သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေအတွင်း အရပ်သားတချို့ သေကြေထိခိုက် 


TNLA တအန်း(ပလောင်)တပ်
TNLA တအန်း(ပလောင်)တပ်

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံတချို့ သေကြေထိခိုက်မှုတွေ ကြုံနေရပါတယ်။ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် ပြောပြပေးမှာပါ။

စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်အကြားမှာ ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ရာက ဒီလပိုင်းအတွင်းမှာတော့ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုးစတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်လာနေတာပါ။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာတော့ မနေ့ကနဲ့ဒီနေ့ ၂ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီမနက်ဖြစ်တဲ့ တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံးခဲ့သလို ၃ဦးဒဏ်ရာရခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ မနေ့က ကျနော်တို့ နမ့်ဖတ်ကာ နယ်မြေခံတပ်ခေါ်မလား။ ခလရ ၁၂၃ ဆိုတာ ရှိတယ်လေ။ အဝေးမှာ တိုက်ပွဲဖြစ်တိုင်း လက်နက်ကြီးဟူသမျှ အဲဒီကပဲ ပစ်ကူပေးတာလေ။ ပစ်ကူပေးတာဆိုတော့ မနေ့ကဆိုရင် နမ့်ဖတ်ကာရွာထဲအထိ တဖက်အဖွဲ့အစည်းတွေက ဝင်လာတာပေါ့ဗျာ။ ဝင်လုံးမယ့် အနေအထားမျိုးလား မသိဘူး။ မနေ့ကဆို နေ့ခင်းကြီးကို ဝင်လာတာ။ ဝင်တာ ၃နာရီလောက်တည်းက ဝင်တာ။ ဝင်တော့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ တွေကို ရောက်လာတော့ တပ်ကနေ လှမ်းပစ်တော့ နေအိမ် ၂လုံးထိတယ်။ ဒီနေ့ကျတော့ ၁၀နာရီလောက်မှာ တခါ ထပ်ဖြစ်ကြတော့ ၁ယောက်သေတယ်။ ၃ယောက်ဒဏ်ရာရတယ်။ ၁၅နှစ်အရွယ်ကောင်မလေးကတော့ ပွဲချင်းပြီး။ ၁၃နှစ်အရွယ်ကောင်လေး ၂ယောက်၊ ၁၉နှစ်ကောင်လေး တယောက်ပေါ့။ လက်နက်ကြီး ထိတာ။ ”

မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာတော့ စစ်ကောင်စီတပ်နဲ့ TNLA ၂၈ ရက်နေ့ မနက်ပိုင်းကနေ ၂၉ရက်နေ့ ညသန်းခေါင်အထိ တိုက်ပွဲဖြစ်ပွားခဲ့သလို လေကြောင်းက လာရောက်တိုက်ခိုက်တဲ့အထိ တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။

၂၉ရက်နေ့ ညပိုင်းမှာ TNLAက စယ်လန့်ရွာက စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့ပြီး တိုက်ပွဲအတွင်း နေအိမ်အချို့ ထိမှန်ပျက်ဆီးခဲ့သလို အရပ်သားတွေလည်း ထိခိုက်ခဲ့ကြောင်း စယ်လန့်ရွာသားတစ်ဦးက ပြောပါတယ်။

“ ညနေပိုင်းဗျ၊ လေယာဉ်ကတော့ လွိုင်တေးမိန်းကို ဗုံးလာကြဲပြီးတော့ မူဆယ်ဘက် ပြန်တက်သွားတယ်။ ပြီးတော့ ပြန်လှည့်လာပြီးတော့ နောက်တခေါက် ဗုံးကြဲပြီးတော့ ပြန်သွားတာဗျ။ မိုးချုပ်ခါနီး မှောင်ခါနီးမှာ TNLA ကနေပြီးတော့ စစ်စခန်းရှိတဲ့ဘက်ကို လာတိုက်တာ။ ည သန်းခေါင်အထိပဲ။ သူတို့ စစ်ပွဲဖြစ်တာ။ လက်နက်ကြီးကတော့ ကျမ်းစာတောင်ပေါ်ကနေလည်း ရွာဘက်ကို ပစ်ခဲ့တာ။ အများကြီးပဲ။ မနေ့က တိုက်ပွဲဖြစ်တော့ အိမ်ထိတာတော့ ၃အိမ် ထိတာပေါ့။ တအိမ်ကတော့ မီးလောင်ပြာကျသွားတယ်။ ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း ၂ကျောင်းမှာလည်း ထိတယ်။ တချို့ ဗုံးတွေ မပေါက်ကွဲသေးတာလည်း ရှိတယ်။ လူကတော့ မနေ့က ၂ယောက် ထိတယ်။ တယောက်က တင်ပဆုံမှာ ကျည်ထိတယ်။ နောက်တယောက်ကျတော့ လက်နက်ကြီး အိမ်ပေါ်ကျလို့ ခြေထောက်မှာ ဒဏ်ရာရတယ်။ ဒီနေ့တော့ တနေကုန်တိုက်ပွဲသံတော့ မကြားဘူးဗျ။ ဘယ်အချိန်ထဖြစ်မလဲ မသိဘူး။ အခြေအနေစောင့်ကြည့်နေတာ။”

စစ်ကောင်စီတပ်စခန်းဟာ စယ်လန့်ရွာမြောက်ဖက် လယ်တောအစပ်မှာရှိပြီး TNLA က စယ်လန့်ရွာအတွင်းက စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၃ကြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ ဒီကနေ့မှာတော့ စယ်လန့်ရွာက ဒေသခံအချို့နဲ့ နမ့်ကတ်၊ မိုင်းဆတ်နဲ့ မန့်ကတ်ရွာတွေကတော့ တိမ်းရှောင်သွားကြပြီဖြစ်ပါတယ်။

TNLA တအန်း(ပလောင်)တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနကတော့ ဒီလ ၂၉ရက်နေ့မှာ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲ ၃နေရာဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်သလို လက်နက်ကြီး အလုံး ၆၀ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မူဆယ်မြို့နယ်အတွင်း လွိုင်တေးမိန်းတောင်မှာ မနက်ပိုင်းတကြိမ်၊ စယ်လန့်ရွာမှာ ညနေပိုင်းတကြိမ် တိုက်ပွဲ ဖြစ်ခဲ့ကြောင်းနဲ့ နေ့ခင်းပိုင်းက ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးမှာလည်း တိုက်ပွဲတကြိမ်ဖြစ်ခဲ့ကြောင်း ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ကို တန်ပြန်တဲ့အနေနဲ့ မနက် ၉နာရီခန့်မှာ မူဆယ်မြို့တွင်းကို တကြိမ်၊ ည၈နာရီခန့်မှာ စယ်လန့်ရွာ တပ်စခန်းကို တကြိမ်၊ ညနေ ၆နာရီမှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကို တကြိမ် တန်ပြန်တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးတာကိုတော့ ဖော်ပြတာမရှိပါဘူး။ ဒီလအတွင်းမှာတော့ စစ်ကောင်စီနဲ့ TNLA အကြားမှာ တိုက်ပွဲပေါင်း ၁၈ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း TNLA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ဟာ TNLA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို ဒီလ ၂၇ရက်ကနေ ၂၉ရက်နေ့အထိလည်း ကွတ်ခိုင်မြို့နယ် နမ့်အွမ်ရွာအနီးမှာ KIA ကချင်တပ်နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG