သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့နယ်တွင်းတိုက်ပွဲ နှစ်ပတ်အတွင်းအရပ်သား ၂၀ ကျော်သေဆုံး


လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး (photo: KHRG)
လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး (photo: KHRG)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU KNLA /PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာ သီတင်းနှစ်ပတ်လောက် ကြာနေပြီး နှစ်ဖက် ပစ်ခတ်မှုတွေအပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၂၀ ကျော်နေပြီလို့ ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေ ကယ်ဆယ်ကူညီတဲ့ အဖွဲ့တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ကစပြီး ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA/ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်းအရပ်သားတွေ နေထိုင်နေတဲ့ ကျေးရွာတွေပါမကျန် လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပွါးတဲ့နေရာတွေကလည်း မြို့ပေါ် လူနေရပ်ကွက်တွေ ကျေးရွာတွေ နားမှာဖြစ်တဲ့အတွက် နှစ်ဖက်ပစ်ခတ်မှုတွေ ကြား ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတာပါ။ အခု သီတင်းနှစ်ပတ်အတွင်းမှာ ဒေသခံအရပ်သား ၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်က ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် ကတော့ သေဆုံးသူအရေအတွက်ကို အတိအကျပြောလို့ မရပေမယ့် ဆယ်ဂဏန်းလောက်ရှိတယ်လို့ ပြောပါတယ်။

“နှစ်ဘက် ပုံမှန်ထိတွေ့တိုက်ပွဲတွေကတော့ နေ့စဉ်နေ့တိုင်းဖြစ်နေတဲ့အနေအထားရှိပါတယ်။ နောက်ဆက်တွဲကတော့ ဆက်စပ်ပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကတော့ရှိနေတာပဲ။ အဲဒါကြောင့်ပဲ အရပ်သာတွေက ထိခိုက်သေဆုံးတာပါ။ ဆယ်ဂဏန်း လောက်တော့ရှိတယ် ပြောရမယ်။ လေကြောင်းက ခန့်မှန်းလို့မရဘူး။ လေကြောင်းတိုက်ခိုက်မှုက ပိုများတယ်။”

ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ကော့ကရိတ်မြို့နယ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေဆီကို စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ် ပျံသန်းတာတွေရှိသလို လက်နက်ကြီးနဲ့ ဆက်လက် ပစ်ခတ်နေတာကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်ရာ တပ်မဟာ(၆)နယ်မြေမှာတော့ ကောကရိတ်မြို့ တဝိုက် တိုက်ပွဲ ပြင်းထန်တဲ့ အတွက် စစ်ဘေးရှောင်သူ ၇သောင်း လောက်ထွက်ပြေးနေရကြောင်းနဲ့ ဒီထဲမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတဲ့ စစ်ဘေးရှောင် ၃သောင်းထက် မနည်းရှိတယ်လို့လည်း စောလေးကပေါ်က ပြောပါတယ်။

“လက်ရှိအနေအထားမှာ စစ်ဘေးရှောင်တွေ အများကြီးရှိတယ်။ လက်ရှိစားသောက်ရေးခက်ခဲနေတဲ့ စစ်ဘေးရှောင်တွေ၊ အစားအစာလိုအပ်နေတဲ့ဒုက္ခသည်က ၃ သောင်းကျော် လောက်ရှိမယ်။ အဲဒါကတော့ လက်ရှိ အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေတာပါ။”

နှစ်ပတ်အတွင်း နှစ်ဘက်တိုက်ပွဲတွေကြောင့် အရပ်သားတွေရဲ့နေအိမ်အဆောက်အဦးတွေ၊ ဈေးဆိုင်တွေလည်း ရာနဲ့ချီ ပျက်စီးခဲ့ရပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ဒေသခံတွေေဟာ ဆေးကုသခွင့်မရဘဲ သေဆုံးနေကြရတာအပြင် ဖုန်းနဲ့အင်တာနက် ဖြတ်တောက်ထားတာနဲ့ ညမထွက်အမိန့်ထုတ်ပြန်ထားတဲ့အတွက်ကြောင့်လည်း ထွက်ပြေးကြရတဲ့ မိသားစုတွေအချင်းချင်း တကွဲတပြားနဲ့ ဆက်သွယ်လို့ မရနိုင်ဘဲဖြစ်နေကြရတယ်လို့ ဒေသခံတွေကပြောပြခဲ့ပါတယ်။

ကော့ကရိတ်ဝန်းကျင်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG