သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ္မတူ-မန်တုံ လမ်းကြောင်းပိတ်မှုနဲ့ KIA နဲ့ TNLA အငြင်းပွား


၁၀၂၇ စစ်ဆင်ရေးကာလ - မြောက်ပိုင်းညီနောင်သုံးဖွဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (Photo: PSLF/TNLA)
၁၀၂၇ စစ်ဆင်ရေးကာလ - မြောက်ပိုင်းညီနောင်သုံးဖွဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (Photo: PSLF/TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူနဲ့ မန်တုံမြို့နယ်တွေမှာရှိနေတဲ့ မိုင်းဘော်နဲ့အွယ်လောကျေးရွာကြား ကားလမ်းပိုင်းကို ကချင် KIA က ယာဉ်အသွားအလာ ဖြတ်တောက်ခဲ့တယ်လို့ တအန်း TNLA စွပ်စွဲပြီးနောက် နှစ်ဘက်တပ်တွေကြား အခြေအနေတင်းမာနေတာ အခုထိ မပြေလည်သေးပါဘူး။ ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေသူတဦးကတော့ နှစ်ဘက် ဗဟိုအဖွဲ့တွေက ဒီပြဿနာကို မြန်မြန်ဆန်ဆန်မဖြေရှင်းနိုင်ရင် အောက်ခြေတပ်တွေကြားမှာ ပြဿနာ ပိုကြီးထွားလာနိုင်ကြောင်း ထောက်ပြပါတယ်။ ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်လာနေတဲ့ ပွတ်တိုက်မှုအခြေအနေကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ် အောက်တိုဘာကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်တပ်တွေက ရှမ်းမြောက်ဒေသက မြို့ကြီးတွေနဲ့ တပ်စခန်းတွေ သိမ်းယူလိုက်တဲ့နောက်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ စတင်ခဲ့တာပါ။

နမ္မတူမြို့နယ်နဲ့ မန်တုံမြို့နယ်အတွင်းက မိုင်းဘော်နဲ့အွယ်လောကျေးရွာကြားက ကားလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက ယာဉ်သွားလာလို့ မရအောင် မြောင်းတူးဖြတ်တောက်ပြီး ရွှံ့နွံတွေကြားမှာ သံချွန်တွေချထားကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ဒီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သလို အောက်ခြေတပ်တွေကြားမှာလည်း တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။
နှစ်ဘက်တပ်တွေကြားကပြဿနာဟာ ယခုထိ ပြေလည်မှုမရသေးဘူးလို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို ပြောပါတယ်။

“ဟုတ်ကဲ့။ ပြဿနာကတော့ ပြေလည်သွားတာတော့ မဟုတ်သေးဘူးပေါ့နော်။ ပြဿနာကတော့ တည်ရှိနေတယ်။ သို့ပေမဲ့လည်း အဲဒီလမ်းတွေ ပြန်သုံးလို့ ရအောင် ကျမတို့ဘက်ကနေ ဆောင်ရွက်နေတာမျိုးတွေ ရှိတယ်။ နှစ်ဘက်ကတော့ အဲလိုမျိုး တဘက်နဲ့တဘက် စောင့်ကြည့်နေတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။”

ဒါ့အပြင် ပြဿနာကို ပြေလည်သွားအောင် ဗဟိုအချင်းချင်းတွေ့ဆုံဖို့ ရှိကြောင်း သူက အခုလို ဆက် ပြောပါတယ်။

“ကျမတို့ဘက်ကတော့ ဒီပြဿနာတွေ မကြီးထွားအောင်ပေ့ါနော်။ ပြဿနာကလည်း ပြေလည်သွားအောင် ဗဟိုအချင်းချင်းတွေ့ဆုံသွားဖို့ ဆွေးနွေးသွားဖို့တော့ ရှိပါတယ်။ ”

TNLA ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းတလျှောက် အများပြည်သူသုံးနေတဲ့လမ်းကို ဒီလ ၇ ရက်နေ့က ဖြတ်တောက်လိုက်တာဖြစ်ကြောင်းနဲ့ ဒီလမ်းဟာ ၁၀၂၇ စစ်ဆင်ရေးနောက် နမ္မတူနဲ့နမ့်ခမ်းကြား ကုန်သွယ်ရေးအရအရေးပါတဲ့လမ်းဖြစ်ကြောင်း ဖော်ပြပါတယ်။
လမ်းပိတ်ထားတဲ့နေရာဟာ နေ့သစ်အာရှ ကုမ္ပဏီက သတ္တုရိုင်းတူးဖော်တဲ့နေရာဒေသလည်း ဖြစ်ပါတယ်။

KIA နဲ့ TNLA နှစ်ဘက်တပ်တွေကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ KIA ပြန်ကြားရေးတာဝန်ခံက တနင်္လာနေ့က စတင်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ခေတ္တပိတ်ထားမှာဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

သျှမ်းသံတော်ဆင့် သတင်းဌာနကဖေါ်ပြထားတဲ့ မေးမြန်းချက်မှာတော့- KIA တပ်ဖွဲ့တွေက အများပြည်သူအသုံးပြုတဲ့လမ်းကို ဖြတ်တောက်တာမဟုတ်ကြောင်းနဲ့ KIA က တူးဖော်ထားတဲ့ သတ္တုရိုင်းတွေကို TNLA က သယ်ယူတာကြောင့် အဲဒီလမ်းကို ဖြတ်တောက်တာဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖြေကြားထားပါတယ်။

ကချင်သတင်းမီဒီယာသမားတဦးကတော့ KIA နဲ့ TNLA အကြားဖြစ်ပွားနေတဲ့ ပြဿနာကို အမြန်ဆုံး မဖြေရှင်းနိုင်ရင် ပြဿနာ ပိုမိုကြီးလာနိုင်ကြောင်း အခုလို ပြောပါတယ်။

“ ကျနော်မြင်တာကတော့ အဲဒါ ပြဿနာဖြစ်လာတာ တော်တော်ကြာပြီပေါ့နော်။ သူတို့အထက်က လူကြီးတွေအချင်းချင်းတော့ စကားပြောထားတာ။ ဒါပေမဲ့ မြေပြင်မှာ၊ အောက်ခြေမှာ တကယ့်ဟာတော့ အခဲမကျေတဲ့ဟာတွေ များတယ်ထင်တယ်။ ဒါကို သေသေချာချာပေါ့။ နှစ်ဘက်စလုံးနားလည်မှုရှိရှိနဲ့ ကောင်းကောင်း မဖြေရှင်းနိုင်ရင်တော့ တော်တော်လေး ပြဿနာကြီးလာနိုင်တယ်။ လက်နက်တွေဘာတွေ ပါတဲ့အဆင့်ထိ ရောက်လာနိုင်မယ်လို့ ထင်တယ်။”

ရှမ်းမြောက်အခြေစိုက် 7 Stars News ခေါ် အွန်လိုင်းသတင်းဌာနကတော့ နေ့သစ်အာရှကုမ္ပဏီဟာ KIA နဲ့ ဆက်စပ်မှုရှိကြောင်း၊ ဒီဒေသမှာ သတ္တုတူးဖော်တာကို အရင်က KIA ခွင့်ပြုချက်နဲ့ ဘူးဂါးကုမ္ပဏီက တူးဖော်ခဲ့ကြောင်း၊ နောင် လုပ်ကိုင်ခွင့် သက်တမ်း ထပ်မံ တိုးမရတဲ့အခါ KIA ခွင့်ပြုချက်နဲ့ နေ့သစ်အာရှ ကုမ္ပဏီက ဆက်လက်တူးဖော်ကြောင်း ဖော်ပြထားပါတယ်။

ရှမ်းမြောက်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမည်မဖော်လိုသူ KIA အရာရှိကြီးတဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့ ဒီပြဿနာကြောင့် မဟာမိတ်ဆက်ဆံရေးကို ထိခိုက်ခံမယ်လို့ မယူဆကြောင်း ပြောဆိုပါတယ်။

အငြင်းပွားနေတဲ့ သတ္တုတွင်းဒေသ ပြဿနာကို ဝ၊ ကချင်၊ တအန်း(ပလောင်ဝ်) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့ FPNCC က ကြားဝင်ဖြေရှင်းဖို့ မေလ ၃၁ ရက်နေ့ ရက်စွဲနဲ့ TNLA က စာပေးပို့ထားပါတယ်။ လက်ရှိမှာတော့ တစုံတရာဖြေရှင်းဆောင်ရွက်တယ်ဆိုတာမျိုး သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဒီကနေ့မှာတော့ မိုးမိတ်နဲ့ နောင်ချိုမြို့နယ်တွေထဲမှာ စစ်ကောင်စီက သူတို့ တပ်စခန်းတွေကို လက်နက်ကြီး ပစ်ခတ်သလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အထိအခိုက်အသေအပျောက်ရှိကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ TNLA အပါအဝင် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီအကြားမှာ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ဖို့ ဒီနှစ်ဆန်းက သဘောတူထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG