်းရင်းသားအချင်းချင်းကြားမှာဖြစ်နေတဲ့ ပြဿနာတွေသာဖြစ်တယ်။ ဒီပြဿနာတွေက စားပွဲဝိုင်းမှာဆွေးနွေးအဖြေရှာလို့ရမယ့် ပြဿနာတွေဖြစ်တယ်။ လက်ရှိကတော့ ကျမတို့ပူးပေါင်းပြီး ဘုံရန်သူကိုပဲ တိုက်ခိုက် စစ်ဆင်ဖော်ဆောင်သွားမယ့်အပိုင်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG