သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသတချို့ KIA အုပ်ချုပ်ရေး စတင်ဖော်ဆောင်


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

ကချင်လွတ်လပ်ရေးတပ်မတော် KIA က သူတို့ သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ စတင်ဖော်ဆောင်နေပြီး အခြားအဖွဲ့အစည်းတွေထိန်းချုပ်တဲ့နယ်မြေတွေမှာတော့ KIA အုပ်ချုပ်ရေးဆောင်ရွက်မှာ မဟုတ်ကြောင်း ပြောပါတယ်။ ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အုပ်ချုပ်ရေးအပြိုင်ဖြစ်လာမှာ စိုးရိမ်တာတွေလည်းရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းယူထားတဲ့နယ်မြေဒေသတွေမှာ ဒီရက်ပိုင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ အဓိကအားဖြင့် နမ့်ဖတ်ကာဒေသဘက်မှာဖြစ်ကြောင်းနဲ့ အခြားနေရာတွေကတော့ အရင် KIA က ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အုပ်ချုပ်ရေးဌာနကနေပြီးတော့မှ အဓိက,ကတော့ နမ့်ဖတ်ကာပဲပေါ့နော်။ နမ့်ဖတ်ကာတွေ၊ အဲဒါတွေကတော့ အဓိက ဖြစ်မှာပါ။ ကျနော်တို့ သိမ်းပိုက်ထားတဲ့ ရွာတွေကို ကျနော်တို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေ ပြန်ချတာကိုပဲ ပြောတာပါ။ အရင် ကျနော်တို့ အုပ်ချုပ်တဲ့နေရာတွေပဲဖြစ်ပါတယ်။ ”

သတင်းမီဒီယာအချို့မှာတော့ ရှမ်းမြောက်ဒေသက KIA အုပ်ချုပ်ရေးချမှတ်တဲ့ နေရာတွေဟာ ကွတ်ခိုင်မြို့နယ်က နမ့်ဖတ်ကာ၊ မန်တုံမြို့နယ်က နမ့်ဟိုင်းနဲ့ နမ္မတူမြို့နယ်က မုံးမော်ဒေသတွေ ပါဝင်ကြောင်း ဖော်ပြပါတယ်။ ကွတ်ခိုင်၊ မန်တုံနဲ့ နမ္မတူမြို့တွေကိုတော့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းယူထားသလို TNLA က အုပ်ချုပ်ရေးဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

KIA အနေနဲ့ TNLA အုပ်ချုပ်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးချမှတ်တာမျိုး မရှိကြောင်းနဲ့ လက်ရှိ အုပ်ချုပ်ရေးချမှတ်တဲ့နေရာတွေဟာ အရင်ကတည်းက သူတို့ ထိန်းချုပ်ခဲ့တဲ့ ဒေသတွေဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“သူတို့ အုပ်ချုပ်တဲ့နေရာမှာဆိုရင်တော့ ကျနော်တို့လည်း မလုပ်ပါဘူး။ မြို့နယ်အနေနဲ့ ပြောရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ရွာတွေအနေနဲ့ဆိုရင်တော့ အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ သဘောကတော့ မြို့အနေနဲ့ပြောရင် သူတို့ရဲ့အုပ်ချုပ်မှုဒေသအောက်မှာပါတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ကတည်းကနေ ကျနော်တို့ စခန်းထိုင်တာတွေလည်းပါတယ်။ သိမ်းပိုက်ထားတဲ့ ရွာတွေလည်း ပါတယ်။ တကယ်လို့များ သူတို့ အုပ်ချုပ်တဲ့ရွာတွေကိုတော့ ကျနော်တို့လည်း မလုပ်ပါဘူး။ လုပ်လို့ရှိရင်တော့ ပွတ်တိုက်မှုက ရှိမှာပါ။”

ပြီးခဲ့တဲ့ရက်တွေကတော့ KIA နဲ့ TNLA ကြား ပြဿနာတွေ ကြီးထွားလာနေတာကြောင့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ TNLA ဘက်က ပန်ကြားကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။
ဒီပန်ကြားချက်မှာတော့ ကွတ်ခိုင်၊ မန်တုံနဲ့ နမ္မတူမြို့နယ်တွေမှာ TNLA ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို KIA က နှောင့်ယှက်ဟန့်တားတာတွေ ရှိနေကြောင်း ဖော်ပြပါတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ဟာ KIA နဲ့ TNLA အပါအဝင် ဝ UWSA ၊ မိုင်းလား NDAA၊ ကိုးကန့် MNDAA ၊ ရခိုင် AA၊ ရှမ်း SSPP စတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
TNLA က FPNCC ကို ပန်ကြားတာနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေတော့ မသိရသေးဘူးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အခုထိကတော့ FPNCC ကနေ တစုံတရာ ကျနော်တို့ကို ဖြေရှင်းတဲ့၊ ကျနော်တို့ကို ပြောတာကတော့ ကျနော် မကြားရသေးပါဘူး။ ကျနော်တို့ဗဟိုကော်မတီရုံးမှာ ဘယ်လိုစာတွေ ရောက်တာလဲ။ သူတို့ လူကြီးပိုင်းတွေ ဘယ်လိုပြောတာလဲတော့ ကျနော်ကတော့ မသိဘူး။ ကျနော်တို့ကြားသိလောက်တဲ့အဖြေတွေ ထွက်မလာသေးဘူး။”

ရှမ်းပြည်နယ်က နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကတော့ လက်ရှိရှမ်းမြောက်ဒေသ အခြေအနေအပေါ် အခုလို သုံးသပ်ပါတယ်။

“သမိုင်းကို ပြန်ကြည့်ရင် အဲဒီနေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ တိုက်ခိုက်မှုတွေ ဖြစ်လေ့ဖြစ်ထ ရှိတဲ့နေရာပေါ့။ အဲတော့ နွေဦးတော်လှန်ရေးနဲ့အတူ ၁၀၂၇ တို့ဘာတို့ကလည်း ထပြီး ပေါ်လာတဲ့အချိန်မှာ သိသာတာကတော့ ဒီ ရှမ်းမြောက်မှာ လုံခြုံရေးတို့၊ အုပ်ချုပ်ရေးတို့ လေဟာနယ်က ကြီးကြီးမားမားဖြစ်သွားတယ်ပေါ့နော်။ အဲဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း နဂိုတည်းက ရှိရင်းစွဲက ၄ ဖွဲ့လောက်ရှိတဲ့အခါကျတော့ ၁၀၂၇ နောက်ပိုင်းမှာ အုပ်ချုပ်ရေးတွေ အပြိုင်အဆိုင် ချကြတာကိုးနော။ အဲဒါကျတော့ ဒါက စိုးရိမ်စရာ လက္ခဏာတခုလို့တော့ ယေဘုယျမြင်တယ်ပေါ့။ ”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကွတ်ခိုင်မြို့နယ်မှာ စာသင်ကျောင်းပြန်ဖွင့်ရေးနဲ့ပတ်သက်ပြီး ကချင်လူထုတွေနဲ့ TNLA ကြားမှာ အချေအတင်ဖြစ်ပွားတာတွေရှိခဲ့သလို နမ့်ခမ်းမြို့နယ်မှာ SSPP/ SSA ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ TNLA အကြားလည်း တပ်နေရာချထားရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ ရှိခဲ့ပါတယ်။
ရှမ်းမြောက်ဒေသမှာ KAI ကချင်၊ SSPP/ SSA ရှမ်း၊ TNLA တအန်း(ပလောင်) နဲ့ MNDAA ကိုးကန့် စတဲ့ တပ်တွေ အဓိက အခြေပြု လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG