သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ တကျော့ပြန်ပေါ်ပေါက် 


TNLA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်။
(ယခင်ပုံဟောင်း)
TNLA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဥ်။ (ယခင်ပုံဟောင်း)

စစ်ကောင်စီနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကြား ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ကြပြီး ၅ လကျော် ရှိလာချိန်မှာပဲ တိုက်ပွဲတွေ တကျော့ပြန် ပေါ်ပေါက်နေပါတယ်။ စစ်ကောင်စီနဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြားမှာ ဒီကနေ့ အနည်းဆုံး ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ် ၃မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့သလို၊ ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။ ရှမ်းပြည်မြောက်ပိုင်းက တကျော့ပြန် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ဒီလပိုင်းအတွင်း မိုးကုတ်၊ မိုးမိတ်နဲ့ ကျောက်မဲ၊ နောင်ချို စတဲ့မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ် က TNLA တပ်စခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ရှိလာတဲ့နောက်မှာ နှစ်ဘက် တပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီမနက် ၅နာရီခွဲ ဝန်းကျင်မှာပေါ့နော်။ ကျမတို့ TNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒီ နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ၆နာရီကျတော့ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းမှာ တိုက်ပွဲပြန် ဖြစ်ပွားခဲ့တယ်။ ဒီနေ့လည်ကျတော့ ဒီ မိုးကုတ်မြို့ ဒေါ်နန်းကြည်တောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးတွေ ရှိပါတယ်။ ”

တနင်္လာနေ့ညနေပိုင်းက နောင်ချိုမြို့နယ် အုမ္မသီးဘက်မှာ တိုက်ပွဲစတင်ဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။ အခုလို တိုက်ပွဲတွေ နေရာအတော်များများမှာ ဖြစ်လာတဲ့အတွက် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်ဟာ ပျက်ပြယ်သွားပြီလား ဆိုတဲ့ အမေးအပေါ်မှာ လွေးယေဦးက ပျက်ပြယ်ပြီလို့ မပြောနိုင်သေးကြောင်း တုံပြန်ထားပါတယ်။

“ ဟုတ်ကဲ့၊ ဒီဟာက အဲလိုမျိုးပြောနိုင်ဖို့တော့ မရှိသေးဘူးပေါ့နော်။ လက်ရှိ ဒီ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက်ကြောင့် ကျမတို့က ပြန်ပြီးတော့မှ ခုခံတိုက်ပွဲ ဖြစ်တာ ဖြစ်တယ်။ ”

ဒီကနေ့ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လေ့လာသူအချို့က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်တာအဖြစ် သုံးသပ်ကြပေမဲ့ TNLA ရဲ့ ပြောခွင့်ရသူကတော့ ငြင်းဆိုထားပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်တဲ့ ၃မြို့နယ်အတွင်းမှာတော့ ကျောက်မဲနဲ့ နောင်ချိုမြို့အတွင်းထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့မှာတော့ တိုက်ပွဲ ပြင်းထန်နေပြီး မြို့အတွင်းကို လက်နက်ကြီး ကျတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာရှိနေကြောင်း ကျောက်မဲမြို့ခံက ပြောပါတယ်။

“ ကျောက်မဲကတော့ အခုချိန်ထိ ပစ်ခတ်နေကြတုံးဗျ။ မြို့ပတ်လည်ဗျ။ ငြိမ်းချမ်းရေးကုန်းဘက်တို့၊ ကျနော်တို့ ပန်ပေါင်းဘက်တို့ပေါ့။ အခုလည်း လက်နက်ကြီးတွေတော့ ပစ်နေကြတုံးပဲ။ မြို့ထဲမှာ ဗဟိုဈေး မြောက်ဘက် အလယ်ပေါက်နားက ဆိုင်တဆိုင်တောင် လက်နက်ကြီး ထိသွားတယ်။ ၂ယောက်သေသွားတယ်။ အမျိုးသားတယောက်၊ အမျိုးသမီးတယောက် ၊ အမျိုးသားကတော့ အခွန်လွတ်ဈေး ၈ ရပ်ကွက်ပေါ့။ အဲဒီနားလေးက တယောက်။ လက်နက်ကြီးမှန်ပြီး ဆုံးတယ်တဲ့။ အမျိုးသမီးကတော့ ကျနော်တို့ ၉ ရပ်ကွက်ထဲက။ ခေါင်းကို လက်နက်စမှန်ပြီးတော့ ဆုံးသွားတယ်။ ပြိန်းနင်ထဲက တယောက်တဲ့ ဒဏ်ရာရတာ။ ပန်ပေါင်းက တယောက်။ နောက် ထုံးဘိုထဲက တယောက်၊ ဒဏ်ရာရတာ ၃ယောက်ပေါ့။"

ညနေ ၅နာရီအကျော်ထိ လက်နက်ကြီးတွေ ဆက်လက် ပစ်ခတ်နေသလို လေကြောင်းကနေ လည်း တိုက်ပွဲဖြစ်ပွားရာနေရာကို ဗုံးကြဲတာတွေ ရှိခဲ့ကြောင်း ပြောပါတယ်။ လောလောဆည်မှာ
တိုက်ပွဲဖြစ်ပွားတာကြောင့် ကျောက်မဲမြို့ခံပြည်သူအများစုဟာ မြို့တွင်းမှာပဲ ပိတ်မိနေပြီး အခြားဒေသကို တိမ်းရှောင်ဖို့လည်း အခက်အခဲရှိနေပါတယ်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေဟာ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး မွန်းလွဲှပိုင်းမှာတော့ မြို့အတွင်းက ဌာနဆိုင်ရာ ရုံးအချို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ကြောင်းလည်း PDF တပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“ နောင်ချိုက စကစ တပ်စွဲထားတဲ့ မိုးဇလရုံးတို့ ၊ ဆေးရုံတို့ ၊ မီးသတ်ရုံးတို့ ရပြီ။ အခုက စစ်မှုထမ်းဟောင်းရုံးနဲ့ ရဲစခန်းကို တိုက်နေတယ် ရတော့မယ် ထင်တယ်။ နောင်ချိုဈေး ၊ နောင်ချိုအထက အဲဒီထိရောက်နေပြီ။ သူတို့ကတော့ ဆုတ်နေပြီ ပျူတွေနဲ့ စစ်မှုထမ်းဟောင်းတွေပေါ့။ စကစ ပါတော့ ပါတယ်။ နည်းမှာပေါ့။ လေကြောင်းက လာတာ ရှိတယ်။ မြို့ထဲတော့ မကြဲသေးဘူး။ မြို့ပြင် P (PDF ) တွေ ရှိတဲ့နေရတော့ မနက်က ကြဲသွားတယ်။ ကျောက်ကြမ်းဘက်ပေါ့။ ”

မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲမှာလည်း မိုးကုတ်မြို့ အနောက် ကျပ်ပြင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့ခံတွေဟာ တိမ်းရှောင်တာတွေ ရှိနေကြောင်း၊ အထိအခိုက်အသေအပျောက်တော့ မသိရသေးကြောင်း ဒေသခံ တဦးက ပြောပါတယ်။

TNLA ပါ၀င်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး ရှမ်းမြောက်ဒေသက မြို့ရွာတွေနဲ့စစ်ကောင်စီရဲ့ တပ်စခန်းတွေ ရာနဲ့ ချီ သိမ်းခဲ့တာပါ။ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့အတူ စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့တွေဟာ ဟိုင်ဂင်သဘော တူညီချက်အရ အပစ်အခတ် ရပ်စဲထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG