သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်တိုက်ပွဲအရပ်သားထိခိုက်သေဆုံးမှုပိုများလာ


လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး (photo: KHRG)
လက်နက်ကြီးကျည်ကြောင့် ကော့ကရိတ် ဒေသခံတချို့ ထိခိုက်သေဆုံး (photo: KHRG)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ကစလို့ ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတာမှာ အရပ်သား ထိခိုက်သေကြေမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သိသိသာသာ တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပူးပေါင်းတပ်တွေက မြို့ကို ပိတ်ဆို့ထားသလို၊ စစ်ကောင်စီ ဘက်ကလည်း လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာတွေ ရှိနေပါတယ်။ ကော့ကရိတ်မြို့က နောက်ဆုံး အခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ PDF ပူးပေါင်း တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က မြို့ကို ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ပိုများလာတဲ့အကြောင်းလည်း အဲ့ဒီပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

“အခု လောလောဆယ်တော့ တိုက်ပွဲ ဆက်ဖြစ်နေတာပေါ့နော်။ သူတို့က လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ဗုံး လာကြဲနေတယ်။ ကျန်တဲ့ မြို့အဝင်အထွက် လေးဘက်လေးတန်ကိုတော့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ ထားတာပေါ့နော်။ သူတို့ကတော့ အထဲမှာ ပိတ်မိနေတာပေါ့။ စကစက မြို့ထဲမှာ ပိတ်မိနေတာပေါ့။ ပြည်သူတွေ ထိခိုက်တာတော့ ဟုတ်တယ်။ ကျနော်တို့လည်း စာထုတ်ထားတယ်။ တိုက်ပွဲ ပြင်းထန်မယ်လို့ အသိပေးထားပါတယ်။ သူတို့ကတော့ ဘယ်သူမှ မငဲ့ညှာဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် ပြည်သူတွေ ထိခိုက် သေဆုံးတာတွေလည်း ရှိတယ်။ အထိခိုက် သေဆုံးစာရင်း အတိအကျ မရသေးဘူး။ ကော့ကရိတ်မြို့ထဲမှာတော့ ဘယ်သူမှ မရှိသလောက် ဖြစ်သွားပြီ။ နီးစပ်ရာမြို့ ရွာတွေကို ပြောင်းရွှေ့ကုန်ကြပြီ။”

ဒီဇင်ဘာလ ၁ ရက်နေ့တုန်းကတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ချတာတွေ ရှိသလို ထွက်ပြေးတာ၊ ပြန်တိုက်တာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ကော့နွဲ့ အခြေစိုက်ထားတဲ့ စစ်တပ်စခန်းပေါ့။ ဘုရားသုံးဆူ ကြာအင်းဆိပ်ကြီး အထိ ဖောက်ထားတဲ့လမ်း ကော့ကရိတ်အထွက်ကပေါ့။ အဲဒီ ကော့နွဲ့စခန်းကို ကျနော်တို့ပူးပေါင်းတပ်ဖွဲ့က မနေ့ကပဲ သိမ်းလိုက်နိုင်တယ်။ အဲဒီအပေါ်မှာ သူတို့ဘက်က အလံဖြူထောင်ပြီး လက်နက်ချတာ လည်းရှိတယ်။ တချို့ တပ်ဖွဲ့တွေကတော့ ထွက်ပြေးကုန်တယ်။ သူတိုနှစ်ခြမ်း ကွဲသွားတယ်။ အဲဒီ အလံဖြုထောင်ပြီး နောက်မှာပဲ စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တွေ လုပ်လာတယ်။))

ကူညီ ကယ်ဆယ်ရေးသမားတွေပါ ထွက်ပြေးနေရတဲ့အတွက် လောလောဆယ် ဒဏ်ရာရသူတွေကို ကူညီနိုင်တဲ့ အခြေအနေ မရှိဘဲ ဖြစ်နေတယ်လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

“ထိခိုက်ဒဏ်ရာ ရတာတွေတော့ ရှိတယ်။ သေဆုံးတာတွေလည်း ရှိတယ်။ ဘယ်နေရာ ဘယ်နှစ်ယောက် ဆိုတာတော့ ကျနော်တို့ ပြောလို့ မရတော့ဘူး။”

ဒီဇင်ဘာလ ၂ ရက်နေ့ထိ လေကြောင်းတိုက်ခိုက်မူတွေ ဆက်ရှိနေတဲ့အတွက် မပြေးနိုင်တဲ့ ဒေသခံတွေလည်း ပိတ်မိနေပြီး ဒဏ်ရာ ရတာတောင် ဆေးကုသနိုင်တာ မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ ရွာသစ်ကုန်း၊ ကမိုင်ကုန်း၊ သပြေကုန်း အင်း စောင်း အိမ်စုက ထိခိုက်ဒဏ်ရာ ရနေသူတွေကို ဆေးရုံဆေးခန်း မပို့နိုင်တာ၊ လိုအပ်တဲ့ ဆေးဝါး အကူအညီ မရတာတွေကြောင့် သေဆုံးရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကော့ကရိတ်မြို့က အခြေအနေနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂ ရက်နေ့အထိတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို၊ ဗွီအိုအေက ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အခုချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာရှလမ်းတလျှောက်မှာ ခရီးသွားတာတွေ၊ ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်းနေပါတယ်ရှင်။

XS
SM
MD
LG