သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီအပစ်ရပ်ရေးသဘောတူထားတဲ့ ရှမ်းမြောက်မှာ ပစ်ခတ်မှုတွေ ဆက်ရှိနေ


မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြိုက ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြိုက ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ မြန်မာစစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပေမယ့် ဒီဒေသမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေဆဲပါ။

နမ့်ဆန်မြို့နယ်အတွင်း မနေ့ ဒီဇင်ဘာ ၁၄ ရက်နဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားတဦးသေဆုံးပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ပျက်ဆီးခဲ့ကြောင်း တ‌အာင်းတပ်မတော် TNLA က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ညီနောင်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့နဲ့ စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးနိုင်အောင် သူတို့အနေနဲ့ ကြားဝင် ဆောင်ရွက်ပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရက မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြောဆိုထားသလို အဲဒီလို တွေ့ဆုံခဲ့တယ်ဆိုတာကို စစ်ကောင်စီကလည်း အစောပိုင်းမှာ ပြောဆိုထားပြီး ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြိုက ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြိုက ပျက်စီးသွားသည့်အဆောက်အဦများ (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ စခန်းတွေ တော်တော်များများ စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးရချိန်မှာ တရုတ်နိုင်ငံက ကြားဝင်ပြီး တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲအသေးစိတ်ကို မထုတ်ပြန်ပေမဲ့ ယာယီအပစ်အခတ်ရပ်စဲဖို့ အပါအဝင် ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့တဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က သဘောထားမှတ်ချက် ချက်ခြင်းဆိုသလို ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဒီလကုန်မှာ ဆက်လက်ဆွေးနွေးမယ့်အကြောင်း စစ်ကောင်စီဘက်က စောစောပိုင်းက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့က သူတို့ ကတိပြုထားတဲ့ စစ်အာဏာသိမ်းမှု အဆုံးသတ်ရေးကို ဆက်လက် လုပ်ဆောင်နေကြောင်း တယ်လီဂရမ် လူမှုကွန်ယက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG