သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ရဲ့ တကျော့ပြန်ထိုးစစ် အပေါ် အမြင်တချို့  


၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA ထုတ်ပြန်ခဲ့ (ဇွန် ၂၆၊ ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA ထုတ်ပြန်ခဲ့ (ဇွန် ၂၆၊ ၂၀၂၄)

ရှမ်းပြည်နယ် မြောက်ပိုင်းက TNLA တအန်းတပ်ဖွဲ့က မိုးတွင်းကာလကြီးမှာပဲ မန္တလေးနဲ့နီးစပ်တဲ့မြို့တချို့ကို တပြိုင်တည်း ထိုးစစ်ဆင်လာတာက ထူးခြားတယ်လို့ သုံးသပ်ကြပါတယ်။
တရုတ်ကြားဝင်စေ့စပ်ပေးမှုနဲ့ ဒီနှစ်ဆန်းထဲက ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ခဲ့တဲ့ ဒီ TNLA တပ်အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်တို့ဘက်မှာ စစ်ကောင်စီ တပ်စခန်း (၂၀) ကျော်ကို သိမ်းလိုက်နိုင်ပြီလို့
ကြေညာလိုက်ပါတယ်။ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်နိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။

ဒီ ဒုတိယအကျော့ စစ်ဆင်ရေးမစခင် တရက်ဖြစ်တဲ့ တနင်္လာနေ့ ဇွန်လ ၂၄ ရက်မှာပဲ၊ TNLA အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က TNLA ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ သတိပေးစကားကို အခုလို ပြောခဲ့ပါတယ်။

"စကစရဲ့ လက်နက်ကြီးတွေနဲ့ကော လေကြောင်းစစ်ဆင်ရေးကော ကျနော်တို့ဒေသအတွင်းထဲမှာ နောင်ချိုဘက်၊ မိုးမိတ်ဘက်၊ မိုးကုတ်ဘက်- ကျနော်တို့ရဲ့စစ်ဒေသ (၂) အထူးသဖြင့် အဲဒီဘက်မှာ ဆက်တိုက်ကျူးလွန်နေတဲ့ကိစ္စတွေကတော့ ပိုပြီး များလာတယ်။ စစ်ရေးအရ တော်တော် စိုးရိမ်ရတဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ကြားထဲမှာတော့ အခု တရုတ်က ကမကထ ကြားဝင်ထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ရှိထားတော့ စစ်ရေးအရ ပြင်းထန်တဲ့အခြေအနေထိတိုင်အောင် စကစ စစ်ကောင်စီက လုပ်လိမ့်မယ် မဟုတ်ဘူးလို့တော့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့အနေနဲ့လည်း စကစ-က ၊ စစ်တပ်က ဟိုင်ဂင်သဘောတူညီချက်ကိုကျော်လွန်ပြီးတော့မှ လေယာဥ်ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်လာမယ်၊ လူထုတွေက ထိခိုက်နစ်နာမှုတွေ ပိုကြီးလာမယ်ဆိုရင်တော့ ပြည်သူလူထု(အတွက်) ကို အကောင်းဆုံး ခုခံကာကွယ်သွားဖို့ကတော့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။"

မနေ့ညတုံးကပဲ TNLA က ဒီ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ထဲ နောင်ချို၊ ကျောက်မဲ နဲ့ မိုးကုတ်မြို့နယ်တွေက တပ်စခန်း ၂၄ ခုကို သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်လာတာမှာ ဒီတခေါက် ထူးခြားမှုကို မြန်မာ့အရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလို ထောက်ပြပါတယ်။

"TNLA က ဒီနှစ်အတွင်းမှာ တိုက်ပွဲတွေကတော့ စခန်း ၂၄ လုံးလောက်သိမ်းပြီးတော့ ၁၀၂၇ အရှိန်အဟုန်ကို ပြန်ပြီးတော့ ရယူလိုက်ပါပြီ။ အဲလိုပြန်ပြီး ရယူတဲ့နေရာမှာ TNLA အနေနဲ့ ဟိုင်ဂင်အစည်းအဝေး သဘောတူညီချက်တွေ ပျက်စီးပြီလို့ - သူတို့ မလိုက်နာတော့ဘူးဆိုတဲ့စကားတွေကို မပြောပါဘူး။ သူအဓိကပြောတာက အစိုးရ စစ်တပ်ဘက်က ဟိုင်ဂင်သဘောတူညီချက်အထိ ချိုးဖောက်ပြီးတော့ TNLA စစ်စခန်းတွေကို တိုက်ခိုက်နေတာ အကြိမ်ပေါင်းများစွာဖြစ်ပြီး ပြီးခဲ့တဲ့လဆန်းပိုင်းကဆိုလို့ရှိရင် သူတို့ ရဲဘော်သုံးယောက်ကျပြီးတော့ ဒဏ်ရာတချို့ရတယ်။ ဒါကြောင့် သည်းမခံနိုင်တော့တဲ့အတွက် ၁၀၂၇ ဒုတိယလှိုင်းစပြီ-လို့ ပြောလိုက်တာပါ။"

အရင် သိမ်းပြီးထားတဲ့ဒေသတွေမှာ အုပ်ချုပ်ရေးချတဲ့လုပ်ငန်းတွေ၊ သင်တန်းတွေ၊ တိုင်းရင်သားအဖွဲ့အချင်းချင်း ပွတ်တိုက်မှုတွေနဲ့ အလုပ်များနေခဲ့တဲ့ TNLA အဖွဲ့အနေနဲ့ ဒီ စစ်ဆင်ရေး ပြန်ဖော်ဆောင်လာတာအပေါ် အမည်မဖော်လိုတဲ့ သတင်းစာဆရာတဦးကလည်း အခုလို ရှင်းပြပါတယ်။

"TNLA ရဲ့ရည်မှန်းချက်က နယ်မြေသိမ်းယူရေးလို့ မြင်ပါတယ်။ အရင်စစ်ဆင်ရေးမှာ မရလိုက်သေးတဲ့နယ်မြေတွေကို ထပ်ပြီးတော့သိမ်းဖို့ ရည်ရွယ်ချက်ထားတာ ထင်ရှားပါတယ်။ စစ်အင်အားနဲ့စိတ်ဓာတ်အရ မြင့်မားနေတယ်၊ လက်နက်အင်အားလည်းရှိနေတဲ့အချိန်မှာ နယ်မြေတွေထပ်ပြီးတော့ သိမ်းယူဖို့ကြိုးစားတဲ့ သဘောလို့မြင်ပါတယ်။"

လက်ရှိ နောင်ချိုမှာတော့ မြို့တွင်းကို ထိန်းချုပ်ထားနိုင်ပြီး မြို့ဘေးက တပ်ရင်းတချို့ကို ဆက်ရဖို့တိုက်နေတယ်လို့ TNLA အဖွဲ့နဲ့နီးစပ်သူတွေကပြောပါတယ်။ အခုတခေါက် တိုက်ပွဲ၊ ရှေ့ဆက်ဖြစ်လာနိုင်ခြေကိုလည်း ဦးသန်းစိုးနိုင်က အခုလို ဆက်ထောက်ပြပါတယ်။

"TNLA က ယနေ့လှုပ်ရှားမှုတွေ အားလုံးကို ဟိုင်ဂင် ဆုံးဖြတ်ချက်နဲ့ခွါထားပါတယ်။ တပြည်လုံးနဲ့ပတ်သက်ပြီး သူက ကတိကဝတ်ပြုထားပါတယ်။ ၁၀၂၇ စစ်ရေးလှုပ်ရှားမှု ဒုတိယလှိုင်း- လို့ ပြောပြီးတော့ တိုက်တာဖြစ်ပါတယ်။ နောက်ပြီးတော့ အဓိကတိုက်တာကလည်း ရှမ်းမြောက်ဒေသရဲ့အလွန်မှာတိုက်တယ်။ ဒါကြောင့် လားရှိုးကိုချက်ခြင်းမတိုက်တာ။ အခုတိုက်နေတာ ကျောက်မဲ၊ ကျောက်မဲနားက နောင်ချိုင်တိုက်တယ်၊​ နောက်ပြီးတော့ မိုးကုတ်၊ မိုးမိတ်တိုက်မယ်။ အဲဒါတွေက တရုတ်နဲ့ဆက်စပ်နေတဲ့ ဟိုင်ဂင်အစည်းအဝေးအဝန်းအဝိုင်းရဲ့အပြင်မှာ ရှိနေတယ်လို့ ပြောနိုင်တယ်။ နှစ်ရက်အတွင်းမှာ စခန်း ၂၄ ခုကို သိမ်းလိုက်နိုင်တယ်ဆိုတော့ လက်ဦးမှုကတော့ ရပြီပေါ့ဗျာ။ အဲဒီတော့ ပြင်ဦးလွင်ကိုဆက်ပြီးတော့ဆင်းမယ်ဆိုလို့ရှိရင်လည်း တရုတ်ပြောလို့မရဘူး။ ဟိုင်ဂင်နဲ့သိပ်ကို ဝေးကွာသွားမှာ။ အဲဒီတော့ TNLA ကလည်း တရုတ်ပြောတာကို သိပ်ပြီး ဂရုစိုက်မှာမဟုတ်ဘူး။"

ဒါပေမဲ့ ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်ဖြစ်လာနိုင်ခြေတွေကိုတော့ သတင်းစာဆရာက အခုလို ဆက်ရှင်းပြပါတယ်။

"တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပွတ်တိုက်မှုတို့၊ နောက် သိမ်းယူမယ့်နယ်မြေချင်းထပ်ထူကျတဲ့ဟာမျိုးတွေ ရှိကောင်းရှိနိုင်တယ်ပေါ့နော်။ ဥပမာအားဖြင့် KIA တို့၊ SSPP တို့လို လက်နက်ကိုင်အဖွဲ့မျိုးတွေနဲ့ထပ်တူကျတဲ့ဟာမျိုးတွေ၊ ပွတ်တိုက်မှုတွေ ရှိကောင်းရှိလာနိုင်တယ်ပေါ့နော်။ အခုနေမှာ ....EAO အချင်းချင်းကြားမှာ ၁၀၂၇ စစ်ဆင်ရေးတုန်းကလို မဟာမိတ်ဖွဲ့ပြီး တိုက်တဲ့လက္ခဏာတော့ မတွေ့ရသေးတာလည်း သတိပြုမိတယ်ပေါ့နော်။"

ဒီ တိုက်ပွဲတွေ ဖြစ်လာတာအပေါ် စစ်ကောင်စီ နဲ့ TNLA ပြောခွင့်ရတို့ကို ဆက်သွယ်ခဲ့ပေမဲ့ အချိန်မီ အကြောင်းပြန်ချက် မရခဲ့ပါဘူး ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG