သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ TNLA တိုက်ပွဲတွေကြား ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ


TNLA တအန်း (ပလောင်) တပ်
TNLA တအန်း (ပလောင်) တပ်

စစ်ကောင်စီတပ်နဲ့ TNLA တအန်း (ပလောင်) တပ်အကြား ပြီးခဲ့တဲ့လ ကစလို့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတာမှာ ဒီလ ၂ ရက်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်နဲ့ လားရှိုးမြို့နယ်မှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အုပ်စုအတွင်း တိုက်ပွဲဟာ တနေကုန်နီးပါး ပြင်းထန်ခဲ့ပြီး အရပ်သား ၂ ဦး လက်နက်ကြီး ထိမှန်ခဲ့သလို၊ ကျေးရွာ ၃ ရွာလောက်က ပြည်သူ ၅၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ သတင်းအပြည့်အစုံကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တအန်း (ပလောင်) တပ်အကြားမှာ ဇူလိုင်လ ဒုတိယပတ် လောက်ကစလို့ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်နဲ့ မူဆယ် မြို့နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာပါ။ မနေ့ သြဂုတ်လ ၂ ရက်နေ့က မူဆယ်မြို့နယ်နဲ့ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲ ၂ နေရာ ဖြစ်ခဲ့ကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး တာအိုက်ကျော် က ပြောပါတယ်။

“မူဆယ်မြို့နယ် စယ်လန့် အထက်နား ကတော့ မနေ့က ဖြစ်တာပေါ့။ တိုက်ပွဲက မနက် ၁၀ နာရီ ကျော်ကျော်လောက်နေ ညနေစောင်းအထိ ၅ နာရီ ဝန်းကျင်အထိ ရောက်သွားတယ်။ တနေကုန်နီးပါး လို့တော့ ပြောလို့ရတာပေါ့။ ဖြစ်လိုက်နားလိုက်။ အဲဒီမှာကတော့ ဒီ စကစဘက်က တပ်ရင်း ၃ ရင်းနဲ့ နမ့်ခမ်းဘက်က ပြည်သူ့စစ် ပူးပေါင်းပြီးမှ ကျနောတို့ ရှိတဲ့နေရာကို ထိုးစစ်ဆင် တိုက်ခိုက်လာလို့ တိုက်ပွဲဖြစ်ပွားတယ်။ မနေ့က ဒီ လားရှိုးမြို့နယ် တောင်တလောင် ရွာနားမှာလည်း တနေရာ ဖြစ်တာပေါ့။ အဲဒီမှာတော့ သိပ်ပြီး ပြင်းထန်မှုတော့ မရှိဘူး။”

TNLA တအန်း (ပလောင်) တပ်ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်
TNLA တအန်း (ပလောင်) တပ်ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်

စယ့်လန်အနီး ဖြစ်တဲ့ တိုက်ပွဲမှာ မူဆယ်မြို့ကရော၊ ၁၀၅ မိုင် တပ်စခန်းကရော လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိကြောင်း ပြောပါတယ်။ ဒီလ ၂ ရက်နေ့က မူဆယ်နဲ့ ၁၀၅ မိုင်အကြား တုန်ကန်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ရေးသားပေမဲ့ TNLA ပြန်ကြားရေး တာဝန်ခံကတော့ ဒီသတင်းမရရှိကြောင်း ပြောပါတယ်။

စယ့်လန်ရွာအနီး တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ တနေကုန်နီးပါး ပစ်ခတ်ခဲ့တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။


“မနေ့က မနက်ပိုင်းပေါ့နော်။ ၁၁ ကနေ ၃ နာရီအထိတော့ ဆက်တိုက်ပစ်နေတယ်။ ၅ မိနစ်၊ ၅ မိနစ် တကြိမ်ပေါ့။ အလုံး ၂၀၊ ၃၀ လောက် ရှိမယ်ထင်တယ်။ တောက်လျှောက် ပစ်ပြီးတော့ ၃ နာရီ နောက်ပိုင်းကျတော့ ည အထိကတော့ သူက တနာရီလောက် ခြားတယ်။ နှစ်နာရီလောက် ခြားပြီးတော့မှ ထပ်ပစ်တယ်။ ဒီမူဆယ်မြို့ပေါ်ကနေ ပစ်ပေးတာပေါ့နော်။ ပြီးတော့ ဒီ ဆုတောင်းတောင်ပေါ့နော်။ အဲဒီတောင်ပေါ်ကနေ လွိုင်တေးမိန်းကို ပစ်တာပေါ့နော်။ စစ်တပ်တွေကျတော့ လွိုင်တေးမိန်းရဲ့ တောင်ခြေရင်းတွေမှာ ရှိတယ်။”

ဒီတိုက်ပွဲ ဖြစ်ပွားချိန်မှာ လက်နက်ကြီးကျည် ထိတာကြောင့် အရပ်သား ၂ ယောက် ထိခိုက်ခဲ့ကြောင်းလည်း မူဆယ်ဒေသခံက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာ ကတော့ မနေ့ ၅ နာရီ လောက်ပေါ့နော်။ ရွာထဲမှာ ဗုံး ၂ လုံးကျတယ်။ စယ်လန့်ရွာ ဈေးအထက်ပိုင်းပေါ့နော်။ ကလေးတယောက် ထိတယ်။ အသက်ကြီး တယောက်ထိတယ်ဗျ။ နှစ်ယောက်ထိတယ်။ နောက်တလုံးကျတော့ အိမ်ရဲ့ နောက်ဖေးမှာပဲ ကျတာ။ အဲဒါတော့ ထိခိုက်မှုက မရှိဘူး။ မိုင်းထိထားတဲ့ သားအမိကျတော့ နမ့်ခမ်းကို သွားကြတယ်ဗျ။ အရမ်းတော့ ထိတာမဟုတ်ဘူး။ လက်ရယ်၊ ခြေသလုံးရယ်ပဲ မိုင်းစနည်းနည်း ထိထားတယ်။”

ခုလို အခြေအနေတွေကြောင့် စယ်လန့်ရွာအနီးက ရွာ ၃ ရွာလောက်က ပြည်သူ ၅၀၀ ကျော်ဟာ နမ့်ခမ်းနဲ့ မူဆယ် ဘက်တွေကို တိမ်းရှောင် နေရတယ်လို့ နောက်ထပ် ဒေသခံတဦး ကလည်း ပြောပါတယ်။

“တချို့ကျတော့ နမ့်ခမ်းဘက်ကို ရှောင်တယ်။ တချို့ကျတော့ မူဆယ်ဘက်ကို ရှောင်တယ်။ စယ်လန့်နား တဝိုက်က ရွာတွေပဲ။ နမ့်ကတ်ရယ်၊ မန်ကန်ရယ်၊ မိုင်းဆတ်ရယ်၊ ၃ ရွာပေါ့။ ၃ ရွာပေါင်းဆို လူဦးရေ က ၅၀၀- ၆၀၀လောက်ရှိမယ်။ တချို့ကျ မူဆယ်က သူတို့ အမျိုးတွေ အိမ်မှာ လိုက်နေတယ်။ တချို့ကျတော့ စစ်ရှောင်စခန်းမှာ နေတယ်။ ဘုန်းကြီးကျောင်းမှာပဲ စခန်းဖွင့်ထားတာ။”

စယ့်လန်ရွာ အနီးမှာ ဇူလိုင်လ ၂၃ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၉ ရက်နေ့နဲ့ သြဂုတ် ၂ ရက်နေ့တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ အချို့ဒေသခံတွေဟာ ဇူလိုင်လ ၂၃ ရက် တိုက်ပွဲဖြစ်ပွားချိန်က စပြီး တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စယ်လန့်ရွာ ဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ မူဆယ်နဲ့ နမ့်ဖတ်ကာ ကြားမှာရှိတဲ့ နမ့်အွန် ကျေးရွာဘက်မှာတော့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြည်သူတွေကို ဈေးနေ့မှာ ဈေးမဖွင့်ခိုင်းတာရှိသလို TNLA က လယ်ထဲ မသွားခိုင်းတာတွေ ရှိနေပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့ နဲ့ ၂၇ ရက်နေ့ကတော့ မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာနဲ့ လားရှိုးမြို့နယ် အီနိုင်းရွာဘက်မှာ စစ်ကောင်စီက TNLA တပ်ကို လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီနဲ့ TNLA အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲ အများဆုံး ဖြစ်ခဲ့သလို အပြင်းထန်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG