သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ္မတူမြို့ကို သိမ်းပိုက်လိုက်ကြောင်း TNLA အတည်ပြု 


နမ္မတူအခြေစိုက် ခမရ ၃၂၄ ကို သိမ်းယူလိုက်ကြောင်း TNLA ထုတ်ပြန် (ဒီဇင်ဘာ ၂၈၊ ၂၀၂၃)
နမ္မတူအခြေစိုက် ခမရ ၃၂၄ ကို သိမ်းယူလိုက်ကြောင်း TNLA ထုတ်ပြန် (ဒီဇင်ဘာ ၂၈၊ ၂၀၂၃)

ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူမြို့ကို တအာင်းတပ် TNLA က ဒီကနေ့ သိမ်းယူလိုက်ပြီလို့ TNLA ပြောရေးဆိုခွင့် ရှိသူက ဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ အတည်ပြုပါတယ်။ မနက် ၁ နာရီကျော်မှာ နမ္မတူအခြေစိုက် ခမရ ၃၂၄ကို သိမ်းယူပြီး တမြို့လုံးကို ထိန်းချုပ်လိုက်နိုင်ကြောင်း ပြောပါတယ်။ ကိုးကန့်ဒေသ လောက်ကိုင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့ ရဲ့ ၇၀ရာခိုင်နှုန်း လောက်ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရှမ်းမြောက်ဒေသ လက်ရှိ တိုက်ပွဲအခြေအနေ သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးမှာပါ။

ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ငွေနဲ့ ခဲ အများဆုံးထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး သတ္တုမိုင်း တည်ရှိရာဒေသ အဖြစ် ထင်ရှားခဲ့တဲ့ နမ္မတူမြို့ ကို ဒီကနေ့ TNLA က သိမ်းယူလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ TNLA တပ်ဖွဲ့တွေဟာ ဒီလ ၂၅ ရက်နေ့က စတင်ပြီး နမ္မတူမြို့ရှိ ခမရ ၃၂၄ ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်က လေကြောင်း အကူနဲ့ အပြင်းအထန် ခုခံ ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ၃ ရက်လောက် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးခဲ့တဲ့နောက် မနေ့ညပိုင်းမှာ TNLA က သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ဟုတ် အဲဒါ ညပိုင်းလောက်ကမှ ဖြစ်သွားတာဗျ။ ညပိုင်းလောက်ကမှ သိမ်းပိုက်နိုင်သွားတာ။ တအာင်း ပလောင်အဖွဲ့က ဒီ နမ္မတူ စစ်တပ်ကို ၃၂၄ ခမရ စစ်တပ်ကို သိမ်းနိုင်သွားတာဗျ။ ညပိုင်းလောက်ကပဲဗျ။ နမ္မတူမြို့ထဲမှာတော့ ဒီတိုင်း တည်ငြိမ်စွာတော့ ရှိတယ်ဗျ။ သေနတ်ပစ်သံ ခတ်သံတော့ မရှိတော့ဘူးဗျ။ ဆိုင်တွေတော့ တဆိုင်မှ မဖွင့်သေးဘူးဗျ။ လူတွေလည်း သိပ်မရှိသေးဘူးဗျ။ အဲလိုမျိုးအခြေအနေပဲ ရှိသေးတာဗျ။ သတလ ရပ်ကွက်တွေကတော့ တော်တော်ဆိုး တယ်ဗျ။ လေယာဉ်ကြဲတဲ့ ဒဏ်တွေရော၊ လက်နက်ကျတဲ့ ဒဏ်တွေရောကြောင့် ထိခိုက်ပျက်စီး တာတွေတော့ များတယ်ဗျ”

တိုက်ပွဲပြင်းထန်ခဲ့တဲ့ သတလ ရပ်ကွက်ဟာ မြို့လယ်မှာ ဖြတ်သန်းစီးဆင်းနေတဲ့ နမ္မတူမြစ်ရဲ့ တောင်ဘက်ခြမ်း ခမရ ၃၂၄ တပ်စွဲထားတဲ့ ဘက်မှာရှိတာပါ။ ဒီ သတလ ရပ်ကွက်မှာ အုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့ ဆေးရုံ စတဲ့ ဌာနဆိုင်ရာ ရုံးတွေ အများစု တည်ရှိပြီး၊ မြောက်ဘက်ခြမ်း ပန်ဟိုက်ရပ်ကွက် ဘက်ကတော့ ဈေးနဲ့ စီးပွားရေးလုပ်ငန်း အများစု တည်ရှိတာဖြစ်ပါတယ်။

သတလ ရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတဦးကတော့ မြို့ သိမ်းလိုက်ပြီဆိုတဲ့ သတင်း ကြားသိရပေမဲ့ ပစ်ခတ်သံတွေ ကြားနေရဆဲ ဖြစ်တာကြောင့် ဗုံးခိုကျင်းထဲမှာပဲ နေနေရသလို အပြင်လည်း မထွက်ရဲကြောင်း ပြောပါတယ်။ PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ နမ္မတူမြို့ကို ၄ ရက်ကြာ ထိုးစစ်ဆင်ပြီး ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း အခုလို အတည်ပြုပါတယ်။

“ နမ္မတူမြို့သိမ်း တိုက်ပွဲကိုတော့ ဒီမနက် ၁ နာရီခွဲမှာ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်။ နမ္မတူ စခန်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ကနေ ဒီ ၂၈ ရက်နေ့ ၄ရက်ကြာတာပေါ့။ အခုဆိုရင် နမ္မတူမြို့ကို တမြို့လုံး ထိန်းချုပ်ထား တာပေါ့လေ။”

ဒီနေ့ အခြားဒေသက တိုက်ပွဲသတင်းတွေ မရသေးကြောင်းလည်း ပြောပါတယ်။ TNLA သတင်းစာမျက်နှာ မှာတော့ ခမရ ၃၂၄ ဗျူဟာကုန်း အပါအဝင် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ရုံးတွေ အားလုံး သိမ်းပိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

နမ္မတူတိုက်ပွဲမှာ ဒီလ ၂၅ ရက်နေ့က လေကြောင်း က ၇ ကြိမ်၊ ၂၆ ရက်နေ့မှာ ၄ ကြိမ်၊ ၂၇ ရက်နေ့မှာ အကြိမ်၂၀ တိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ နမ္မတူမြို့ဟာ ဒီဇင်ဘာလ အတွင်း TNLA က သိမ်းယူလိုက်တဲ့ ပဉ္စမမြောက်မြို့ ဖြစ်ပါတယ်။ ဒီလ ၅ ရက်နေ့က ကျောက်မဲမြို့နယ် မိုင်းလုံမြို့၊ ၁၅ ရက်နေ့က နမ့်ဆန်မြို့၊ ၁၈ ရက်နေ့က နမ့်ခမ်း စခန်းသစ်တပ်စခန်းနဲ့ ၂၂ ရက်နေ့က မန်တုံမြို့တွေကို သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။

ဒီလ ၂၆ ရက်နေ့ ကတော့ နမ္မတူမြို့က ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ လားရှိုး၊ သီပေါ၊ ကျောက်မဲနဲ့ မန်စံ ဘက်တွေကို တိမ်းရှောင်နေကြောင်း ဒေသခံ ကူညီသူတွေက ပြောဆိုထားပါတယ်။

ဒေသတွင်းအခြေစိုက် ရွှေဖီမြေ သတင်းဌာနကတော့ ကိုးကန့်ဒေသ လောက်ကိုင်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန် နေပြီး ကိုးကန့်တပ် MNDAA က ပြည်သူ့စစ်စခန်းတွေ အားလုံးကို သိမ်းယူပြီး လောက်ကိုင်မြို့ရဲ့ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ် လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ MNDAA ကတော့ တိုက်ပွဲသတင်းတွေ ထုတ်ပြန်တာ မရှိပေမဲ့ ဒီလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်လို့ အရပ်သား ၂ ဦး သေဆုံးကြောင်းနဲ့ ၂၅ ရက်နေ့က ၈ ယောက်သေဆုံးကြောင်း သတင်းထုတ်ပြန် ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၂ လတာ ကာလမှာ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်လို့ အရပ်သား ၆၅ ဦး သေဆုံးရသလို ၆၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက် မရသလို စစ်ကောင်စီဘက်ကလည်း ကိုးကန့်တိုက်ပွဲ သတင်းတွေကို ထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG