သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်မြို့နယ်အတွင်း စစ်ဘေးရှောင် တသောင်းကျော်ရှိနေ


 ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ (မေ၊ ၂၀၂၃)
ကော့ကရိတ်မြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ (မေ၊ ၂၀၂၃)

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး ၄ ရက်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တသောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ မြ၀တီခရိုင် ကော့ကရိတ်မြို့နယ်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA-PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ နှစ်ဘက်တိုက်ပွဲတွေကြောင့်ကော စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ပါ စစ်ဘေးရှောင်သူအရေအတွက် တသောင်းတကျော်အထိ ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ် က အခုလို ပြောပါတယ်။

“တသောင်းတော့ကျော်နေပြီ။ အခုက ကော့ကရိတ်-အာရှလမ်းတလျှောက်နဲ့ တချို့နီးစပ်တဲ့ရွာက လူထုတွေက အကုန်ပြေးနေရတယ်။ ရှောင်နေရတယ်လို့ ပြောလို့ရတာပေါ့။”

တချိုလူထုတွေက ပြောင်းပြေးတာတွေ နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက် နေထိုင်တာတွေရှိသလို တချိုကျတော့လည်း အိမ်တွေထဲက ပစ္စည်းတွေ လုယက်ခံရတဲ့အတွက် အိမ်တွေကို မစွန့်ခွါပဲ အိမ်အောက်တွေမှာ ဗုံးခိုကျင်းတွေနဲ့ နေထိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုဆိုရင် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မူ့တွေကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရတာတွေ ပိုများလာတယ်လို့လည်း ဒေသခံက ပြောပါတယ်။

“လေကြောင်းကနေ ပိုများတယ်၊ လက်နက်ကြီးလည်းပစ်တယ်။ စကစ က တိုက်ပွဲဖြစ်ရင် လေကြောင်းနဲ့လာပစ်တော့ အသေ အပျောက်တွေလည်း ရှိတယ်။ အမှန်တကယ် သူတို့က(စကစ)က သေချာနဲ့ ပစ်မှတ်မရှိပဲ ဒီလိုပဲလျှောက်ပစ်နေတယ်။ သတင်းရတာက မသေချာပဲသွားပစ်နေတော့ အခုဆို ရွာသားသေကြေမှုက ပိုများလာတယ်။ ဆက်တိုက်ဖြစ်လာတာပေါ့နော်။ အရမ်းလည်းများလာတယ်။”

အံဖကြီး၊ ကော့နွဲ့၊ မောင်းမ၊ ရွာတန်းရှည် စတဲ့ ကျေးရွာပေါင်း ၂၄ ရွာက ဒေသခံ တသောင်း တထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေး ကတော့ ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်မူတွေက ကော့ကရိတ် သာမက နေရာတိုင်းမှာ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“ဒေသခံတွေကို ပစ်မှတ်ထားတဲ့ဟာကတော့ ကော့ကရိတ် တင်မကဘူး တခြားသောနေရာ အတော်များများကိုလည်း ဒုက္ခပေးတဲ့ ပစ်ခတ်မူတွေ လုပ်လာတယ်။ မုန်းမြို့နယ်ထဲမှာလည်း ဒီလိုပဲ၊ ဒေသခံတွေကို ပစ်မှတ်ထားတဲ့တိုက်ခိုက်မူတွေ လုပ်လာတာဖြစ်ပါတယ်”။

တိုက်ပွဲဖြစ်လို့ ဘားအံဘက်ကို ပြေးလာတဲ့ ဒေသခံတွေကို စကစ နဲ့ နယ်ခြားစောင့်တပ်တွေက တံတားကျိုးဂိတ်၊ ကိုးတိုင် စစ်ဆေးရေးဂိတ်၊ နဘူးဂိတ် တွေမှာ စစ်ဆေးပြီး ဖုန်းတွေထဲမှာ နိုင်ငံရေးနဲပတ်သက်တဲ့ သတင်းတွေကို ရှယ်ထားတာတွေ့ရင် ရိုက်နှက် စစ်ဆေးတာတွေပါ လုပ်နေတယ်လို့ ဆိုပါတယ်။ အခုချိန်အထိ ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ဒေသခံတွေကလည်း နေအိမ်တွေကနေ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG