သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်တုံကို စစ်ကောင်စီလေကြောင်းက အကြိမ်ကြိမ်တိုက်ခိုက် 


စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ထဲက ပျက်စီးသွားတဲ့ အဆောက်အဦများ (ဓါတ်ပုံ - ရွှေဖီမြေသတင်းဌာန)
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ထဲက ပျက်စီးသွားတဲ့ အဆောက်အဦများ (ဓါတ်ပုံ - ရွှေဖီမြေသတင်းဌာန)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး ဒီနေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ၃ ကြိမ်တိုက်ခိုက်ခဲ့သလို ကြာသပတေးနေ့က အကြိမ် ၇၀ နီးပါး တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်အတွင်း လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဒီဇင်ဘာလ ၂၂ ရက်အထိ အရပ်သား သေဆုံးသူ ၂၈ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါး ရှိကြောင်း လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့ TWO က ပြောပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆို ၅၇ ရက်အထိ ကြာမြင့်လာနေပြီ ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာတော့ တိုက်ပွဲတွေဟာ ဆက်လက် ပြင်းထန်နေတာပါ။

တအာင်းတပ် TNLA ဟာ ဒီရက်ပိုင်းအတွင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နမ့်ဆန်နဲ့ တရုပ်နယ်စပ်က နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲ့စခန်းသစ်ကုန်းကို သိမ်းယူခဲ့သလို ကွတ်ခိုင်၊ နမ္မတူနဲ့ မန်တုံမြို့တွေမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက VOA ကို အခုလို ပြောပါတယ်။

“တိုက်ပွဲသတင်းတက်တာက မန်တုံတခုပဲ တက်ရသေးတယ်ပေါ့နော်။ တခြားနေရာ ဒေသတော့ မတက်လာသေးဘူး။ မနက်က မန်တုံမှာဆိုရင် စကစဘက်က ရဟတ်ယာဉ်သုံးပြီးတော့ လာပစ်တာမျိုးရှိတယ်။ မနက်ဆို ၃ ကြိမ်ရှိမယ်။ မနေ့ကလည်း တိုက်ပွဲ တော်တော် ပြင်းထန်တယ်။ လေကြောင်း ပစ်ကူတာမျိုး ရှိသလို ပြီးရင် လက်နက်ကြီးလည်း အကြိမ် ၂၀လောက် ပစ်ခတ်တာ မျိုးရှိတယ်။ မနေ့ကဆို မန်တုံမှာ လေကြောင်း ၄၉ကြိမ်ရှိမယ်။ ”

ဖုန်းလိုင်းအခက်အခဲကြောင့် အသံပြတ်တောက်တာတွေ ရှိနေပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်မှာတော့ မန်တုံမြို့နယ်မှာ လေကြောင်းက ဂျက်ဖိုက်တာနဲ့ ၁၈ ကြိမ်၊ Y12 လေယာဉ်နဲ့ ၄၉ကြိမ် ၊ ဗုံးအလုံးရေ ၂၇၇ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း နဲ့ ကျောက်မဲ၊ မိုးကုတ်နဲ့ လားရှိုး မြို့နယ်တွေ ဘက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၉၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီလိုတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိဆို အရပ်သား သေဆုံးမှုဟာ ၃၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရ သူဟာ ၆၀ နီးပါးရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့TWO က တာဝန်ရှိသူ တဦးက ပြောပါတယ်။

“လောလောဆည် ဒီဇင်ဘာ ၁ရက်နေ့ကနေ ဒီနေ့ ၂၂ရက်အထိ ဒီဇင်ဘာလအတွင်းမှာ ၂၈ယောက်ရှိမယ်။ ဒါကသေဆုံးတဲ့စာရင်းပေါ့။ ပြီးရင်ဒဏ်ရာ ရတာက ၅၇ပေါ့နော်။ ဒီဇင်ဘာလအတွင်းမှာ အများဆုံးကတော့ ဒီ ကွတ်ခိုင်ပေါ့နော်။ ဒုတိယကတော့ နမ့်ဆန်နဲ့ နမ့်ခမ်းဖြစ်တယ်ပေါ့။ ကျန်တဲ့ဟာတော့ ကျောက်မဲနဲ့ လားရှိုးတို့ပေါ့။”

ညီနောင်မဟာမိတ်တွေရဲ့ စစ်ဆင်ရေးစတင်ခဲ့ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာလကုန်အထိမှာ အရပ်သား သေဆုံးသူ ၉၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆၉ ဦး ရှိကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တာကြောင့် အများစု သေဆုံးရတာဖြစ်ပြီး ဒီလ အတွင်းမှာတော့ မြေမြှုပ်မိုင်း (Land Mine) ကြောင့် သေဆုံးသူတွေပါ ပါဝင်လာကြောင်း TWO တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ အများအားဖြင့် သူတို့ သေဆုံးရတဲ့ အကြောင်းရင်းက လေကြောင်းပစ်တဲ့ ဗုံးနဲ့ လက်နက်ကြီးကြောင့် သေဆုံးရတဲ့ဟာ အများကြီး ရှိတယ်။ အရင်ပြီးခဲ့တဲ့ နိုဝင်ဘာလတုံးက လုံး၀ လက်နက်ကြီးနဲ့ လေကြောင်းကပစ်တဲ့ ဗုံးတွေကြောင့် သေဆုံးရတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီလထဲမှာ Land Mine ဆိုရင်တော့ ၄- ၅- ဂယောက်လောက် သေဆုံးတာမျိုးတွေ ရှိလာတယ်။”

ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ မန်တုံနဲ့ နမ္မတူဘက်မှာ စစ်ရှောင်ဦးရေတွေ တိုးလာသလို စားနပ်ရိက္ခာအတွက် အခက်အခဲတွေ ရှိလာနေကြောင်းလည်း ပြောပါတယ်။ ကိုးကန့်ဒေသ လောက်ကိုင်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေကြောင်း MNDAA က ဒီလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်တာတွေ ရှိပေမဲ့ ဒီနောက်ပိုင်း ထပ်မံ ထုတ်ပြန်တာ မရှိသေးပါဘူး။

လောလောဆည်မှာတော့ စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တရုတ်နိုင်ငံမှာ ထပ်မံ ဆွေးနွေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ တရုတ်နိုင်ငံကတော့ မြောက်ပိုင်း ပဋိပက္ခတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ လက်နက်ကိုင်အဖွဲ့အားလုံးကို ဗုဒ္ဓဟူးနေ့က ထပ်မံ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG