သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာ အရပ်သားထိခိုက်မှုတွေရှိ


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ ကွတ်ခိုင်ဆေးရုံပေါ်က လူနာတဉီး
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ ကွတ်ခိုင်ဆေးရုံပေါ်က လူနာတဉီး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ကွတ်ခိုင်မြို့မှာတော့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သားထိခိုက် သေဆုံးတာတွေ ရှိသလို နမ့်ဖတ်ကာမှာလည်း အလားတူဖြစ်နေပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်းမှာ တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်တာတွေ ရှိနေပါတယ်။ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာက တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာမြို့မှာတော့ ကချင်တပ် KIA နဲ့ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာပါ။ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA ကို အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့။ ဒီနေ့က တိုက်ပွဲသတင်းတက်လာတာက ဒီ ကွတ်ခိုင်မှာ တိုက်ပွဲသတင်းရှိမယ်ပေါ့။ ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်တယ်။ ပြီးရင် ဒီ နောင်ချိုဘက်မှာလည်း တိုက်ပွဲဖြစ်တာမျိုး ရှိတယ်။ တိုက်ပွဲသတင်းကြားသိ ရပြီးတော့မှ တိုက်ပွဲသတင်း အသေးစိတ်ကိုတော့ကိုတော့ ကျမတို့ဆီ မရောက်သေးဘူး။”

TNLA က ကွတ်ခိုင်ကို ဝင်ရောက်တိုက်ခိုက်နေကြောင်း၊ နမ့်ဖတ်ကာကိုတော့ TNLA က တိုက်ခိုက်တာ မဟုတ်ကြောင်း ပြောပါတယ်။
ကွတ်ခိုင်ဒေသခံတယောက်ကတော့ စေတီကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေကြောင်းနဲ့ ကွတ်ခိုင်တိုက်ပွဲဟာ ၄ရက်ရှိပြီဖြစ်ကြောင်း ပြောပါတယ်။

“ လောလောဆည် ကွတ်ခိုင်ကတော့ ချနေတုံးရှိသေးတာ။ ဒီမြို့ အပြင်က စေတီကုန်းကို အရင်တိုက်နေတာ။ တိုက်နေတာ ဘယ်နှစ်ရက်လောက်ရှိပြီလဲဆိုရင် ၃ရက်။ ၄ရက်လောက်တော့ရှိပြီ။”

စေတီကုန်း တိုက်ခိုက်ချိန်တိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းက လာရောက် တိုက်ခိုက်တာရှိပြီး ဒီမနက်မှာ လေကြောင်းက ချတဲ့ဗုံးဟာ မြို့လယ်မှာ ကျခဲ့တာကြောင့် လူ ၅ယောက်ခန့် ထိခိုက်ခဲ့ကြောင်း နဲ့ အရင်ရက်က လက်နက်ကြီးကျည်ထိမှန်တာကြောင့် ရပ်ကွက် ၄မှာ လူတဦးသေဆုံးကြောင်း ပြောပါတယ်။ ဒေသခံတချို့ကတော့ မြို့ပေါ်ရပ်ကွက် အတော်များများမှာ တိုက်ပွဲဖြစ်ပွားနေသလို အရပ်သားအချို့ ထိခိုက်၊ သေဆုံးပြီး နေအိမ် အများအပြားလည်း ပျက်ဆီးရကြောင်း ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်က နမ့်ဖတ်ကာရွာမှာလည်း တိုက်ပွဲဖြစ်ပွားတာ ၅ရက်ခန့်ရှိနေပြီး ဒီကနေ့ မှာလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ရှိနေပါတယ်။

အခြားဒေသကို ရှောင်တိမ်းနေသူ နမ့်ဖတ်ကာဒေသခံက တိုက်ပွဲဖြစ်ပွားတဲ့ ၂၉ရက်နေ့ကနေ စတင်ပြီး ဖုန်းလိုင်းတွေ အဆက်အသွယ် ပြတ်သွားကြောင်း၊ နမ့်ဖတ်ကာမှာ ကျန်ရှိနေသူတွေထံက တခါတရံမှာ ဖုန်း Message ရရှိကြောင်းနဲ့ လက်ရှိ ကြားသိရတဲ့ နမ့်ဖတ်ကာ အခြေအနေကို အခုလို ပြောပါတယ်။

“နမ့်ဖတ်ကာက ခေါ်မရဘူး။ ကျနော်တို့ စဖြစ်တဲ့နေ့၊ ၂၉ရက်နေ့ မနက် ၉နာရီလောက်ပဲ ပြောလိုက်လို့ ရတယ်။ အဲဒီရဲ့နောက်ပိုင်းကို ဆက်သွယ်လို့ မရတော့ဘူး။ အခုဟာက အဲဒီမှာ ရှိတဲ့ ကျနော်တို့ဆီက ကောင်လေးတယောက်နဲ့ Message နဲ့တော့ တခါတလေ ပြောလို့ ရတယ်။ အမြဲတမ်းတော့ ပြောလို့ မရဘူး။ သူကလည်း အိမ်ထဲက အိမ်ပြင်ထွက်မရတော့ အတိအကျတော့ မပြောနိုင်ဘူးပေါ့။ ဒါပေမဲ့ အိမ်တွေအတော်ပျက်စီးကုန်တယ်။ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ ၊ ဈေးတို့ မီးလောင်၊ အိမ်တွေလည်း တချို့အိမ်တွေ မီးလောင်ပျက်ဆီး အဲဒါတွေတော့ ကြားရတယ်။ လူအထိအခိုက်တွေလည်း အတော်ကြားရတယ်။ ဟိုတနေ့ကဆို တအိမ်တည်း၊ ရပ်ကွက် ၄ဘက်က အိမ်တအိမ်ကျတာ ၆ယောက်လုံး သေသွားပြီလို့တော့ ကြားတယ်။ အခုလည်း တော်တော်များများ ထိတယ် ကြားတယ်။ ဒါပေမဲ့ အပြင်ထွက်မရတော့ အသေးစိတ်မသိဘူးဖြစ်နေတာ။ အဲဒီကလေးလည်း မေးလို့ မရဘူး။သူက ကြားသလောက်ပဲ ပြန်ပြန်ပြောနေတာ။ အဓိကက အပေါ်ကလည်း လက်နက်ကြီးနဲ့ တဝုန်းဝုန်းထု၊ ရွာထဲမှာလည်း KIA က အပြည့်ဖြစ်နေတော့ တော်တော်များများ အိမ်ထဲမှာ ဝင်ခိုကြတော့ အဲဒီ KIA ရှိတယ်ထင်တဲ့နေရာ လေယာဉ်နဲ့ ကြဲ ၊ အဲလိုအိမ်တွေ အဓိက ထိနေတာ။”

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နမ့်ဖတ်ကာမှာ တိုက်ပွဲဖြစ်နေတာ အနည်းဆုံး ၃ရက်ခန့်ရှိနေပြီး ဖုန်းဆက်သွယ်လို့ မရတာကြောင့် အခြေအနေ အသေးစိတ် မသိရကြောင်း ပြောပါတယ်။

“ ရှမ်းမြောက်ဘက်ကတော့ ကျနော်တို့ ဖုန်းလိုင်းတွေ ဆက်သွယ်မရဘူးဖြစ်နေတာ။ ဗမာဘက်က ဖုန်းတွေလည်း အကုန်လုံး လွှတ်လိုက်တာ။ တရုတ်ဖုန်းတွေလည်း အဲဒီဘက်မှာ အခက်အခဲတွေ အများကြီး ရှိတယ်။ ဟို နမ့်ဖတ်ကာဘက်မှာကတော့ တိုက်ပွဲကတော့ ရှိဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အခြေအနေအသေးစိတ်တော့ ဘာမှ မသိဘူးဖြစ်နေတာ။ ဆက်တော့ ဆက်ဖြစ်လောက်ပါတယ်။ ဟိုမှာက ဖြစ်တာကတော့ အခု ၃ရက်လောက်တော့ ရှိပါပြီ။ ကျနော်တို့ အဖွဲ့တွေကို ဆက်သွယ်ကြည့်ရင်လည်း ဘာမှ ဖုန်းလိုင်း မရှိဘူးလို့ဘဲ ပြောတယ်။”

ကချင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲသတင်းတက်လာတာ မရှိကြောင်း ဆက်ပြောပါတယ်။ ကိုးကန့်ဒေသ လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီဇင်ဘာလ ၃၁ရက်နေ့က လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သားတယောက် သေဆုံးခဲ့ကြောင်းနဲ့ သိန္နီမြို့နယ်ဘက်မှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၃ဦး ထိခိုက်ခဲ့ကြောင်း ကိုးကန့်တပ် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG