သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ TNLA တိုက်ပွဲတွေကြား ဒေသခံတချို့ ထိခိုက်သေဆုံး 


၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA ထုတ်ပြန်ခဲ့ (ဇွန် ၂၆၊ ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး အပိုင်း( ၂ ) မှ စစ်ကောင်စီ တပ်စခန်း ( ၂၄)ခု၊ စစ်သုံ့ပန်း (၁၇)ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း TNLA ထုတ်ပြန်ခဲ့ (ဇွန် ၂၆၊ ၂၀၂၄)

စစ်ကောင်စီနဲ့ တအန်း တိုင်းရင်းသားလက်နက်ကိုင် TNLA တပ်ဖွဲ့တွေကြား ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားရာက အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်းတွေကို TNLA က ထိန်းချုပ်လိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အပစ်ရပ်စဲရေး သဘောတူပြီး ၅ လလောက်အကြာ တကျော့ပြန် တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးအဆက်ဖြစ် ကြေညာထားတဲ့ တိုက်ပွဲတွေဟာ ကျောက်မဲ၊ နောင်ချို၊ သီပေါနဲ့ နဲ့ မိုးကုတ်မြို့ဘက်တွေမှာ တနင်္လာနေ့ မနက်က စတင်ခဲ့ပြီး ဒီကနေ့ မနက်အထိလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိနေပါတယ်။

ကျောက်မဲမြို့မှာတော့ တနင်္လာနေ့က မြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ရာက ဒီကနေ့မှာတော့ TNLA နဲ့ ပူးပေါင်းတပ်တွေဟာ မြို့အတွင်းထိ ရောက်ရှိလာသလို လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား သေဆုံးတာတွေရှိနေကြောင်း ကျောက်မဲ ဒေသခံတဦးက VOA ကို ပြောပါတယ်။

“အခုဟာတော့ မြို့ထဲမှာ ဖြစ်နေပြီပေါ့။ ဒီနေ့မနက် မြို့အဝင်မှာ ဖြစ်တယ်။ နေ့လည်မှာတော့ မြို့ထဲမှာ စဖြစ်နေပြီ။ ခုချိန်ထိကို လက်နက်ကြီးသံတွေတော့ ကြားနေတုံးပဲ။ မနက်ပိုင်းမှာ ၁၀နာရီ ဝန်းကျင်မှာ လက်နက်ကြီး ကျတယ်။ အဲဒီမှာ ၃ယောက်ထိတယ်။ ၂ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ တော်တော်လေး အခြေအနေ ဆိုးတယ်ပေါ့နော်။ တယောက်ကတော့ ခြေထောက်မှာ ထိသွားတာပေါ့။ နောက် လက်နက်ကြီး ကျတဲ့ အိမ်တအိမ်ကတော့ မိသားစု ၅ယောက်ရှိတာ ၄ယောက်တော့ သေသွားပါတယ်။ အဲဒါက ပြည်ထောင်စု လမ်းမကြီးရဲ့ဘေးပေါ့။ ၂ရပ်ကွက် ရန်ကင်းရပ်။”

အခြားကျောက်မဲမြို့ခံတဦးက မြို့အတွင်းတိုက်ပွဲဖြစ်နေတာကြောင့် တိမ်းရှောင်ဖို့လည်း အခက်အခဲရှိနေကြောင်း ပြောပါတယ်။

“ တိမ်းဖို့ ရှောင်ဖို့ကတော့ ခဲယဉ်းမှာဗျ။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပတ်ပတ်လည်က ပိတ်ထားတယ်။ မြို့ထဲကတော့ ခြောက်ကပ်နေတာပေါ့။ အပြင်လည်း ထွက်လို့ မရဘူး။ ဆိုင်တွေကလည်း ဘာမှ မရောင်းကြဘူးလေ။ကြောက်တော့ ဘယ်သူမှ ဖွင့်မရောင်းရဲဘူး။ မြို့ထဲထိ ဝင်နေတယ်လို့ ပြောတယ်။ ခုနက တွေ့ခဲ့တဲ့လူက ပြောတယ်။ ကျနော် မနက်ကထွက်တုံးကတော့ မြို့ထဲမှာ ဘာမှ မရှိသေးဘူး။ (လက်နက်ကြီးသံ) ကြားလား အခုပစ်တဲ့အသံ။ အဲဒါ ကျနော်တို့ နားလေးတင်ပဲ။ ”

ကျောက်မဲမြို့တိုက်ပွဲမှာ မနေ့က လက်နက်ကြီးထိမှန်တာကြောင့် အရပ်သား ၂ဦးသေဆုံးခဲ့သလို ၃ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မိုးကုတ်မြို့ ကျပ်ပြင်ဘက်မှာတော့ ဒီကနေ့ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး လေကြောင်းက ဗုံးကြဲတာတွေရှိတာကြောင့် ဒေသခံတွေဟာ အပြင်မထွက်ရဲဘဲ ရှိနေကြောင်း မိုးကုတ်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ ကျပ်ပြင်အခြေအနေကတော့ မနေ့က မနက် ၉နာရီခွဲလောက်ကနေ စပြီး ပစ်ခတ်ကြတာပေါ့။ မနက် ၉နာရီခွဲကနေ ညနေ ၄နာရီ၊ ၅နာရီ အထိပေါ့။ ဒီကနေ့ကျတော့ မနက် ၆နာရီကနေ စပြီး ပစ်တာပေါ့နော်။ အခုတောင် ၃နာရီလောက်ရှိပြီထင်တယ်။ အခုတော့ အပစ်အခတ်နည်းနည်း ရပ်စဲနေတယ်ရှင်အခုက။ အဆိုးဆုံးကတော့ မနန်းကြည်တောင်ကနေ စလိုက်တာပဲ။ ပြောရမယ်ဆို အရှေ့ပိုင်း၊ အနောက်ပိုင်း ၂ပိုင်းရှိတာပေါ့။ မိုးကုတ်မြို့က ။ အရှေ့ပိုင်း အနောက်ပိုင်း ၂ပိုင်းလုံး အဆိုးဆုံးအခြေအနေကို ရောက်နေတာပေါ့။ မနက်ကတော့ လေယာဉ်လာသွားတာတော့ ၉နာရီလောက်တော့ဖြစ်မယ်ထင်တယ်။ ဒါပြီးနောက် အုံး၊ အုံးဆိုပြီး ၂ချက်တော့ ပစ်သံ ကြားတယ်။ မြို့ထဲမှာ လက်နက်ကြီး ကျတာတွေလည်း ရှိတယ်။ အဲလိုမျိုးပေါ့။ ”

ကျပ်ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားချိန်မှာ ဒေသခံတွေဟာ ရှောင်တိမ်းချိန်မရတာကြောင့် နေအိမ်အတွင်းမှာပဲ ပိတ်မိသူ များကြောင်း ပြောပါတယ်။ မိုးကုတ်မြို့ခံနောက်တဦးကတော့ မနေ့က လက်နက်ကြီး ထိမှန်တာကြောင့် အမျိုးသမီးတယောက်ထိခိုက်ပြီး သူ့ကို ဆေးရုံလိုက်ပို့တဲ့ ပရဟိတအဖွဲ့က လူငယ် ၃ဦး ပျောက်ဆုံးနေကြောင်း ပြောပါတယ်။

“ ကျပ်ပြင်မှာ ၂၅ရက်နေ့ ၅နာရီလောက်မှာ ကျတာဗျ။ လီဆူးအမျိုးသမီးလို့ ပြောတယ်ဗျ။ လက်နက်ကြီး ကျတော့ သူတို့ကို နည်းနည်းထိခိုက်တယ်တဲ့။ ထိခိုက်တော့ လောကဟိတ လူမှုရေးအသင်းကနေပြီးတော့ မိုးကုတ်မြို့ ဆေးရုံပို့ပေးတယ်။ ညနေ ၇နာရီလောက်ထင်တယ်။ အပြန်မှာ ကျပ်ပြင်မြို့အဝင်မှာ တားတာတဲ့ ။ တားတာ မရပ်လို့ ဆိုပြီး ပစ်ခံရတယ်။ နောက်တနေ့ ၂၆ရက်နေ့ကျမှ အဲဒီကားကြီးက အဲဒီ ရပ်ကွက်ထဲမှာ ရပ်ထားတာ တွေ့တယ်ပေါ့။ ကားပေါ်မှာလည်း သွေးတွေ တွေ့တယ်။ ဒါပေမဲ့ လောကဟိတ ပရဟိတာက ကောင်လေး ၃ယောက်က ၃ယောက်လုံးပျောက်နေတာ ဖုန်းလည်း ဆက်မရဘူး။ ပစ်တာကလည်း ဘယ်က ပစ်မှန်းလည်း မသိဘူးပေ့ါဗျာနော်။ ”

နောင်ချိုမြို့တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ရဲ့ ခမရ ၁၁၄နဲ့ အမှတ် ၆၀၆ ဒုံးတပ်ကို TNLA နဲ့ ပူးပေါင်းတပ်တွေ က သိမ်းယူလိုက်ကြောင်းနဲ့ အရပ်သားတဦးသေဆုံးကြောင်း PDF အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

“ နောက်ဆုံးအခြေအနေက ၁၁၄ ရပြီတဲ့၊ ၁၁၅က ရတော့မယ် ထင်တယ်။ နောက် ၆၀၆ ရပြီ ပြောတာပဲ။ ၂ခုရပြီပြောတယ်။ တခုကျန်တယ်။ ပြည်သူတွေကတော့ မရှိတော့ဘူး စစ်ဘေးရှောင်သွားပြီ။ လက်နက်ကြီး ကျလို့ ရေသန့်စက်ရုံတရုံမီးလောင်တယ်။ အိမ်တလုံးမီးလောင်တယ်တဲ့။ မနေ့ကတော့ တယောက် ဈေးထွက်ဝယ်ရင်း မှန်လို့ သေတယ်။ ဒီနေ့ကတော့ အသေအပျောက်မသိဘူး။ ”

စစ်ကောင်စီတပ်စခန်းတွေ အသိမ်းခံရတာနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ လောလောဆည်မှာတော့ TNLA နဲ့ ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့က ရဲစခန်းနဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို သိမ်းယူပြီး မြို့ကို ထိန်းချုပ်ထားပါတယ်။

သီပေါမြို့ဘက်မှာတော့ ဒုဋ္ဌဝတီမြစ်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေကြား နေရပေမဲ့ မြို့ထဲမှာတော့ တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း သီပေါမြို့ခံတွေက ပြောပါတယ်။ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မတွေ့ရသလို၊ TNLA ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

TNLA ရဲ့ တယ်လီဂရမ် စာမျက်နှာမှာတော့ ကျောက်မဲမြို့ အမှတ် ၃၅၂ အမြောက်တပ်ရင်းနဲ့ စခန်းသာကုန်း၊ နောင်ချိုမြို့ ခမရ ၁၁၅ဌာနချုပ်စခန်း၊ မိုးကုတ်မြို့ ဗျူဟာကုန်း စခန်းတို့မှာ တိုက်ပွဲဖြစ်ပွားနေကြောင်းနဲ့ ကျောက်မဲ စကခ ၁၇လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦး လက်နက်ချကြောင်း ဖော်ပြထားပါတယ်။

TNLA အပါအဝင်ဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်တာပါ။ ဒီနှစ် ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ ဟိုင်ဂင် သဘောတူညီမှုအရ အပစ်ရပ်ခဲ့ပါတယ်။ အပစ်ရပ်ပြီး ၅လကျော်အကြာမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ဒီတိုက်ပွဲတွေဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်အဖြစ် TNLAက သတင်းဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG