သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ 


ကော့ကရိတ်မြို့အနီးတိုက်ပွဲတွေကြောင့် အာရှလမ်းမကြီးလမ်းပိတ်ဆို့နေ (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
ကော့ကရိတ်မြို့အနီးတိုက်ပွဲတွေကြောင့် အာရှလမ်းမကြီးလမ်းပိတ်ဆို့နေ (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ နိုဝင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ကစပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မူတွေ လုပ်ခဲ့သလို မနက် ၃ နာရီကျော် အချိန်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အခုလို တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အာရှလမ်းမကြီးမှာလည်း ကားတွေ ရာနဲ့ချီ ပိတ်ဆို့နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNU /KNLA - PDF ပူးပေါင်းတပ်တွေအကြား ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်ထဲမှာ မနက် ၃ နာရီကျော် အချိန်ကစပြီး နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာရှလမ်းမကြီးမှာလည်း ကားတွေ ရာနဲ့ချီ ပိတ်ဆိုနေသလို လူတွေလည်း ဘေးလွတ်ရာ ဗုံးခိုကျင်းတွေထဲ ရှောင်ပုန်းနေရပါတယ်။ တနေ့လုံး လေကြောင်းက တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိနေပြီး အာရှလမ်းတလျောက် ကားတွေ ပိတ်ဆို့နေတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

"လေယာဉ်တွေနဲ့ပစ်နေတယ် အခြေအနေ ကမကောင်းဘူးပိတ်မိနေသူတွေကတပုံကြီးပဲ ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရဖြစ်နေတယ် ကားတွေကော ခရီးသည်တွေကောအများကြီးပဲ သင်္ကန်းညီနောင်မှာလည်းပစ်ခတ်နေတယ် ဘယ်သူမှ မသွားရဲတော့ဘူး၊ ချနေတာ အကြီးကျယ်ပဲလမ်းတွေက အကုန်ပိတ်သွားပြီ"

ဒီဇင်ဘာလ ၁ ရက်နေ့ မနက် အစောပိုင်းအအချိန်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကော့ကရိတ်မြို့ တောင်ဘက်ပိုင်းမှာရှိတဲ့ အံဖကြီးကျေးရွာက နေအိမ်တစ်လုံးပေါ် ဗုံးသီးကျခဲ့တာမှာ အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားတဦးလည်း ဦးခေါင်းမှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ဆိုပါတယ်။

ညသန်းခေါင်းယံအချိန်ကစပြီး စစ်ကောင်စီတပ်တွေက ရွာတွေဘက်ကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပြီး ညနေပိုင်းအထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဘက်က ခေါင်းဆောင်တဦးက ပြောပါတယ်။

"ဒီနေ့ကတော့ မြို့ သိမ်းတိုက်ပွဲအတွက် KNU/KNLA - PDF တွေက ကော့ကရိတ်မှာ မနက် ၃နာရီ ထဲက တိုက်ပဲွဖြစ်နေတာပေါ့၊ လေယာဉ်နဲ့ကော၊ ဟတ်စကီးနဲ့ကော အကြိမ်ကြိမ်လာပစ်တယ်။ တနေ့လုံး မနားတမ်းပစ်နေတယ်၊ အဲဒီလိုအနေအထားထိ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်။"

အာရှလမ်းတလျောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် လမ်းပိတ်ထားရပြီး ကားငယ်တချို့တော့ ထိုကောကိုး လမ်းဘက်ကနေ မောင်းနှင်ဖို့ ထွက်ခွါသွားတာတွေရှိတယ်လို့လည်း ခရီးသွားကုန်သည်တဦးက ပြောပါတယ်။
"တချို့ကားလေးတွေကတော့ ထိုကောကိုး လမ်းကနေ သွားနေကြတယ်။ အခြေအနေတွေမသိရသေးဘူး၊ သွားရမရ မသိသေးဘူး။ သင်္ဃန်းညီနောင် ပိတ်မိသူတွေက အဲဒီကနေ သွားနေတယ်။ မနက်ဖန်လောက်မှ သေချာသိရမယ်။ ဒီနေ့ကတော့ ဘာမှ သိပ်မသိရသေးဘူး"

ကော့ကရိတ်-လှိုင်ဝ တံတားဂိတ်၊ ကြာပန်းအဝိုင်း မြို့အဝင် နေရာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စက်မှုလယ်ယာရုံး၊ စည်ပင်ရုံးတွေနားမှာ မီးလောင်နေပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကော့ကရိတ်မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ အနည်းဆုံး ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာအပြင် ကင်းထောက်လေယာဉ်တွေ ပျံသန်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG