သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ပဋိပက္ခ ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖို့ တရုတ်ထပ်မံတိုက်တွန်း


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin

ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ယာယီ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တယ်လို့ ကြေညာထားပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ပဋိပက္ခတွေမှာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ လက်နက်ကိုင်အဖွဲ့အားလုံကိုတောင်းဆိုကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ထပ်မံ ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ လောက်ကိုင်နယ်စပ်ဂိတ်ကို MNDAA ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကသိမ်းလိုက်ကြောင်း သတင်းတွေ မကြာခင်ကထွက်ခဲ့အပြီးမှာ တရုတ်နိုင်ငံခြားရေးရဲ့ပြောကြားချက် ထွက်လာတာပါ။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ စစ်ကောင်စီနဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ကူမင်းမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပြီး ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဘေဂျင်းမြို့က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ထပ်မံ ပြောပါတယ်။ ဒါပေမယ့် သဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ သက်ဆိုင်ရာ အစုအဖွဲ့တွေအနေနဲ့ "သဘောတူညီချက်အတိုင်း ဖြစ်မြောက်ဖို့ စိတ်အားထက်ထက်သန်သန်နဲ့ အကောင်အထည်ဖော်ပြီး အမြင့်ဆုံးအဆင့်နဲ့ ထိန်းထိန်းသိမ်းသိမ်း လိုက်နာကျင့်သုံးရင်း လက်တွေ့ မြေပြင်မှာ တင်းမာမှုတွေ လျှော့ချရေး အစပျိုးလုပ်ဆောင်ဖို့" တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Wang က တောင်းဆိုခဲ့ပါတယ်။

တဘက်မှာလည်း တရုတ်နယ်စပ် ကိုးကန့် ဒေသအပါအဝင် ရှမ်းပြည်မြောက်ပိုင်းတခွင်မှာ တိုက်ပွဲတွေက ဆက်ဖြစ်‌နေပါတယ်။ MNDAA ကိုးကန့်တပ်မတော်က အခု နောက်ဆုံးသိမ်းထားတယ် ဆိုတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်လောက်ကိုင်မြို့နယ်ထဲက နယ်စပ်ဂိတ်ဟာ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆေးရေးအတွင်း ပဉ္စမမြောက် သိမ်းယူခဲ့တဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်ဖြစ်လာပါတယ်။

လောက်ကိုင်မြို့ခံတဦးရဲ့ အေပီသတင်းဌာနကို ပြောကြားချက်အရ ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဂိတ်စောင့်ပြည်သူ့စစ်အဖွဲ့ဝင်တွေ လက်နက်ချခဲ့လို့ MNDAA က ထိန်းချုပ်ထားတယ် ဆိုပါတယ်။ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့ခံတဦးကလည်း တနင်္လာနေ့တုန်းက ကုန်သွယ်ဂိတ်နားမှာ MNDAA တပ်ဖွဲ့ဝင်တွေကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်အခြေစိုက် ဒေသအွန်လိုင်းမီဒီယာတခုဖြစ် ရွှေဖီမြေသတင်းဌာနရဲ့ ရေးသားချက်မှာလည်း မြို့ခံတဦးကို ကိုးကားပြီး နယ်စပ်ဂိတ်ဝမှာ MNDAA အလံလွှင့်တင်ထားတာကို တွေ့ရကြောင်း ဖော်ပြပါတယ်။

လောက်ကိုင်မြို့မှာ စစ်ကောင်စီ စစ်တပ်သြဇာခံ ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ထိန်းချုပ်ထားတဲ့ အွန်လိုင်း လိမ်လည်လှည့်ဖြားမှုလုပ်ငန်းတွေအပါအဝင် ရာဇ၀တ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်ဆိုပြီး လူသိများပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေထဲမှာ ဒီလုပ်ငန်းတွေကို တရုတ်အစိုးရက စစ်ဆင်ရေးတွေလုပ် ဖြိုခွဲခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

တဖက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအပြင် ဆိုင်ဘာရာဇဝတ်မှုလုပ်ငန်းတွေ နှိမ်နင်းရေး ရည်မှန်းချက်ပါတဲ့ MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးတွေ အတွင်းမှာ လောက်ကိုင်မြို့နယ်ထဲက နယ်စပ်ဂိတ် အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ တခြား နယ်စပ်ဖြတ်ကျော်ဂိတ် ၄ ခုနဲ့ စစ်ကောင်စီ စစ်စခန်း ၂၀၀ ကျော်ကို သိမ်းထားပါတယ်။

ဒီလို နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ပြီး နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက စတင် တောင်းဆိုလာခဲ့တာပါ။ စစ်ကောင်စီနဲ့ တိုင်းရင်းသားမဟာမိတ်တပ်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ ကြားဝင်စေ့စပ်ခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက အနည်းဆုံး မြို့နယ်ငါးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က မြို့နယ် ၂ ခုကို သိမ်းယူထားတယ်လို့ ပြောပါတယ်။ MNDAA ကျောထောက်နောက်ခံပြု အွန်လိုင်းမီဒီယာ တခုဖြစ်တဲ့ The Kokang မီဒီယာရဲ့ ဖော်ပြချက်မှာတော့ MNDAA တပ်စခန်းတွေကို တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက်မှာ ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ကြောင်း အင်္ဂါနေ့မှာ ဖော်ပြပါတယ်။ လောက်ကိုင်မြို့ခံတွေကလည်း အင်္ဂါနေ့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်း အေပီသတင်းဌာနကိုပြောပြီး စစ်ကောင်စီဘက်က မြို့ထဲက တချို့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG