သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်မြို့အနီး တိုက်ပွဲပြင်းထန်နေ


ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တဝိုက်ကို ဝေဟင်က မြင်ကွင်းကို Google Earth မြေပုံမှ မြင်တွေ့ရစဉ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တဝိုက်ကို ဝေဟင်က မြင်ကွင်းကို Google Earth မြေပုံမှ မြင်တွေ့ရစဉ်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က ဧရာဝတီမြစ်ကမ်းတလျှောက်မှာ ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်း တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရွှေကူကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို KIA နဲ့ PDF တပ်တွေက လမ်းခရီးတလျှောက် ကြားဖြတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောပါတယ်။ ကချင်ပြည်နယ်ဘက်က တိုက်ပွဲအခြေအနေကို ကိုငြိမ်းချမ်းက စုစည်းတင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ထောက်ပို့စစ်သင်္ဘော ၉ စင်းဟာ ဒီလ ၁၆ ရက်နေ့က ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာရာမှာ KIA နဲ့ PDF တပ်တွေက အနည်းဆုံး ၃ နေရာလောက်ကနေ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ မနေ့တုန်းကတော့ ဒီစစ်သင်္ဘောတွေကို ဗန်းမော်မြို့နယ် စင်းခန်းရွာမှာ ဆိုက်ကပ်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်မှာတော့ စင်းခန်းအထက် ကောင်းတုံအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို စာဝတီးရွာကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဟိုနေ့က ဆန်သွားတဲ့ သင်္ဘောတွေက စင်းခန်းမှာပဲ ရှိသေးတယ်။ ဗန်းမော်နယ်ထဲပေါ့ဗျာ။ အဲဒီစင်းခန်းရဲ့အထက် ကောင်းတုံပေါ့။ ကောင်းတုံနား မှာတော့ ကုန်းပေါ်မှာ မနက်က အစောကြီး တိုက်ပွဲဖြစ်တယ်လို့ သတင်းရရှိပါတယ်။ နောက်တခါ မနက်က ၄ နာရီလောက်ပေါ့။ အဲဒီ ကောင်းတုံရဲ့ အထက် စာဝတီးကို တိုက်လေယာဉ်နဲ့ ဗုံးချသွားတယ်လို့ သိရတယ်ဗျ။ ရွာထဲတော့ မကျဘူး။ ရွာရဲ့ နောက်မှာတွေနဲ့ ရှေ့က မြစ်ကမ်းဘေးမှာပေါ့။ ဒဏ်ရာရတာတွေ ဘာတွေကတော့ မကြားပါဘူးခင်ဗျ။”

ဧရာဝတီ မြစ်ကမ်းတလျှောက် ဗန်းမော်မြို့နယ်ထဲက ရွာ ၃ ရွာလောက်ကို စစ်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ ရှိသလို၊ ဗန်းမော်နဲ့ မံစီ အခြေစိုက် စစ်ကောင်စီ တပ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတဲ့အကြောင်း နောက်ထပ် ဒေသခံတဦးကလည်း ပြောပါတယ်။

“မြလယ်၊ ကောင်းတုံ၊ ဒီဘက်မှာတော့ စာဝတီး အဲဒီဘက်မှာ PDF နဲ့ KIA က စောင့်နေတာ။ အဲဒါ မနက် ၄ နာရီကနေ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာလေ။ ဟိုး ဗန်းမော်၊ မံစီတို့ ၊ ဖန်းခါးကုန်းတို့က အဲဒီဘက်က အမြောက်ကြီးတွေနဲ့ လှမ်းပစ်ပေးနေတာ။ ဒီမနက်ကြဲတာက ကောင်းတုံ၊ မြလယ် သင်္ချိုင်း နားဘက်မှာ သွား ကြဲတာတဲ့။ ရွာလယ် ဘောလုံးကွင်းမှာလည်း ကျတယ်တဲ့။ လေယာဉ်ပျံ မိုင်းကြဲတာ။”

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက မြလယ်၊ ကောင်းတုံ၊ စာဝတီး စတဲ့ ကျေးရွာတွေနဲ့ အနောက်ဘက်ကမ်းက နမ့်ခုတ်၊ ဘူးတောင်း စတဲ့ ကျေးရွာက ဒေသခံ အများစုကတော့ ဗန်းမော်နဲ့ မန်စီမြို့ပေါ်တွေကို လွန်ခဲ့တဲ့ ရက်တွေတည်းက တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာရှိသလို မြေပြင်မှာလည်း နှစ်ဘက် တိုက်ပွဲတွေ ရှိနေကြောင်း ပြောပါတယ်။

“ ဗန်းမော်အောက်ပေါ့။ စင်းခန်းတံတားဘက်မှာ ဒီမနက် ၄ နာရီကျော် ကတည်းကနေ ဂျက်ဖိုက်တာနဲ့ လာပြီးမှ သုံး၊ လေးစင်းလာပြီးမှ ဗုံးကြဲတယ်ဆိုတာ ကြားပါတယ်။ ဒါပေမဲ့ မြေပြင်ရဲ့သတင်း တိတိကျကျကိုတော့ အခုထက်ထိကတော့ ကျနော်တို့ဆီမှာ မတက်သေးဘူးခင်ဗျ။ နောက်တစ်ခု ရှိတာကတော့ မြေပြင်ကနေလည်း သူတို့တက်လာပြီးမှ ခုခံတိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်တယ်ဆိုတာ ကြားပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းတို့ အနောက်ဘက်ခြမ်းတို့ နှစ်ဘက်စလုံးမှာ ဖြစ်တဲ့သဘော ရှိပါတယ်။”

စစ်သင်္ဘောတွေကတော့ စင်းခန်းကနေ မြလယ်ရွာဘက်ကို ဆန်တက်လာနေကြောင်းနဲ့ လောလောဆယ် ဘယ်နေရာအထိ ရောက်နေပြီ ဆိုတာတော့ မသိရသေးကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေ ဒီလ ၁၆ ရက်နေ့က ရွှေကူမြို့က ဆန်တက်လာချိန် ဒုတိယမြစ်ကျဉ်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ထားပါတယ်။ ရွှေကူမြို့နယ် ဇင်းဘုံရွာ မှာလည်း စစ်သင်္ဘော လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA, PDF ပူးပေါင်းတပ်တွေအကြား ဒီလ ၁၆ ရက် ညနေပိုင်းကနေ ၁၇ ရက်နေ့ မနက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာအကြား နမ့်ခိုင်တံတားအနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်တာတွေ ရှိခဲ့သလို ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာ အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တအန်း(ပလောင်)တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗန်းမော်ဘက်က တက်လာတဲ့ စစ်သင်္ဘောတွေနဲ့ ရှမ်းမြောက် မူဆယ်ဘက်က တက်လာတဲ့ စစ်ကြောင်းတွေဟာ လက်ရှိ စစ်ရေးတင်းမာနေတဲ့ လိုင်ဇာဘက်ကို အင်အားဖြည့်တင်းဖို့နဲ ဗန်းမော်-မြစ်ကြီးနားလမ်းကို ထိန်းချုပ်ဖို့ဖြစ်နိုင်ကြောင်း KIO က သုံးသပ်ထားပါတယ်။

“ မြစ်ကြီးနား- ဗန်းမော်ကားလမ်းဘက်က စစ်ကြောင်းတွေကို ပြန်ပြီးမှ ကူညီဖို့၊ မြစ်ကြီးနား- ဗန်းမော်ကားလမ်းကို သူတို့ ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ ကြိုးစားတဲ့ စစ်ကြောင်းတွေ ဖြစ်မယ်လို့ ကျနော်တို့လည်း သုံးသပ်ပါတယ် ခင်ဗျ။”

KIA ဌာနချုပ် လိုင်ဇာဒေသဘက်မှာ ဇူလိုင်လဆန်းကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီးနောက် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG