သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ မန်တုံစခန်း TNLA တိုက်ခိုက် သိမ်းယူ 


တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ပြသ (ဒီဇင်ဘာ ၉၊ ၂၀၂၃)
တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ပြသ (ဒီဇင်ဘာ ၉၊ ၂၀၂၃)

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ညီနောင် မဟာမိတ်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်လက် ပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၂ ရက်၊ သောကြာနေ့က မန်တုံမြို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အကြောင်း TNLA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပါတယ်။

မန်တုံမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း (ခလရ ၁၃၀) ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စနေနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ နယ်မြေခံ ခလရ ၁၃၀ စခန်း လက်လွှတ်လိုက်ရတဲ့အကြောင်း စစ်တပ်အာဘော်သတင်းတွေ ဖော်ပြတဲ့ People Media ကလည်း ဖော်ပြပါတယ်။ မန်တုံစခန်း သိမ်းယူခဲ့တာနဲ့ပတ်သက်လို့ TNLA နဲ့ ညီနောင် မဟာမိတ်တွေဘက်ကတော့ တစုံတရာထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ မန်တုံမြို့အနီး တိုက်ပွဲ ပြင်းထန်တဲ့အကြောင်းနဲ့ စစ်ကောင်စီဘက်က အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ပြန်လည် တိုက်ခိုက်တာမှာ နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး လက်နက်ကြီး ထိမှန်သူ ရှိကြောင်းကိုတော့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၅၈ ရက်မြောက်နေ့ ထုတ်ပြန်ချက်မှာ ဒီဇင်ဘာလ ၂၃ နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တအာင်းတပ်မတော် TNLA ကြား နမ့်မတူမြို့မှာလည်း တိုက်ပွဲ ဖြစ်ပွားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မန်တုံမြို့အနီးမှာရှိတဲ့ နမ့်ဆန်နဲ့ နမ့်ခမ်းမြို့တွေကိုတော့ ဒီဇင်ဘာလလယ် လောက် ကတည်းက TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

TNLA တအာင်းတပ်၊ ကိုးကန့် MNDAA နဲ့ ရခိုင့်တပ်တော် AA တို့ ပါဝင်တဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် တို့မှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG